လယ်ယာမြေကောင်းစေပြီး သီးနှံအထွက်တိုးစေဖို့ သဘာဝမြေသြဇာ သုံးစွဲကြပါစို့

လယ်ယာမြေကောင်းစေပြီး သီးနှံအထွက်တိုးစေဖို့ သဘာဝမြေသြဇာ သုံးစွဲကြပါစို့

    လယ်ယာစိုက်ပျိုးရေးတွင်  သီးနှံများ အထွက်တိုးတက်စေရေး အတွက် မြေဆီလွှာသည် အလွန်အရေးကြီးသည်။ မြေဆီလွှာအာဟာရဓာတ် ပြည့်ဝမှသာ သီးနှံများအထွက် တိုးမည်မှာ တောင်သူဦးကြီးများ သိရှိပြီးဖြစ်သည်။ သီးနှံများ အထွက်တိုးစေရေးအတွက် မြေဆီလွှာပြုပြင်ရေး နည်းလမ်း ဆောင်ရွက်ကြရာတွင်   မြေသြဇာများကို သုံးစွဲခြင်းသည်လည်း တစ်နည်း အပါအဝင်ဖြစ်သည်။ သီးနှံစိုက်ပျိုး ထုတ်လုပ်ရာတွင် အသုံးပြုကြသော မြေသြဇာများကို စနစ်တကျ ခွဲခြားကြည့်လျှင် ဓာတ်မြေသြဇာ၊ သဘာဝမြေသြဇာနှင့် ဇီဝမြေသြဇာဟူ၍    သုံးမျိုးတွေ့ရှိနိုင်သည်။ ဓာတ်မြေသြဇာများကို သုံးစွဲခြင်းသည် အပင်ကြီးထွားမှု၊ သီးပွင့်မှု စသည့် အပင်ဇီဝကမ္မဖြစ်စဉ်များကို ချက်ချင်းအကျိုး ဖြစ်ထွန်းစေသော်လည်း ရေရှည်သုံးစွဲပါက မြေဆီလွှာပျက်စီးမှုကို  ဖြစ်ပေါ်စေသည်။ ဇီဝမြေသြဇာ(ရိုင်ဇိုဘီယံ)သည်    သီးနှံအမျိုးအစား အလိုက်၊ မြေအမျိုးအစားအလိုက် ထည့်သွင်း အသုံးပြုရသော မြေသြဇာအမျိုးအစားဖြစ်သည်။ အပင်နှင့်တိရစ္ဆာန်တို့၏ ရုပ်ကြွင်းနှင့် အညစ်အကြေးများကို သဘာဝမြေသြဇာအဖြစ် ရှေးယခင်ကတည်းကပင် သီးနှံစိုက်ပျိုးရာတွင် အသုံးပြုခဲ့ကြပြီး ရေရှည်တည်တံ့သော သီးနှံစိုက်ပျိုး ထုတ်လုပ်မှုအတွက်  ဆက်လက် အသုံးပြုသင့်သော မြေသြဇာ အမျိုးအစားဖြစ်သည်။

သဘာဝမြေသြဇာတွင်    နွားချေးအပါအဝင် တိရစ္ဆာန်စွန့်ပစ် ပစ္စည်းများ၊  သီးနှံအကြွင်းအကျန်၊ လယ်ယာထွက်ကုန် ပစ္စည်းများဖြစ်သည့်  နှမ်းဖတ်၊ ပဲဖတ်၊ အရိုးမှုန့်၊ သစ်စိမ်းမြေသြဇာတို့ ပါဝင်သည်။ သဘာဝမြေသြဇာများကို အခြားပြည်ပနိုင်ငံများတွင်လည်း အသုံးပြုလျက်ရှိပြီး  ဓာတ်မြေသြဇာ ဈေးနှုန်းကြီးမြင့်ခြင်း၊ ဓာတ်မြေသြဇာများ အသုံးပြုမှုများလာသည့် အတွက် မြေဆီလွှာတွင် မြေဆီသြဇာခန်းခြောက်လာခြင်း၊ သီးနှံစိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ် သက်သာစေရန်နှင့် ဘေးအန္တရာယ်ကင်းသော သီးနှံစိုက်ပျိုး ထုတ်လုပ်မှုအတွက် သဘာဝမြေသြဇာများကို  တွင်တွင်ကျယ်ကျယ်  အသုံးပြုလာကြသည်။

သဘာဝမြေသြဇာတွင် အာဟာရဓာတ် ပါဝင်မှုမှာ ဓာတ်မြေသြဇာထက် နည်းပါးသော်လည်း သီးနှံများ လိုအပ်သော အာဟာရဓာတ်စုံများ ပါဝင်ပြီး ရေရှည်မြေဆီလွှာပြုပြင်ရာတွင်   ပိုမိုကောင်းမွန်စေသော မြေသြဇာ အမျိုးအစားဖြစ်သည်။ သဘာဝမြေသြဇာသည် မြေဆီလွှာ၏ ရူပ၊ ဓာတုနှင့် ဇီဝဂုဏ်သတ္တိများကို ပိုမိုကောင်းမွန် တိုးတက်စေသည်။ မြေဆီလွှာအတွင်း သဘာဝမြေဆွေး ပါဝင်မှုပမာဏ များပါက မြေဆီလွှာ အရောင်သည် မည်းမှောင်နက်ခြင်း၊ ရေစိမ့်ဝင်နိုင်မှု ကောင်းခြင်း၊ မြေသားဖွဲ့စည်းမှု ပိုမိုကောင်းမွန်ခြင်းနှင့် မြေသင်းနံ့ကောင်းခြင်းတို့ ဖြစ်ပေါ်စေသည်။ ထို့ကြောင့် သဘာဝမြေသြဇာများကို စနစ်တကျနှင့် နည်းလမ်း မှန်ကန်စွာ အသုံးပြုနိုင်လျှင်  မြေဆီလွှာကောင်းမွန်ပြီး သီးနှံအထွက်နှုန်း တိုးမည်မှာ ဧကန်အမှန်ပင်ဖြစ်သည်။

သဘာဝမြေသြဇာကို ဘယ်လိုသုံးမလဲ

    တောင်သူအများစုမှာ   လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများတွင် သဘာဝမြေသြဇာအဖြစ် နွားချေးကို ရှေးယခင်ကတည်းက အသုံးပြုခဲ့ကြပြီး အချို့သော တောင်သူဦးကြီးများမှာ နွားချေးသီးသန့် အသုံးပြုကြပြီး အချို့သော တောင်သူများမှာ  နွားချေးကို  သီးနှံ အကြွင်းအကျန်များနှင့်   ရောနှောအသုံးပြုကြသည်။ နွားချေးများကို စုဆောင်းသည့် နည်းလမ်းနှစ်မျိုးကို တွေ့ရပြီး ပထမနည်းမှာ  နွားများ အိပ်စက်အနားယူနိုင်သော အကျယ်အဝန်းအတိုင်း  ကျင်းတူးထားပြီး နွားများစွန့်ပစ်သမျှ  ကျင်ကြီး၊  ကျင်ငယ်များ စိုစွတ်ပြီး ဗွက်ထလာသည့်အခါတိုင်း အောက်ခင်းများ ထပ်ဖြည့်ခင်းကာ  စုဆောင်းသည့်နည်းဖြစ်သည်။ ဒုတိယနည်းမှာ ကျင်းကို နွားအောက်တွင် မထားဘဲ သင့်တော်သော သီးခြားနေရာတွင် အမိုးနှင့်ထားရ၍ နွားချေးများကို နေ့စဉ်နွားတင်းကုပ်မှ သယ်ယူပြီး ကျင်းထဲသို့ ထည့်ပေးကာ စုဆောင်းသော နည်းဖြစ်သည်။

နွားချေးမြေသြဇာကို    အသုံးပြုသည့်အခါ  အရေးကြီးဆုံး  အထူးဂရုစိုက်ရမည့် အချက်မှာ နွားချေးသည်   “အေး” ရမည်ဖြစ်သည်။ နွားချေး “အပူ” ကို စိုက်ခင်းထဲတွင် မထည့်ရပါ။ ဆိုလိုသည်မှာ နွားချေးသည် ကောင်းစွာဆွေးမြည့် နေရမည်ဟု ဆိုလိုသည်။ နွားချေး “အပူ”သည် နွားများချက်ချင်း ယိုထားသော ပူပူနွေးနွေးချေးနှင့်  တင်စားပြောထားခြင်းသာဖြစ်ပြီး    မဆွေးမြည့်သော နွားချေးကို ဆိုလိုသည်။ ကောင်းစွာ မဆွေးမြည့်သော နွားချေးများကို သီးနှံစိုက်ပျိုးမြေများတွင်  အသုံးပြုလျှင် ဆွေးမြည့်ခြင်းဖြစ်စဉ်မှ ထွက်ရှိသော အော်ဂဲနစ်အက်စစ်များသည် အပင်ကို အဆိပ်အတောက်ဖြစ်စေနိုင်သည်။ ထို့ပြင် အဏုဇီဝပိုးများသည် အာဟာရဓာတ်များကို ပြိုင်တူစုပ်ယူ စားသုံးသည့်အတွက်    သီးနှံပင်များအတွက် လိုအပ်သော အာဟာရဓာတ်များကို အလုံအလောက် မရရှိနိုင်ပါ။ ထို့ကြောင့်     ကောင်းစွာ ဆွေးမြည့်သော  နွားချေးကိုသာ  စိုက်ခင်းထဲတွင် အသုံးပြုရန် အလွန်အရေးကြီးသည်။

အသုံးပြုသောနွားချေးသည်  ကောင်းစွာဆွေးမြည့်လျှင် နွားချေးတွင် ပါဝင်သော အာဟာရဓာတ်များကို အပင်သည် စားသုံးနိုင်သည့်အပြင်  ဆွေးမြည့်သော နွားချေး သဘာဝမြေသြဇာမှ ထွက်ပေါ်လာသော အက်စစ်ဓာတ်ကြောင့် အပင်စားသုံးရန် ခက်ခဲသော သံဓာတ်၊ မန်ဂနိစ်ဓာတ်နှင့် ဖော့စဖိတ်ဓာတ်များကို အပင်သည် အလွယ်တကူ စားသုံးနိုင်သည်။ ထို့ကြောင့် နွားချေးမြေသြဇာများကို ကောင်းစွာဆွေးမြည့်အောင် ပြုလုပ်ပြီးမှသာ  သုံးစွဲသင့်သည်။

ဘာ့ကြောင့် သဘာဝမြေသြဇာကိုသုံးသင့်တာလဲ

    ကောင်းစွာဆွေးမြည့်သော သဘာဝမြေသြဇာများကို အသုံးပြုလျှင် စေးသောမြေကို    ဖွယ်စေသည်။ သဲဆန်လွန်းသောမြေကို  သိပ်သည်းစေသည်။ ရေအစိုဓာတ်ကို ပိုမိုထိန်းသိမ်း ထားနိုင်သည်။ မြေထဲတွင်   လေဝင်လေထွက် ကောင်းမွန်စေနိုင်သလို အပူအအေးကိုလည်း မျှတအောင် ထိန်းထားပေးနိုင်သည်။ ထို့ပြင် အာဟာရဓာတ်များကို အမြစ်မှ အလွယ်တကူ စုပ်ယူစားသောက်နိုင်သည်။ အရေးကြီးဆုံး အချက်မှာ မြေဆီလွှာအတွင်းရှိ   သဘာဝမြေဆွေး  သို့မဟုတ် မြေဆီသြဇာ ဓာတ်ကို ဖြည့်တင်းပေးရုံမျှမက ရေရှည်ကာလတွင် မြေဆီလွှာ အာဟာရဓာတ်များကို ထိန်းသိမ်းထားနိုင်သည်။ ဤအချက်သည်  ကုန်ကျစရိတ်များပြီး အပင်အတွက်  အာဟာရဓာတ် တစ်မျိုးတည်းသာ ဖြည့်ပေးနိုင်သော   ဓာတ်မြေသြဇာများထက် ပိုမိုကောင်းမွန်သော အဓိက အားသာချက်ဖြစ်သည်။

တောင်သူအများစု အသုံးပြုနေကြသည့်   ပုလဲမြေသြဇာဟု ခေါ်သည့် ယူရီးယား ဓာတ်မြေသြဇာကို အသုံးပြုလျှင်  နိုက်ထရိုဂျင်ဓာတ် အာဟာရတစ်မျိုးတည်းကို လည်းကောင်း၊  တီစူပါကို အသုံးပြုလျှင် ဖော့စဖောရပ်ဓာတ် တစ်မျိုးတည်းကို လည်းကောင်း၊ ပိုတက်ရှ်ကိုအသုံးပြုလျှင်     ပိုတက်ဆီယမ်ဓာတ် တစ်မျိုးတည်းကို လည်းကောင်း  အသီးသီး ရရှိစေမည်ဖြစ်သည်။  အလားတူပင်   ကွန်ပေါင်းမြေသြဇာ အသုံးပြုလျှင်လည်း အာဟာရဓာတ်သုံးမျိုး၊ လေးမျိုးသာရရှိနိုင်မည်ဖြစ်သော်လည်း သဘာဝမြေသြဇာကို အသုံးပြုခြင်းဖြင့် သီးခြားဝယ်ယူစရာမလိုဘဲ အာဟာရ ဓာတ်စုံပါဝင်ပြီး  တောင်သူများ၏ လယ်ယာလုပ်ငန်းခွင်တွင် အလွယ်တကူ ရရှိနိုင်မည်ဖြစ်သည်။ ထို့ကြောင့် မိမိတို့မွေးမြူထားသော   နွားများကို  စနစ်တကျ မွေးမြူပြီး နွားချေးများကို စနစ်တကျ သိမ်းဆည်း သိုလှောင်ထားသည့် အလေ့အကျင့်မျိုး မွေးမြူနိုင်လျှင်လည်း များစွာ အကျိုးထူးလှပေသည်။

သဘာဝမြေသြဇာများသည်   အာဟာရဓာတ် တစ်မျိုးချင်းစီအနေဖြင့်  ပါဝင်မှုနည်းပါးသော်လည်း အပင်မှလိုအပ်သည့်   အာဟာရဓာတ် ပါဝင်မှုကို စုံလင်စွာ  ပေးစွမ်းနိုင်သည်။ တွေ့ရှိချက်များအရ နွားတစ်ကောင်သည် တစ်နေ့လျှင် နွားချေးအစို ၄၀ ကီလိုဂရမ်နှင့် အခြောက် ၁၂ ကီလိုဂရမ် ထွက်ရှိသည့် အတွက် နွားအကောင်တစ်ရာ မွေးထားပါက  တစ်နေ့လျှင် နွားချေး ၁ ဒသမ ၂ တန် ရရှိနိုင်မည်ဖြစ်ပြီး တစ်နှစ်လျှင် နွားချေး ၄၃၈  တန်ရရှိနိုင်မည်ဖြစ်သည်။ ထို့ပြင် နွားချေး ၁ တန် (၁၀၀၀ ကီလိုဂရမ်)အား စိုက်ပျိုးမြေဆီလွှာများတွင် ထည့်သွင်းခြင်းဖြင့် နိုက်ထရိုဂျင် ၂ ဒသမ ၄၂ ကီလိုဂရမ်၊ ဖော့စဖိတ် ၆ ဒသမ ၆၀ ကီလိုဂရမ်၊ ပိုတက်ရှ် ၃ ဒသမ ၄၃  ကီလိုဂရမ်နှင့် အော်ဂဲနစ်မြေဆွေး ၁၈၁ ဒသမ ၃၄ ကီလိုဂရမ် ရရှိနိုင်မည်ဖြစ်သည်။

စိုက်ပျိုးရေးကဏ္ဍ အသီးသီးတွင် လုပ်ကိုင်ဆောင်ရွက်နေကြသော   သီးနှံစိုက်ပျိုး ထုတ်လုပ်သူများအနေဖြင့်  စိုက်ပျိုးသည့် သီးနှံအထွက်နှုန်းတိုးမှသာ  ဝင်ငွေကောင်းပြီး လူနေမှုဘဝမြင့်မားနိုင်ပေမည်။ ထိုသို့သီးနှံအထွက်တိုးရေး လုပ်ဆောင်ရာတွင် ဓာတ်မြေသြဇာတစ်မျိုးတည်းကို  နှစ်စဉ်ဆက်တိုက် အသုံးပြုလျှင် မြေဆီလွှာ၏  အရည်အသွေးသည် တဖြည်းဖြည်း ကျဆင်းလာပြီး  သီးနှံပင်အတွက်  လိုအပ်သော အာဟာရဓာတ် လျော့နည်းလာခြင်းဖြင့်    အပင်ဖြစ်ထွန်းမှုကို ထိခိုက်ကာ အထွက်နှုန်းလျော့နည်းလာနိုင်သည်။ ထို့ကြောင့်  သဘာဝမြေသြဇာများကို မဖြစ်မနေ သုံးစွဲရပေလိမ့်မည်။ အလားတူ ယနေ့ခေတ်တွင်   ဓာတ်မြေသြဇာဈေးနှုန်း ကြီးမြင့်ခြင်းနှင့် စိုက်ပျိုးသော  လယ်ယာသီးနှံ အချို့နှင့်  ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများတွင် ဓာတ်ကြွင်းအာနိသင် ပါဝင်မှုလျှော့ချနိုင်ရေးတို့ အတွက် နွားချေးမြေသြဇာ အသုံးပြုရန်  အထူးပင် လိုအပ်လာသည်။

အလားတူ မြန်မာနိုင်ငံတွင် မွေးမြူရေး လုပ်ငန်းများမှ အများဆုံး ထွက်ရှိနေသော ကြက်ချေး၊ ဝက်ချေး၊ ဆိတ်ချေးတို့အား နွားချေးမြေသြဇာကဲ့သို့  သဘာဝ မြေသြဇာအဖြစ် အသုံးပြုနိုင်သည်။  လေ့လာတွေ့ရှိချက်များအရ ကြက်အကောင် တစ်ရာမှ တစ်ရက်လျှင် ကြက်ချေး သုည ဒသမ ၀၃ တန်၊  ဝက်နှင့်ဆိတ်မှ သုည ဒသမ ၀၉ တန်ခန့် ရရှိနိုင်မည်ဖြစ်ပြီး တစ်နှစ်လျှင် ကြက်ချေး ၁၀ ဒသမ ၉၅ တန်နှင့် ဝက်နှင့်ဆိတ်ချေးတန် စုစုပေါင်း   ၃၂ ဒသမ ၈၂ တန်ရရှိနိုင်မည်ဖြစ်သည်။ ကြက်ချေး၊ ဝက်ချေး စသည့် တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများသည် ဗက်တီးရီးယား၊   မှိုနှင့်ဗိုင်းရပ်များ ကပ်ပါးပရိုတိုဇိုးဝွါးများ၊ ပဋိဇီဝ ပိုးသတ်ဆေးများနှင့် ပဋိဇီဝယဉ်ပါးသော   ရောဂါပိုးမွှားများနှင့် အန္တရာယ်ရှိစေနိုင်သော ဓာတ်ကြွင်းများနှင့် 17 β estradiol နှင့် testosterone ဟော်မုန်းများ ဖြစ်သော အီစထရိုဂျင်နှင့် ဒိုင်အောက်ဇင် urans polychlorinated biphenyls နှင့်  polycyclic aromatic hydrocarbons ကဲ့သို့သော ပိုးသတ်ဆေးများ ပါဝင်နိုင်သဖြင့် ကြက်ချေး၊ ဝက်ချေးတို့ကို   အခြေပြုသော မြေသြဇာများကို အသုံးပြုမည်ဆိုပါက လူနှင့်သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေရန် သတိပြု သုံးစွဲသင့်သည်။

ထို့ကြောင့်  စိုက်ပျိုးရေးနှင့်အတူ မွေးမြူရေးကိုပါ တွဲဖက်လုပ်ကိုင်ပါက မွေးမြူရေးမှ ဝင်ငွေရရှိမည့်အပြင် မွေးမြူရေးမှ ထွက်သော တိရစ္ဆာန်ချေးများကို သဘာဝမြေသြဇာအဖြစ် အသုံးပြုနိုင်ခြင်းကြောင့် စိုက်ပျိုးရေး အတွက်လည်း များစွာအထောက်အကူ ပြုနိုင်သည်။ သို့ရာတွင် တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများကို စိုက်ပျိုးမြေဆီလွှာများတွင် သဘာဝမြေသြဇာအဖြစ် အသုံးပြုရာတွင် စနစ်တကျ အသုံးပြုရန်နှင့် ကောင်းစွာ ဆွေးမြည့်ပြီးမှသာ အသုံးပြုရန် လိုအပ်သည်။

သို့ဖြစ်ပါ၍ စိုက်ပျိုးရေး ဦးစီးဌာနသည် လယ်ယာထွက် သီးနှံအကြွင်းအကျန်များ၊   နွားချေးများအား သဘာဝမြေသြဇာအဖြစ် စနစ်တကျ ပြုလုပ်သုံးစွဲနိုင်ရေး၊ သစ်စိမ်းမြေသြဇာ ထည့်သွင်းခြင်း၊ ဓာတ်မြေသြဇာများအား စနစ်တကျ၊ အချိန်ကိုက်၊ အချိုးညီအသုံးပြုနိုင်ရေးနှင့် မြေဆီလွှာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ အတွက် ပညာပေး လုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ အချုပ်အားဖြင့်ဆိုသော် သဘာဝမြေသြဇာများသည်   လယ်ယာလုပ်ငန်းခွင်တွင်   အလွယ်တကူ ရရှိနိုင်ခြင်း၊    ဈေးနှုန်းသက်သာစွာ ရရှိနိုင်ခြင်း၊ မြေဆီလွှာအတွက် မြေဆီသြဇာဓာတ်ကို ရေရှည်ထိန်းသိမ်းထားနိုင်ခြင်း၊  မြေဆီသြဇာ ထက်သန်ခြင်းနှင့် သီးနှံများအထွက်နှုန်း တိုးတက်စေရုံသာမက သီးနှံအရည်အသွေးပါ     တိုးတက်စေခြင်းတို့ကြောင့်  တောင်သူဦးကြီးတို့ဘဝ မြင့်မားစေဖို့   သဘာဝမြေသြဇာကို  ပိုမိုသုံးစွဲသင့်ပါကြောင်း  နှိုးဆော် တိုက်တွန်းအပ်ပါသည်။   ။

ဇော်မျိုး(မြဝတီ)