တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မဟာမြိုင်တောရ ဒီပါအေးမြကုန်းတော်၌ တည်ထားကိုးကွယ်သည့် လေးကျွန်းရန်အောင် စေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညို

နေပြည်တော်၊ အောက်တိုဘာ - ၂၈

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မျိုးမိုးအောင်နှင့် အဖွဲ့ဝင်များ လိုက်ပါလျက် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေး၀မြို့နယ်၊ မဟာမြိုင်တောရ ဒီပါအေးမြကုန်းတော်၌ တည်ထားကိုးကွယ်သည့် လေးကျွန်းရန်အောင် စေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုသည်။   
 ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် မဟာမြိုင်တောရသို့ ရောက်ရှိကြရာ သစ္စာပန်းတောင်းကျေးရွာမှ ဒေသခံပြည်သူများ၊  မဟာမြိုင်တောရ သဲဖြူဆရာတော် ဘဒ္ဒန္တ ပညာဇောတ ဦးစီးဦးဆောင်မှုဖြင့် ပညာသင်ကြားပေးလျက်ရှိသည့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသားကျောင်းသူများက ကြိုဆိုနှုတ်ဆက်ကြသည်။     
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးနှင့်အဖွဲ့ဝင်များက လေးကျွန်းရန်အောင် စေတီတော်မြတ်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်း၊ ဆီမီး ပူဇော်ကြပြီး မဟာမြိုင်တောရ သဲဖြူဆရာတော်ကြီးအား ဖူးမြော်ကြည်ညိုကာ တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများက လှူဒါန်းသည့် ဆွမ်းဆန်တော် ၉၀ အိတ်၊ ဆီ ၁၃၆ ပိဿာ ၊ ဆား ၄၅ ပိဿာ၊ ပဲ ၃၀၂ ပိဿာ၊ တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် သုံးကုန်ပစ္စည်းများ၊ ဝတ္ထုငွေများနှင့် စားသောက်ဖွယ်ရာများကို ဆက်ကပ် လှူဒါန်းကြပြီး ဆရာတော်ကြီးထံမှ အနုမောဒနာတရားကို နာယူကာ ရေစက်သွန်းချအမျှ ပေးဝေကြသည်။ ယင်းနောက် မဟာမြိုင်တောရ သဲဖြူဆရာတော်ကြီးအမှူးပြုသည့် သံဃာတော် အရှင်သူမြတ်များ၊ သာမဏေများနှင့် သာသနာနွယ်ဝင်သီလရှင် ဆရာလေးများအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များက ဆွမ်းဆန်တော်များ၊  တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် သုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများကို   ဆက်ကပ်လောင်းလှူခဲ့ကြသည်။   
၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် မဟာမြိုင်တောရ ပရိဝုဏ်အတွင်း ဗုဒ္ဓမြတ်စွာဘုရား၏ ရုပ်ပွားတော်များ တည်ထားကိုးကွယ်ရန် ဆောင်ရွက်နေသည့် အခြေအနေများကို မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည်ညိုကာ အောင်စင်္ကြာစေတီတော်မြတ်အား သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြပြီး မဟာမြိုင်တောရ သဲဖြူဆရာတော်ကြီးအမှူးပြုသည့် ဆရာတော်၊ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင် ဆရာလေးများကို နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။   
 ထို့နောက် ညနေပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်ရှိ ရွှေတောင်ဦး တိပိဋက ဓမ္မပါလမဟာ ဝိဟာရ ကျောင်းတိုက်သို့ သွားရောက်၍ အုတ်ကန်စာသင်တိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ နန္ဒောဘာသ၊ ရန်ကင်းကျောင်းတိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ပညာဝံသနှင့် ဆရာတော်၊ သံဃာတော်များအား သွားရောက်ဖူးမြော်ကြည်ညိုသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးက အုတ်ကန်စာသင်တိုက် ပဓာန နာယက ဆရာတော်ထံသို့ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက လှူဒါန်းသည့် ဆွမ်းဆန်တော် ၁၀၀ အိတ်၊ ဆီ ၁၅၀ ပိဿာ၊ ဆား ၅၀ ပိဿာ၊ ပဲ ၃၃၅ ပိဿာ၊ တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် သုံးကုန်ပစ္စည်းများ၊ ဝတ္ထုငွေများနှင့် စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ တပ်မတော် အရာရှိကြီးများက ရန်ကင်းကျောင်းတိုက် ပဓာန နာယကဆရာတော်နှင့် သံဃာတော်များထံသို့ လှူဖွယ်ပစ္စည်းများကိုလည်းကောင်း အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြပြီး  ဆရာတော်၏ကျန်းမာရေးအခြေအနေများနှင့် သာသနာတော်ထွန်းကားပြန့်ပွားရေး ဆိုင်ရာများကို မေးမြန်းလျှောက်ထားခဲ့ကြကြောင်း သတင်းရရှိသည်။