နေပြည်တော် ဇူလိုင် ၈
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထ အစည်းအဝေး ကျင်းပရေး လုပ်ငန်းကော်မတီများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပသည်။ အစည်းအဝေးတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံကျင်းပရေး ဗဟိုကော်မတီ အတွင်းရေးမှူး နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်က ယခုကျင်းပမည့် စတုတ္ထအစည်းအဝေးကို မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန(၁)နှင့်(၂) တို့တွင် ကျင်းပမည့်အပြင် လူဦးရေလျှော့ချ ဖိတ်ကြားထားကြောင်း၊ အထူးကိစ္စအနေဖြင့် ကိုဗစ်-၁၉ဆိုင်ရာ စည်းကမ်းချက် များနှင့်အညီ စီစဉ်ဆောင်ရွက် ပေးရမည် ဖြစ်သည့်အတွက် လုပ်ငန်းစဉ်များ ပိုမိုတိုးလာကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာလုပ်ငန်း ကော်မတီများ အနေဖြင့် ထပ်တိုးဆောင်ရွက်ရမည့် ကိစ္စရပ်များ အပါအဝင် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် လုပ်ငန်းကော်မတီ အသီးသီး၏ ပြုပြင်မွမ်းမံ ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ဆွေးနွေးပေးကြပါရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။ ထို့နောက် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအကြိမ် အစည်းအဝေး ကျင်းပရေးနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရမည့် အခြေအနေများကို ရှင်းလင်း ပြောကြားသည်။ ယင်းနောက် နိုင်ငံခြားရေး ဝန်ကြီးဌာန သံတမန်ရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းသိမ်းက ဖိတ်ကြားရေးလုပ်ငန်း ကော်မတီဆိုင်ရာများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်က ဘဏ္ဍာရေး လုပ်ငန်းကော်မတီဆိုင်ရာ များနှင့် စပ်လျဉ်း၍ လည်းကောင်း၊နယ်စပ်ရေးရာ ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးရဲနိုင်က ကြိုဆိုနေရာချထားရေးနှင့် တည်းခိုနေထိုင်ရေး လုပ်ငန်းကော်မတီ ဆိုင်ရာများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်က အခမ်းအနားများ ပြင်ဆင်ရေး လုပ်ငန်းကော်မတီ ဆိုင်ရာများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဌေးဦးက ခန်းမအတွင်း နေရာချထားရေး လုပ်ငန်းကော်မတီဆိုင်ရာများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးက လုံခြုံရေးလုပ်ငန်း ကော်မတီဆိုင်ရာများနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းဆွေးနွေး တင်ပြကြသည်။ ထို့နောက် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ ကျင်းပရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။ အစည်းအဝေးသို့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး၊ လုပ်ငန်းကော်မတီ အတွင်းရေးမှူးများ ဖြစ်ကြသည့် အမြဲတမ်းအတွင်းဝန်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် များနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။