စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်
အမှတ်စဉ်(၈၄)
နည်း(က)ကိုသုံးခဲ့ရင်တော့ ပြည်တွင်းဓာတ်အားခဈေးနှုန်းဟာလည်း သိသိသာသာ များစွာပြောင်းလဲမှာ မဟုတ်ပါဘူး။ အမေရိကန် ဘယ်လမ်းရွေးမလဲဆိုတာ လေ့လာရမှာပါ။ သူ့ရဲ့ပြိုင်ဘက်ဖြစ်နေတဲ့ တရုတ်ကို ဘယ်လိုယှဉ်ပြိုင်မလဲဆိုတာကို စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။
ရုရှားရဲ့စွမ်းအင်ဗျူဟာ
ရုရှားနိုင်ငံဟာ ကမ္ဘာမှာ အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်သလို သဘာဝဓာတ်ငွေ့သိုက် အကြွယ်ဝဆုံးလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၁၆ ခုနှစ်မှာ သူ့နိုင်ငံရဲ့လျှပ်စစ်ဓာတ်အားကဏ္ဍ စီမံခန့်ခွဲထားပုံကို လေ့လာကြည့်ပါမယ်။
ရုရှားနိုင်ငံရဲ့ စွမ်းအင်အရင်းအမြစ်တစ်ခုစီအလိုက် လျှပ်စစ်ထုတ်လုပ်သုံးစွဲမှုနဲ့ မျှော်မှန်းချက် (TWh)
ရုရှားဟာ ကမ္ဘာမှာ ဓာတ်ငွေ့အချမ်းသာဆုံးဆိုတာ ရှေ့ကဓာတ်ငွေ့အခန်းမှာ ဖော်ပြခဲ့ပြီးပါပြီ။ ဒါပေမဲ့ ဓာတ်ငွေ့ထုတ်လုပ်မှုအနေနဲ့ ၂၀၁၆ ခုနှစ်မှာ တစ်နိုင်ငံလုံး ဓာတ်အားလိုအပ်ချက်ရဲ့ ထက်ဝက်ခန့်ကိုသာ ဓာတ်ငွေ့သုံးထားတာ တွေ့ပါလိမ့်မယ်။ ကျန်ထက်ဝက်ကို ကျောက်မီးသွေး၊ နျူကလီးယား၊ ရေအားတို့နဲ့သာ လည်ပတ်နေတာဖြစ်ပါတယ်။ ဒီတော့ ရုရှားရဲ့ လျှပ်စစ်ထုတ်လုပ်မှုအချိုးဟာ သူ့နိုင်ငံနဲ့ ကိုက်ညီနေတယ်။ ဈေးနှုန်းလည်း သက်သာမယ်လို့ ပြောနိုင်တယ်။ အကယ်၍သာ နည်း(က) လို့ခေါ်တဲ့ New Policy Scenario နဲ့သာ ၂၀၄၀ ပြည့်နှစ်မှာ ထုတ်လုပ်မယ်ဆိုရင် သူ့ရဲ့ ထပ်တိုးလိုအပ်လာမယ့် ဓာတ်အား ၂၀၀ TWh လောက်ကို နျူကလီးယားနဲ့ ရေအားလျှပ်စစ်ကိုသာ တိုးမယ်လို့ ပြောနေသလိုပါပဲ။ ဒီတော့ ဒီနည်း(က)ကိုသာသုံးရင်တော့ ရုရှားရဲ့ ဓာတ်အားခ ဈေးနှုန်းဟာ သိသိသာသာတိုးသွားမှာမဟုတ်ပါဘူး။
တကယ်လို့သာ နည်း(ခ)ကိုသာ သူလိုက်နာခဲ့မယ်ဆိုရင် ကျောက်မီးသွေးကို ခုနစ်ပုံတစ်ပုံသာ ကျန်တဲ့အထိ လျှော့ချရပါမယ်။ နျူကလီးယားနဲ့ ရေအားနှစ်မျိုးကို နှစ်ဆနီးပါးတိုးမြှင့်ရပါတော့မယ်။ ကျန်တဲ့ နေ၊ ဘူမိအပူ၊ ဇီဝလောင်စာတွေကိုပါ တိုးရပါလိမ့်မယ်။ ဒီနေရာမှာ ဓာတ်ငွေ့ချမ်းသာလွန်းတဲ့နိုင်ငံက ဘာကြောင့် ဓာတ်ငွေ့ကို နည်း(က)ရော နည်း(ခ)မှာပါ မတိုးတဲ့အပြင် လျှော့ချဖို့ စီစဉ်ရသလဲဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။ ဒါကြောင့် နိုင်ငံတကာက ဘာလုပ်နေသလဲ၊ ဘာကြောင့် ဒီလိုလုပ်တာလဲဆို တာရယ်၊ ဓာတ်ငွေ့ကြွယ်ဝတဲ့နိုင်ငံရဲ့ဗျူဟာက ဘာလဲဆိုတာရယ်ကို မိမိတို့လို ဓာတ်ငွေ့ချမ်းသာကြွယ်ဝမှု ကမ္ဘာ့အဆင့် ၄၀ လောက်သာရှိတဲ့နိုင်ငံမျိုးက တစ်နိုင်ငံလုံးရဲ့ ဓာတ်အားထုတ်လုပ်မှု ၄၆ ရာခိုင်နှုန်းလောက်ထိ အချိုးများနေတာရယ်၊ နောင်မှာလည်း ဓာတ်ငွေ့ရော၊ LNG ရော အလုံးအရင်းနဲ့ ထပ်မံသုံးစွဲမှာရယ်ကိုတော့ အလေးအနက် ပြန်ပြီးသုံးသပ်ရမှာပါ။
အိန္ဒိယရဲ့ စွမ်းအင်ဗျူဟာ
အိန္ဒိယနိုင်ငံဟာ ကမ္ဘာမှာ လူဦးရေအများဆုံး ဒီမိုကရေစီနိုင်ငံကြီးတစ်နိုင်ငံဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်စာရင်းအရ ၁၃၂၄ သန်းရှိပါ တယ်။ သူ့ပြည်သူတစ်ဦးချင်းစီရဲ့ ၂၀၁၆ ခုနှစ်လူဦးရေနဲ့တွက်ရင် လူတစ်ဦး တစ်နှစ်သုံးစွဲနိုင်တဲ့ ဓာတ်အားဟာ ကီလိုဝပ်နာရီ(ယူနစ်) ၁၁၂၀ ရှိတယ်ဆိုတာတွေ့ရတယ်။ ဒီအသုံးဟာ ကမ္ဘာ့ဖွံ့ဖြိုးဆဲထဲမှာ တော်တော်နည်းတဲ့ အသုံးလို့ပဲဆိုရမှာပါ။ သူ့လူဦးရေသန်း ၂၄၀ ကျော်ဟာ လျှပ်စစ်ဓာတ်အားမရသေးပါဘူး။ ဒါကြောင့် သူ့နိုင်ငံသားတွေ လျှပ်စစ်ဓာတ်အားရဖို့ အရင်းအမြစ်ပေါင်းစုံသုံးပြီး ဆောင်ရွက်နေပါတယ်။ အိန္ဒိယနိုင်ငံရဲ့ အရင်းအမြစ်ပေါင်းစုံသုံးစွဲပြီး ဆောင်ရွက်ခဲ့မှုနဲ့ ဆောင်ရွက်ရန် ရည်မှန်းမှုတွေဟာလည်း စိတ်ဝင်စားစရာကောင်းလို့ အောက်ပါအတိုင်း ဇယားပြုစု ဖော်ပြလိုက်ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ စွမ်းအင်အရင်းအမြစ်တစ်ခုစီအလိုက်လျှပ်စစ်ထုတ်လုပ်သုံးစွဲမှုနဲ့ မျှော်မှန်းချက် (TWh)
အိန္ဒိယရဲ့ ၂၀၄၀ ပြည့်နှစ် ဓာတ်အားမျှော်မှန်းချက်ကို လေ့လာရင် နှစ်မျိုးတွေ့ရမှာပါ။
နည်း(က)ကိုသုံးရင် ဓာတ်အားသုံးစွဲမှုကို ၂၀၄၀ ပြည့်နှစ်မှာ ၄၄၈၀ TWh ထိ မြှင့်တင်နိုင်မှာဖြစ်ပါတယ်။ နည်း(ခ)ကိုသုံးရင်တော့ ၄၀၆၉ TWh ထိသာ မြှင့်တင်နိုင်မယ်လို့ ပြောနေသလိုဖြစ်နေတယ်။ နည်း(က)နဲ့ နည်း(ခ) အဓိကကွာခြားချက်ကတော့ ကျောက်မီးသွေးသုံးဓာတ်အား ထုတ်လုပ်မှုကို တိုးမလား၊ လျှော့မလား ဒီနှစ်ချက်ကို ဆုံးဖြတ်ရမှာပါပဲ။
နည်း(ခ)ကိုသုံးရင် ကျောက်မီးသွေးအသုံးကို သုံးပုံတစ်ပုံ ကျန်တဲ့ထိ လျှော့ရမှာဖြစ်လို့ အိန္ဒိယလို ဖွံ့ဖြိုးဆဲနိုင်ငံအတွက် ဝန်ထုပ် ဝန်ပိုးတစ်ခု သေချာပေါက်တွေ့တော့မှာပါ။ ကျောက်မီးသွေးကို လျှော့နိုင်ဖို့ နည်း(ခ)ကိုသာရွေးရင် အလွန်အမင်းတိုးရမှာတွေက နျူကလီးယား၊ ဓာတ်ငွေ့၊ ရေအား၊ ဇီဝလောင်စာ၊ လေ၊ နေစွမ်းအင်တွေပဲရှိပါတယ်။
ဆက်လက်ဖော်ပြပါမည်။