စပါးစိုက်ပျိုးရန် သဖန်းဆိပ်ရေလှောင်တမံမှ ပျိုးထောင်ရေ စတင်ပေးဝေ

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ စပါး စိုက်ဧကများအတွက် သဖန်းဆိပ်ရေလှောင် တမံမှ ပျိုးထောင်ရေနှင့် မြေပြင်ရေများကို ဇူလိုင် ၇ ရက် နံနက်ပိုင်းမှ စတင်ပေးဝေ လျက်ရှိကြောင်း ရွှေဘိုခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ သိရသည်။ စိုက်ပျိုးစွမ်းအား တိုးတက်စေရန်နှင့် ဒေသတွင်း သောက်သုံးရေဖူလုံစေရန် ရည်ရွယ်၍ ကျွန်းလှမြို့နယ်သဖန်းဆိပ်ကျေးရွာအနီး ရေလှောင်တမံ တည်ဆောက်ကာ ဆည်ရေ သိုလှောင်၍ ကင်းတပ်ရေလွှဲ တမံသို့ မူးမြစ်ရိုးအတိုင်း ရေလွှတ်ပေးခြင်း၊ ကာဘိုးရေလွှဲ ဆည်သို့လည်း မူးမြစ်ရိုးအတိုင်း ရေလွှတ်ပေးခြင်းဖြင့် တစ်နှစ်လျှင် ပျမ်းမျှစပါးနှင့် အခြားသီးနှံစိုက်ဧက ရှစ်သိန်းခန့်ကို ရေပေး ဝေလျက်ရှိသည်။ ထိုသဖန်းဆိပ် ရေလှောင်တမံ၏ ကန်ရေပြည့် ရေလှောင်ပမာဏမှာ ၂၇ သိန်းကျော် ဧကပေဖြစ်ပြီး ရေသိုလှောင်ပမာဏ ခြောက်သိန်းရှစ်သောင်းကျော်ဖြင့် ဆည်ရေပေးဝေရာတွင် သဖန်းဆိပ် ရေလှောင်တမံမှ တစ်ဆင့် ကင်းတပ်ရေလွှဲတမံသို့ ရေထိန်းညှိ ထုတ်လွှတ်ပေးပြီး လက်ဝဲတူးမြောင်းနှင့် လက်ယာတူးမြောင်း ရေသောက်ဧရိယာများ သို့ လည်းကောင်း၊ ကင်းတပ်ရေလွှဲတမံမှ တစ်ဆင့် မူးမြစ်ကြောင်းအတိုင်း ကာဘိုးဆည်သို့  ရေထုတ်လွှတ်ပေးပြီး   ရွှေဘို တူးမြောင်းနှင့် ရေဦးတူးမြောင်း ရေသောက်ဧရိယာများသို့ လည်းကောင်း  စိုက်ပျိုးရေ များကို  စတင်ပေးဝေနေကြောင်း   သိရသည်။