စားရေရိက္ခာဖူလုံဖို့ တိုင်းရင်းငါးပြေမများ မွေးမြူထုတ်လုပ်ကြပါစို့
မြန်မာနိုင်ငံနှင့် ငါးစားရေရိက္ခာအရင်းအမြစ်
မြန်မာနိုင်ငံ၌ ငါးစားသုံးမှုမှာ အသားစားသုံးမှု စုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းကျော်ရှိသည်။ ငါးမွေးမြူရေးသည် လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုအတွင်း လျင်မြန်စွာတိုးတက်လာခဲ့ပြီး ရေသတ္တဝါမွေးမြူရေး လုပ်ငန်းသည် ကျေးလက်ဒေသနေပြည်သူများ ဝင်ငွေတိုးတက် လာစေရေး၊ ပြည်တွင်းစားသုံးသူများ လိုအပ်ချက်နှင့် ဈေးကွက်တင်ပို့နိုင်မှု အခြေအနေများတွင် အလားအလာ ကောင်းများစွာ ရှိသည်။
ငါး၊ ယောက်သွား၊ ခရု စသော ရေနေသတ္တဝါများနှင့် ရေတွင်ပေါက်ရောက်သော ပင်လယ်ရေမှော်အပါအဝင် အပင်များ၊ စီးပွားရေးနှင့် ကုန်သွယ်ရေးတွင်တန်ဖိုးရှိသော ရေနေသတ္တဝါများကို စောင့်ရှောက်၊ ပြုစု၊ မွေးမြူထုတ်လုပ်ခြင်းကို ရေထွက်ကုန်ပစ္စည်း စိုက်ပျိုး မွေးမြူထုတ်လုပ်ခြင်းဟု အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ ရေလုပ်ငန်းသည် မြန်မာနိုင်ငံသားများ၏ စားရေရိက္ခာအတွက် အရေးပါသော ကဏ္ဍတစ်ရပ်ဖြစ်သည်။ ရေလုပ်ငန်းကဏ္ဍတွင် ငါးများအား ဖမ်းဆီးထုတ်လုပ်ခြင်းနှင့် မွေးမြူထုတ်လုပ်ခြင်းဟူ၍ ကဏ္ဍ(၂)ရပ် ပါဝင်ပေသည်။ ယခုအခါ ခေတ်မီ၍ အထိအမိကောင်းသည့် ငါးဖမ်းကိရိယာများအသုံးပြုပြီး ငါးဖမ်းဆီးခြင်းနှင့် သဘာဝ ပတ်ဝန်းကျင် ပြောင်းလဲမှုတို့ကြောင့် သဘာဝငါးသယံဇာတ လျော့နည်းကျဆင်းလာသည့်အတွက် ဖမ်းဆီးထုတ်လုပ်ရေးကဏ္ဍတွင် ငါးထုတ်လုပ်မှု မှာ လျော့နည်းကျဆင်းလာခဲ့သည်။
သဘာဝငါးသယံဇာတမှ ငါးများအား အလွန်အကျွံဖမ်းခဲ့ခြင်းကြောင့် ဖမ်းဆီးထုတ်လုပ်ရေးကဏ္ဍတွင် ငါးထုတ်လုပ်မှု လျော့နည်း ကျဆင်းလာမှုအား ဖြည့်ဆည်းပေးရန်အတွက် မွေးမြူထုတ်လုပ်ရေးကဏ္ဍတွင် ငါးများပိုမိုထုတ်လုပ်ရန် လိုအပ်လာပါသည်။ သဘာဝ ငါးသယံဇာတအား ထိခိုက်မှုမရှိဘဲ လိုအပ်သလောက် အမြောက်အမြားထုတ်လုပ်နိုင်ရန်၊ ငါးများ၏ ရှင်သန်နှုန်းနှင့် ကြီးထွားနှုန်း များကိုစမ်းသပ်သုတေသနပြုလုပ်ပြီး အချိန်တိုအတွင်း ဈေးကွက်ဝင်နိုင်သော ငါးအမျိုးအစားရရှိနိုင်ရန်နှင့် ကျေးလက်နေ ပြည်သူ များ၏ စားရေရိက္ခာဖူလုံစေပြီး တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိစေနိုင်ရန်ရည်ရွယ်၍ စမ်းသပ်သုတေသနလုပ်ငန်းများ ဆောင်ရွက် လုပ်ကိုင်ပြီး ရရှိလာသော သုတေသနရလဒ်များကို ငါးမွေးမြူသူတောင်သူများသို့ ပြန်လည်ဖြန့်ဝေပေးခြင်းဖြင့် အသေးစား ငါးမွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်လာနိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာနိုင်ခြင်းနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုး တက်လာစေနိုင်သည်။
စားရေရိက္ခာဖူလုံစေမည့် အရင်းအမြစ်
စားရေရိက္ခာဖူလုံစေရေး ဖော်ဆောင်ရာတွင် ရေချိုဒေသတွင်သာ နေထိုင်ကျက်စားလေ့ရှိပြီး ကုန်းပေါ်တွင် ရက်အတော်ကြာ နေထိုင်ရှင်သန်နိုင်သော တိုင်းရင်းငါးပြေမ အင်္ဂလိပ်အမည် Climbing perch ဟုခေါ်ဆိုပြီး သိပ္ပံအမည်အားဖြင့် Anabas testudineus မျိုးစိတ်တစ်မျိုးအား ရွေးချယ်၍ သုတေသနပြုလုပ်ခဲ့သည်။
တိုင်းရင်းငါးပြေမ၏နေထိုင်မှုဓလေ့ (Habitat)
ရေအပူချိန် ၂၂ မှ ၃၀ ဒီဂရီစင်တီဂရိတ်အတွင်း နေထိုင်နိုင်ကြပြီး မြစ်၊ ချောင်း၊ ရေကန်၊ အင်းအိုင်၊ တူးမြောင်းတို့တွင် ကျယ်ကျယ် ပြန့်ပြန့်တွေ့ရှိနိုင်သည်။ ပါးဟက်အဖုံးတွင်ပါရှိသော ဆူးများဖြင့် ကုန်းမြေပေါ်တွင်လည်း တွားသွားနိုင်သည့်ငါးမျိုးဖြစ်သည်။
ငါးပြေမမျိုးငါးများထိန်းသိမ်းခြင်း
ငါးပြေမများသည် မွေးမြူသည့်ကာလ တစ်နှစ်အတွင်း အရွယ်အစားအရှည်အားဖြင့် ၄.၅ - ၅.၅ လက်မခန့်ရှည်လျားကာ အလေးချိန် ၃၀-၄၅ ဂရမ်ခန့်တွင် စတင်အရွယ်ရောက်ရှိပြီး မျိုးပွားရာသီချိန်သည် နှစ်စဉ်မတ်လမှ သြဂုတ်လအတွင်းဖြစ်၍ မေလနှင့် ဇွန်လတို့ သည် မျိုးပွားရန်အကောင်းဆုံး ကာလဖြစ်သည်။
ငါးပြေမ အထီး၏လက္ခဏာများ
ငါးပြေမအထီး၏ ကျောရေယက်သည် အမ၏ ကျောရေယက်နှင့်နှိုင်းယှဉ်ပါက ပိုမိုရှည်လျားသည်။ ရင်ရေယက်နှင့် ဝမ်းရေယက် တို့တွင် အနီရောင်သန်း နေပြီး အမြီးရင်းတွင် ဒိုင်းမွန်းပုံစံအမည်းစက်များရှိကာ ဝမ်းဗိုက်ကို ဖြည်းညင်းစွာညှစ်ကြည့်ပါက အဖြူရောင် မျိုးရည်များ မျိုးပွားအင်္ဂါပေါက်မှထွက်ရှိလာပါမည်။
ငါးပြေမ အမ၏လက္ခဏာများ
ရင်ရေယက်နှင့် ဝမ်းရေယက်တို့တွင် အနီရောင်ဖျော့ဖျော့ဖြစ်နေပြီး အမြီးရင်းတွင် အမည်းစက်များသည် ရှည်လျား၍ တစ်ခုနှင့် တစ်ခုရောစပ်နေသည်။ အရွယ်ရောက်သည့် ငါးပြေမသည် ဝမ်းဗိုက်အနည်းငယ်ဖောင်း၍ မျိုးပွားအင်္ဂါပေါက်သည် သိသာစွာ ကြီးထွားကာ ဝမ်းဗိုက်ကို ဖြည်းညင်းစွာညှစ်ပါက ဥများစို့ထွက်လာသည်။
ငါးပြေမ မျိုးငါးစုဆောင်းခြင်း
မျိုးပွားရာသီမတိုင်မီ ၂ လ- ၃ လ ကြိုတင်၍ ၃၀-၄၅ ဂရမ်အရွယ် ငါးပြေမမျိုးငါးများကို စုဆောင်းကာ ငါးအထီးနှင့် ငါးအမ သီးသန့်ခွဲခြားပြီး မွေးမြူပြုစုထားရှိရသည်။ ငါးပြေမမွေးမြူထားသည့် ကန်ရေတွင် အောက်ဆီဂျင်ပျော်ဝင်မှု(D.O)၊ ချဉ်ဖန်နှုန်း(pH)၊ အပူချိန်၊ အမိုးနီးယားပါဝင်မှုစသည်တို့ကို ပုံမှန်တိုင်းတာ၍ မျိုးငါးများ၏ ကျန်းမာရေးကောင်းမွန်စေရန်အတွက် ရေအရည်အသွေးကို အထူးဂရုစိုက်ရန် လိုအပ်သည်။
မျိုးငါးအစာကျွေးခြင်း
မျိုးငါးများအတွက် ဖော်စပ်စာပြုလုပ်ရာတွင် ပရိုတိန်း ၃၀-၃၅ ရာခိုင်နှုန်းရရှိရန်အတွက် ဖော်စပ်စာပြုလုပ်ပြီး ငါးကိုယ်အလေးချိန်၏ ၃ ရာခိုင်နှုန်းကို တွက်ချက်ကာ မနက်တစ်ကြိမ် ညတစ်ကြိမ်ခွဲ၍ ကျွေးမွေးသည်။ မျိုးပွားအင်္ဂါများ၏ဖွံ့ဖြိုးမှုကို ပုံမှန်စစ်ဆေးရန် လိုအပ်ပြီး အပြည့်အ၀ ရင့်မှည့်လာချိန်တွင် မျိုးပွားရန်အတွက် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
မျိုးငါးများဆေးထိုးသားဖောက်ခြင်း
မျိုးငါးများ ဆေးထိုးသားဖောက်ရန်အတွက် ငါးပြေမအထီး နှစ်ကောင်လျှင် အမတစ်ကောင်နှုန်းစီ အသုံးပြုပြီး သတ်မှတ်ဟော်မုန်း ဆေးကို ငါးအထီး၊ ငါးအမ နှစ်မျိုးလုံးတွင်ထိုးသွင်းပေးသည်။ ငါးဆေးထိုးပြီးနောက် ၆ နာရီအကြာတွင် သဘာဝအတိုင်း ငါးများ မိတ်လိုက်ကြပြီး သန္ဓေအောင်သော ငါးဥများရရှိလာသည်။ သန္ဓေအောင်ငါးဥများကို ဥဖောက်လှောင်ကန် (Hatching Jar) ဖန်မှန်ကန်အတွင်း၌ သတ်မှတ်ရေအပူချိန်တွင် ပြောင်းရွှေ့သားဖောက်ပါသည်။ ငါးဥမှ အကောင်ပေါက်ရန် (၁၂-၁၅)နာရီ ကြာမြင့်ချိန်ရှိပြီး ရေအပူချိန်ပေါ်မူတည်၍လည်း ငါးဥမှ အကောင်ပေါက်ရန် ကြာမြင့်ချိန်ကွာခြားနိုင်သည်။
ငါးမှုန်ပြုစုခြင်း
ငါးပြေမ ငါးမှုန်များသည် အရွယ်အစားအားဖြင့် ၁.၆ မှ ၁.၈ မီလီမီတာရှိပြီး ဇောက်ထိုးအနေ အထားဖြင့် ကူးခပ်သွားလာနေသည်။ ငါးဥပေါက်ပြီး ၃၂ နာရီအကြာတွင် အစာခြေလမ်းကြောင်းမှာ ပြည့်ပြည့်စုံစုံဖွံ့ဖြိုးလာပြီးနောက် အစာစတင်စားချိန်တွင် အပင်မျှော လှေးကို ငါးမှုန်များအသက်ငါးရက်သားအထိကျွေးသည်။ ငါးရက်မှ ၁၁ ရက်အတွင်း သတ္တမျှောလှေးများကျွေးမွေးသည်။ ထို့နောက် သားပေါက်အရွယ်အစား ၁၂-၁၆ မီလီမီတာအထိရောက်ရှိချိန်တွင် ငါးမှုန်စာများရောစပ်ဖျော်၍ စတင်ကျွေးနိုင်ပြီဖြစ်သည်။ ပထမသုံးပတ်အတွင်း ရှင်သန်နှုန်းနှင့် ကြီးထွားနှုန်းမှာ လျင်မြန်စွာကောင်းမွန်လာသည်ကို တွေ့ရှိရသည်။ သုံးပတ်ကြာပြီးနောက် အရွယ်အစားကြီးထွားလာသည်နှင့်အမျှ အသားဓာတ် ၃၀-၃၅ ရာခိုင်နှုန်းရှိသော ငါးငယ်အစာအမှုန့်ကို ကျွေးနိုင်ပြီဖြစ်သည်။ ကျွေးမွေးစဉ်ကာလအတွင်း ငါးမှုန်များ ရှင်သန်နှုန်းကောင်းမွန်စေရေးနှင့် ကြီးထွားနှုန်းတိုးတက်စေရေးသည် အဓိက အရေးကြီး သည့်အတွက် ရေအရည်အသွေးများကောင်းမွန်စွာ ထိန်းသိမ်းနိုင်ရန် အထူးလိုအပ်လှသည်။ အရွယ်အစားကွာခြားမှုသည် အဓိက အားဖြင့် ကျွေးသောအစားအစာ အမျိုးအစားကွဲပြားခြင်း၊ အစာလုယက်စားသောက်ခြင်းများကြောင့် အသေအပျောက်လည်းများ စေနိုင်သဖြင့် ရှင်သန်နှုန်းကောင်းမွန်စေရန်အတွက် ငါးအရွယ်အစားအလိုက် သီးခြားကန်ခွဲ၍မွေးမြူခြင်းဖြင့် ရှင်သန်နှုန်း ပိုမိုရရှိစေ သည်။ ထို့အတူ ရေပုံမှန်လဲလှယ်ပေးခြင်း၊ ပုံမှန်နေရာ၊ ပုံမှန်အချိန် အစာကျွေးရခြင်း၊ မွေးမြူထားသော ငါးအရေအတွက် ပမာဏ ၏ လိုအပ်ချက်နှင့်ကိုက်ညီသော အစာကျွေးနှုန်းဖြင့် နှိုင်းဆတွက်ချက်၍ကျွေးမှသာ အာဟာရပြည့်ဝပြီး အရည်အသွေး ကောင်းမွန် သော ငါးမျိုးကောင်းမျိုးသန့်များ ရရှိနိုင်မည်ဖြစ်သည်။
ငါးပြေမ သားဖျန်းများမှသည် အသားတိုးမွေးမြူခြင်း
တိုင်းရင်းငါးပြေမ အသားတိုးမွေးမြူရန်အတွက် မြေကြီးကန်ဖြင့်မွေးမြူခြင်းထက် အုတ်ကန်ဖြင့် မွေးမြူခြင်းသည် ငါးများလွတ် မထွက်စေရန် ကာကွယ်ပေးသည်။ အုတ်ကန်၏ အတွင်းဘက် အောက်ခြေမျက်နှာပြင်တွင် မြေသားခင်း၍မွေးမြူခြင်းဖြင့် ငါးများ ကျန်းမာရေးကောင်းမွန်ပြီး ကြီးထွားနှုန်းကို တိုးတက်စေသည်။ သဘာဝပတ်ဝန်းကျင် အနေအထားကဲ့သို့ ဖြစ်နေစေရန် ငါးကန်ရေ မျက်နှာပြင်၏ ၃၀-၄၀ ရာခိုင်နှုန်းကို ရေနေအပင်များဖြစ်သည့် ဗေဒါ သို့မဟုတ် အလွယ်တကူရရှိသော ဘဲစာရွက်ရေပေါ် နေအပင် များ (Water Floating Plants) ဖြင့် ဖုံးအုပ်၍ အသုံးပြုနိုင်သည်။
ငါးဖျန်းအရွယ်သည် ရေမျက်နှာပြင်အထက်နားတွင် ကူးခပ်သွားလာနေသည့်အတွက် ဗျိုင်းများ၊ တင်ကျီးငှက်များ လာရောက် ဖမ်းယူခြင်းများရှိနိုင်သဖြင့် အကာအရံများ ပြုလုပ်ထားရှိရန် လိုအပ်သည်။ လှောင်အိမ်ဖြင့် တိုင်းရင်းငါးပြေမမွေးမြူမည်ဆိုပါက သီးသန့်မွေးမြူခြင်း (Monoculture) တွင်သာမက ရောနှောမွေးမြူခြင်း(Polyculture)ဖြင့်လည်း မွေးမြူနိုင်သည်။
ငါးပြေမနှင့် စားရေရိက္ခာဖူလုံရေး
ငါးပြေမသည် စောင်းလျားသီးနှင့်ချက်ပြုတ်စားသုံးပါက အရသာထူးကဲသည့်အပြင် ဆီးကျောက်ရောဂါအတွက် သက်သာပျောက် ကင်းနိုင်သည့် ဆေးဖက်ဝင်ငါးတစ်မျိုးဖြစ်သည်။ ထို့ပြင်ငါးဈေးကွက်တွင် တန်ဖိုးကောင်းရရှိသော ရေပန်းစားနေသည့်ငါးမျိုးဖြစ်ပြီး ကျေးလက်နေ ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွင် အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိသည်။ ငါးပြေမ မွေးမြူခြင်းသည် အခြားငါးမြစ်ချင်းကဲ့သို့သော ငါးမျိုးများမွေးမြူခြင်းထက် မွေးမြူသည့်အချိန်ကာလတိုတိုဖြင့် အကျိုးအမြတ် ပိုမိုရရှိနိုင်သည့် ငါးမျိုးဖြစ်သည့်အပြင် လူတို့မသုံးဘဲပစ်ပယ်ထားသည့် ကျင်းငယ်၊ ရေအိုင်ငယ်များတွင် စနစ်တကျမွေးမြူပါက အချိန်တိုအတွင်း မွေးမြူဖြစ်ထွန်းနိုင်သည့် ငါးမျိုးဖြစ်သည်။
ကျေးလက်နေပြည်သူများ၏ စားရေရိက္ခာဖူလုံစေရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် တစ်နိုင်တစ်ပိုင်လုပ်ငန်းမှ မိသားစု ဝင်ငွေများတိုးပွားရရှိလာနိုင်စေရေးနှင့် ငါးမွေးမြူရေး အသိပညာဗဟုသုတများ ရရှိလာနိုင်စေရေးတို့အတွက် မြန်မာနိုင်ငံ အနှံ့အပြားတွင် အလွယ်တကူရရှိနိုင်သော တိုင်းရင်းငါးပြေမများကို မွေးမြူထုတ်လုပ်ကြပါစို့ဟု တိုက်တွန်းရင်း သုတေသနရလဒ် များကို မျှဝေရေးသားတင်ပြလိုက်ရပါသည်။ ။
ကိုးကားချက်
- ရေချိုဒေသတွင်နေထိုင်သော ကျေးလက်နေပြည်သူများအတွက် အသေးစားငါးမွေးမြူရေး အညွှန်းစာစောင်
- USAID ဝင်ငွေတိုးငါးမွေးမြူရေးစီမံကိန်း
- ICAR-CIFA 2016ç BREEDING & SEED PRODUCTION OF CLIMBING PERCH
ဝါဝါဖူး(Ph.D)
မွေး/သု(မန်း)