ရန်ကုန် ဇူလိုင် ၈
ပြည်ပနိုင်ငံများတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်ရန် နိုင်ငံခြားရေး ဝန်ကြီးဌာန အနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာ နိုင်ငံများရှိ မြန်မာသံရုံးများနှင့် ပူးပေါင်းညှိနှိုင်း၍ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် စင်ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားများအား (၁၀)ကြိမ်မြောက်အဖြစ် ကယ်ဆယ်ရေး လေယာဉ်မြန်မာ အမျိုးသားလေကြောင်းလိုင်း(MNA)ဖြင့် ပြန်လည်ခေါ်ယူခဲ့ကြောင်း သိရသည်။ ကယ်ဆယ်ရေးလေယာဉ်တွင် စင်ကာပူနိုင်ငံသို့ ကာလတို လာရောက်စဉ် ပိတ်မိနေသူများ စင်ကာပူနိုင်ငံတွင် ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများ၊ကိုယ်ဝန်ဆောင်မိခင်များ၊ အလုပ်လုပ်ခွင့်ပါမစ် ဖျက်သိမ်း/ရပ်နားခံထားရသူများ၊ သင်္ဘောသားများအပါအဝင် စုစုပေါင်း ၁၅၄ ဦး ပြန်လည်လိုက်ပါလာကြသည်။ စင်ကာပူနိုင်ငံရောက်မြန်မာနိုင်ငံသားများအား ခေါ်ဆောင်သည့် ကယ်ဆယ်ရေး လေယာဉ်သည် စင်ကာပူနိုင်ငံ ချန်ဂီအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ယနေ့ဒေသစံတော်ချိန် ညနေ ၄ နာရီ ၃၅ မိနစ်တွင် ထွက်ခွာပျံသန်းခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ည ၆ နာရီ မိနစ်၂၀ တွင် ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။ ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာကြမည့် မြန်မာနိုင်ငံသားများ အဆင်ပြေချောမွေ့စေရန် စင်ကာပူနိုင်ငံရှိ မြန်မာသံအမတ်ကြီးနှင့် သံရုံးတာဝန်ရှိသူတို့က ကူညီဆောင်ရွက်ပေးခဲ့ကြပြီး ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိချိန်တွင် သက်ဆိုင်ရာ တာဝန်ရှိသူတို့က ၎င်းတို့၏ အခန်းကဏ္ဍအလိုက် ကူညီဆောင်ရွက် ပေးခဲ့ကြသည်။ ကမ္ဘာတစ်ဝန်း၌ COVID-19 ရောဂါကူးစက်ပြန့်ပွားနေခြင်းကြောင့် နိုင်ငံတကာ လေကြောင်းလိုင်းများ ပျံသန်းမှု ယာယီရပ်ဆိုင်းထားသည့် ကာလအတွင်း ပြည်ပနိုင်ငံများတွင် အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်ထွက်ခွာရန် အခက်အခဲ ဖြစ်နေသည့်မြန်မာနိုင်ငံသားများအား ကယ်ဆယ်ရေး လေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင် ပေးလျက်ရှိရာ ၇၀၈၈ ဦးအား ပြန်လည်ခေါ်ဆောင်ပေးခဲ့ပြီး ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သိရသည်။ ဝန်းရံခ