တိုင်းပြည်အနှစ် သွေးသားစစ်တဲ့ မျိုးချစ်တပ်မတော်

တိုင်းပြည်အနှစ် သွေးသားစစ်တဲ့ မျိုးချစ်တပ်မတော်

    နိုင်ငံတိုင်းတွင် တပ်မတော် တစ်ရပ်စီရှိကြသည်။ ထိုတပ်မတော်တိုင်း၏ တာဝန်သည် နိုင်ငံကိုကာကွယ်ကြရန်ဖြစ်သည်။ နိုင်ငံတော် ကာကွယ်ရေးဆိုသည်မှာ နည်းပညာများ တိုးတက်လာမှုနှင့်အတူ ကာကွယ်ရေး တာဝန်များမှာလည်း ကျယ်ပြန့်လာသည်။ ဆိုလို

သည်မှာ နိုင်ငံတိုင်းတွင် နိုင်ငံတော် ကာကွယ်ရေးသည် စစ်မှုရေးရာတစ်ခုတည်းကိုသာ ဦးတည်လုပ်ဆောင်ခြင်းမျိုး မဟုတ်တော့ပေ။   ကာကွယ်ရေးနယ်ပယ် ကျယ်ပြန့်လာသလို စစ်ပွဲအသွင်မှာလည်း ကျယ်ပြန့်လာနေပြီဖြစ်သည်။ ဘက်စုံစစ်ပွဲ အသွင်အဖြစ် စစ်မှုရေးရာ ကျွမ်းကျင်သူတို့ သတ်မှတ်ထားသော နည်းလမ်းမှာ ခြောက်မျိုးရှိပေသည်။ ယင်းတို့မှာ နိုင်ငံရေးနည်း၊ စီးပွားရေးနည်း၊  လူမှုရေးနည်း၊ သဘောတရားရေးနည်း၊ ဝါဒဖြန့်ချိရေးနည်း၊ စစ်ရေးနည်းတို့ဖြစ်သည်။

သိပ္ပံပညာ ထွန်းကားမှုကြောင့် စစ်မှုအတတ်ပညာများသည် ပြောင်းလဲ တိုးတက်လျက်ရှိသည်။ စစ်မှုအတတ်ပညာ တိုးတက်မှုနှင့်အညီ  စစ်နည်းဗျူဟာ၊ စစ်မဟာဗျူဟာနှင့် စစ်အခြေခံ သဘောတရားများလည်း ပြောင်းလဲလျက်ရှိနေပြီဖြစ်သည်။ ခေတ်နှင့်အညီ ရင်ပေါင်တန်းနိုင်ရန် ခေတ်မီနည်းပညာများကို အချိန်နှင့်တစ်ပြေးညီ တတ်မြောက်ရန် လိုအပ်လာနေပြီဖြစ်သည်။ တပ်မတော်သို့ဝင်ရောက် အမှုထမ်းကြသူများသည် မည်ကဲ့သို့အခြေခံ စိတ်ဓာတ်များ ထားရှိပါစေ  သူတို့သည်  နောက်ဆုံးတွင် ငါ့နိုင်ငံတော်၊ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက်ဟူသော တိုင်းချစ်ပြည်ချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ်များဖြင့် တိုင်းပြည်ကို ပြည့်ပြည့်၀၀ စွမ်းစွမ်းတမံ ကာကွယ်စောင့်ရှောက်သူများ ဖြစ်လာကြသည်။

၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် ပထမဦးဆုံးသော ဗမာ့လွတ်လပ်ရေး တပ်မတော် (BIA)စတင်ပေါ်ပေါက်လာသည်မှ ယနေ့တိုင် တပ်မတော်သည် နိုင်ငံတော်အတွက်သာ အစဉ်မားမားမတ်မတ် ရပ်တည်လျက်ရှိပါသည်။ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု ကာလတွင် တပ်မတော်သည် အဓိက အင်အားစုအဖြစ် ပါဝင်ခဲ့သည်။ ခိုင်မာသည့် အဖွဲ့အစည်းဟူ၍လည်း တပ်မတော်သာရှိခဲ့သည်။ လွတ်လပ်ရေး ကြိုးပမ်းမှုတွင် တပ်မတော်ကသာ ဦးဆောင်ဦးရွက်ပြုကာ မြန်မာနိုင်ငံကို  အချုပ်အခြာအာဏာ ပိုင်ဆိုင်သည့် လွတ်လပ်သော နိုင်ငံဘဝသို့ရောက်ရှိအောင် ကြိုးပမ်းခဲ့သည့် အတွက် တပ်မတော်သည် နယ်ချဲ့ဆန့်ကျင်ရေးနှင့် လွတ်လပ်ရေးကြိုးပမ်းမှုတို့၌ သန္ဓေတည်ခဲ့သည်။

မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိသောအခါ အင်္ဂလိပ်က  Divide and Rule မူအရ သွေးခွဲအုပ်ချုပ်ခဲ့သော အကျိုးဆက်များကြောင့်   နိုင်ငံ၏ အမျိုးသားရေး စည်းလုံးညီညွတ်မှု ပြိုကွဲခဲ့ရသည်။ အာဏာရရှိရေး အတွက် ဝါဒစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဂိုဏ်းဂဏစွဲများကို အခြေခံသည့် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်လာခဲ့သည်။

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့တွင် လွတ်လပ်ရေး စတင်ရရှိသည်။  ဗမာပြည်ကွန်မြူနစ်ပါတီက ထိုလွတ်လပ်ရေးသည် စစ်မှန်သော လွတ်လပ်ရေးမဟုတ်ဟု ကြွေးကြော်ခဲ့သည်။ ၁၉၄၈ ခုနှစ်    မတ်လတွင်  ဗမာပြည်ကွန်မြူနစ်ပါတီ ကွန်ဖရင့်ကြီးကို ပျဉ်းမနားမြို့၌ ကျင်းပကြသည်။

ထိုကွန်ဖရင့်မှ ဆုံးဖြတ်ချက်များက အာဏာရ ဖဆပလ အစိုးရကို ပြောင်ပြောင်တင်းတင်း စစ်ကြေညာလိုက်သည်။ မတ်လ ၂၈ ရက်နေ့တွင် ဖဆပလ အစိုးရက ကွန်မြူနစ်ခေါင်းဆောင်များအား ဖမ်းဆီးရန် အမိန့်ထုတ်သည်။ သို့ရာတွင် နောက်ကျခဲ့သည်။ ဗမာပြည် ကွန်မြူနစ်ပါတီသည် လက်နက်စွဲကိုင် တောခိုသွားခဲ့ပြီဖြစ်သည်။

တောခိုကွန်မြူနစ်တို့သည် စစ်ကြီးအပြီးက ဝှက်ထားခဲ့သော လက်နက်ပုန်းတို့ကို ဖော်ထုတ်စွဲကိုင်ကာ နီးရာကျေးရွာ၊ ရဲကင်းများကို စီးနင်းတိုက်ခိုက်သည်။

တံတားတို့ကိုဖောက်ခွဲသည်။ မီးရထားလမ်းများကို ဖျက်ဆီးသည်။ ရွာများကိုမီးရှို့ကာ အကြောက်တရားဖြင့် ခြောက်လှန့်လိုက်သည်။ ထိုပွဲဦးထွက် လုပ်ဆောင်မှုကြောင့် လည်းကောင်း၊ ဝါဒဖြန့်ကောင်းမှုကြောင့် လည်းကောင်း  ရိုးသားသော တောသူတောင်သားအများအပြားတို့သည် ကွန်မြူနစ်တို့ဘက်သို့ ယိမ်းယိုင်သွားကြသည်။ ကွန်မြူနစ်တို့ တောခိုသောအခါ ကွန်မြူနစ်အပေါ်တွင် သံယောဇဉ်ငြိတွယ်လျက်ရှိသော ပြည်သူ့ရဲဘော်တွေလည်း မတည်မငြိမ်ဖြစ်လာခဲ့ကြသည်။

ထို့အတူ   ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့ (ကေအင်ဒီအို)တို့သည်လည်း လှုပ်လှုပ်ရွရွဖြစ်လာကြသည်။ ထိုအချိန်တွင် ပြည်ပက သွေးထိုးမြှောက်ပေးသည့် အရှိန်သည်လည်း မြင့်မားလာနေသည်။ အခြေအနေ ပိုမိုမဆိုးရွားစေရေးအတွက် လက်ဝဲညီညွတ်ရေး ခေါင်းစဉ်ဖြင့် ဖဆပလအစိုးရနှင့် ပြည်သူ့ရဲဘော်၊ ပြည်သူ့ရဲဘော်နှင့် ဆိုရှယ်လစ်၊ ဆိုရှယ်လစ်နှင့် တစ်သီးပုဂ္ဂလ ကွန်မြူနစ်၊ တစ်သီးပုဂ္ဂလကွန်မြူနစ်နှင့် ဖဆပလနှီးနှောကြသည်။ အပေးအယူတွေပြုကြသည်။ သို့ရာတွင် မိုးသာစင်စင်လင်းသွားသည်။ အဖြေက တိတိကျကျ ထွက်ပေါ်မလာဘဲနှင့်  မူရင်းအခြေအနေသို့ ပြန်ရောက်သွားပြန်သည်။

ထိုအခါကျမှ အစဉ်အလာရှိခဲ့သော တပ်မတော်သည် နိုင်ငံ၏ အရေးအခင်းဖြစ်သည်မို့ မနေသာတော့သဖြင့် နိုင်ငံရေးနယ်ပယ်၏ အစပ်သို့ဝင်ရောက်ခဲ့ရသည်။ တပ်အသီးသီးမှ ကိုယ်စားလှယ်များ စုဝေးပြီး တိုင်းပြည်အနာဂတ်အတွက် ဆွေးနွေးကြသည်။

ထိုဆွေးနွေးပွဲတွင် ဗိုလ်ချုပ်နေဝင်း၊ ဗိုလ်မှူးကြီးဇေယျတို့ ခေါင်းဆောင်သည်။ ၁၉၄၈ ခုနှစ် မေလ ၂၅ ရက်တွင် ဝန်ကြီးချုပ်ဦးနုက နု မူ ၁၅ ချက် ကြေညာသည်။

ပြည်သူ့ရဲဘော်အဖွဲ့တွင် ရဲဘော်ဖြူနှင့် ရဲဘော်ဝါဟူ၍ နှစ်ခြမ်းကွဲသွားသည်။ ဇူလိုင်လတွင် ရဲဘော်ဖြူတို့ တောခိုသွားကြပြန်သည်။ ထိုလှိုင်းဂယက်သည် တပ်တွင်းသို့ ရိုက်ခတ်လာခဲ့ပြီး တပ်မတော်ရှိ ကွန်မြူနစ်ဝါဒီများ တောခိုသွားသည်။

ထိုအတွင်း ကေအင်ဒီအိုလက်နက်ကိုင် အဖွဲ့တို့ကလည်း  တစ်နေ့တခြား  ပိုမို၍ထကြွလှုပ်ရှားလာကြသည်။ အစိုးရအား ပေါ်ပေါ်ထင်ထင်ပင် ပုန်ကန်လာကြသည်။ ၁၉၄၉ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် အင်းစိန်ကို သိမ်းပိုက်သည်။ အင်းစိန်တိုက်ပွဲ စတင်ဖြစ်ပွားသည်။

ဇန်နဝါရီ ၂၇ ရက် တောင်ငူ၊ ဖေဖော်ဝါရီ ၄ ရက် ပြည်မြို့များကို သိမ်းပိုက်သည်။ တောင်ငူမှ သူပုန်တပ်များက ပဲခူးသို့ဆင်းလာသည်။ ပြည်မှ သူပုန်တပ်များက ရန်ကုန်သို့ဆင်းလာသည်။ ထိုနှစ်ဖွဲ့မှာ အင်းစိန်ရှိ ကေအင်ဒီအိုနှင့်ပေါင်းကာ ရန်ကုန်ကိုသိမ်းပိုက်ရန် ဖြစ်သည်။ ပျော်ဘွယ်၊ မိတ္ထီလာ၊ ပြင်ဦးလွင်တို့မှာ ရန်သူ့လက်သို့ကျပြီးနောက် မတ်လ ၁၁ ရက်နေ့တွင် မန္တလေးမြို့ကျသည်။ ရန်သူတို့ သိမ်းပိုက်ထားသော နေရာများမှာ မန္တလေးမှ ညောင်လေးပင်ကားလမ်း တစ်လျှောက်တွင် ကေအင်ဒီအို၊ မြစ်ဝကျွန်းပေါ်ရှိ မြို့ကြီးများမှအပ နေရာအများစုတွင် ကေအင်ဒီအိုနှင့် ကွန်မြူနစ်၊ အင်းစိန်၌ ကေအင်ဒီအို၊ မော်လမြိုင်၊ သထုံဘက်တွင် မြို့ကြီးများမှအပ ကေအင်ဒီအို၊ ဧရာဝတီမြစ်ရိုးတစ်လျှောက် ကွန်မြူနစ်၊ ပြည်သူ့ရဲဘော်နှင့် တောခိုတပ်များ သိမ်းပိုက်စိုးမိုးထားသည်။

ထိုအကြားထဲက တပ်မတော်သည် ဟိုမှာတစ်စု၊ သည်မှာတစ်ဖွဲ့ ပြည်ထောင်စုအလံတော်ကို လဲကျမသွားစေရန် လှည့်ပတ်ကာကွယ်နေရသည်။ ထိုအချိန်က တပ်မတော်အင်အားသည် လွန်စွာ နည်းပါးလွန်းလှသော်လည်း နိုင်ငံတော်ကိုချစ်သည့်စိတ်က မိုးမြေမက ရှိနေသည်။ ထိုမျှများပြားသော ရောင်စုံသောင်းကျန်းသူတို့ကို တပ်မတော်က တိုက်ထုတ်နိုင်ခဲ့သည်။ တပ်မတော်ကသာလျှင် နိုင်ငံတော်၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်သည့် အဖွဲ့အစည်းအဖြစ် ရပ်တည်ခဲ့ရသည်။ တပ်မတော်သည် သက်တမ်းအားဖြင့် နုနယ်သေးသော အချိန်ကာလအတွင်းမှာပင် ပြည်တွင်း သောင်းကျန်းမှုကြီးနှင့် ပြည်ပတရုတ်ဖြူ ကျူးကျော်မှုကို ရင်ဆိုင်ခဲ့ရပြန်ရာ တပ်မတော်သားတို့၏ အသက်သွေးချွေးမြောက်မြားစွာ စတေးပြီး လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ခဲ့ရသည်။

ပြည်တွင်းသောင်းကျန်းမှု အရှိန်အဟုန်မြင့်တက်လာနေသည့် အချိန်တွင် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်ကြီးနေဝင်းက တာဝန်ယူရသည်။ ဗိုလ်ချုပ်ကြီး နေဝင်းသည် တို့ဗမာအစည်းအရုံးဝင် သခင်တစ်ဦးဖြစ်ပြီး တပ်မတော်ကိုစတင် တည်ထောင်ခဲ့သည့် ရဲဘော်သုံးကျိပ်ဝင် တစ်ဦးလည်းဖြစ်သည်။ ပြည်တွင်းရောင်စုံသောင်းကျန်းသူ အဖွဲ့များမှာ များပြားလွန်းလှသည်။ သခင်စိုးဦးဆောင်သော အလံနီကွန်မြူနစ်ပါတီသည် နိုင်ငံလွတ်လပ်ရေး မရမီကပင် တောခိုခဲ့သည်။

နိုင်ငံအနှံ့အပြား သောင်းကျန်းသူများ စိုးမိုးထားသည့် အတွက် ပြည်ပနိုင်ငံများက ဖဆပလအစိုးရကို ရန်ကုန်အစိုးရဟု ပြက်ရယ်ပြုခဲ့ကြသည်။ ထိုစဉ်က မြန်မာ့တပ်မတော်၏ အင်အားမှာ နှစ်သောင်းခန့်သာရှိပြီး သောင်းကျန်းသူအင်အားမှာ ၄၅၀၀၀ ခန့်ရှိခဲ့သည်။

ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သော တပ်မတော်သည် ဖိုးသာအောင်ကုန်းတံတား၊ ဝက်ကော်တံတား၊ ပဲခူးကတုတ်ဘုရားကြီး၊ အင်းစိန်၊ သာစည် စသည့်တိုက်ပွဲများကို အောင်မြင်စွာ တိုက်ပွဲဝင်ခဲ့ကြသည်။ ဤတိုက်ပွဲများသည်  နိုင်ငံတော်၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးမည့် တိုက်ပွဲများဖြစ်သည်။

၁၉၄၉ ခုနှစ်တွင် သောင်းကျန်းသူလက်မှ တစ်မြို့ပြီးတစ်မြို့  ပြန်လည်သိမ်းပိုက်ခဲ့ပြီး ဖြစ်သော်လည်းတပ်မတော်သားတို့မှာ သည့်ထက်ပိုမိုဆိုးရွားသော အန္တရာယ်နှင့်ကြုံတွေ့ရပြန်သည်။ ၁၉၅၀ ပြည့်နှစ် ဇန်နဝါရီလဆန်းမှစ၍ တရုတ်ဖြူအင်အား ၂၀၀၀ ခန့် မြန်မာနိုင်ငံအတွင်းသို့ ကျူးကျော်လာပြန်သည်။ ၁၉၅၂ ခုနှစ်အကုန်တွင် တရုတ်ဖြူအင်အားမှာ ၁၅၂၅၀ ခန့် ဖြစ်လာသည်။ တပ်မတော်သည် ကျူးကျော်သူကူမင်တန် (တရုတ်ဖြူ)များအား ကျိုင်းတုံစစ်ဆင်ရေး၊ ဆင်ဖြူရှင်စစ်ဆင်ရေး၊ မိုင်းယောင်းစစ်ဆင်ရေး၊ မိုင်းခတ်စစ်ဆင်ရေး အပါအဝင် စစ်ဆင်ရေးကြီးပေါင်း ၂၀ ခု ဖြင့် ၁၉၅၀ ပြည့်နှစ်မှ ၁၉၅၅ ခုနှစ်အထိ ချေမှုန်း တိုက်ထုတ်ခဲ့ရသည်။

၁၉၆၂ ခုနှစ်    တော်လှန်ရေးကောင်စီ အစိုးရလက်ထက်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ၊ ကေအင်န်ယူ သောင်းကျန်းသူများနှင့် အခြားသောင်းကျန်းသူမျိုးစုံတို့အား နွေဦးစစ်ဆင်ရေး၊ ရွှေလင်းယုန်စစ်ဆင်ရေး အဆင့်(၁)မှ (၁၀)၊ ရွှေလဝင်းစစ်ဆင်ရေး အဆင့်(၁)မှ(၅)၊ မူးယစ်ဆေးဝါးနှိမ်နင်းရေး မိုးဟိန်းစစ်ဆင်ရေး အဆင့်(၁)မှ(၅)နှင့် ထော်ပိုင်စစ်ဆင်ရေးများဖြင့် ဆင်နွှဲတိုက်ခိုက်ခဲ့ပြီး မုံးကိုးစခန်းတိုက်ပွဲ၊ ကုန်းကြမ်းစခန်း တိုက်ပွဲ၊ ငါးပြေမစားကျက် တိုက်ပွဲ၊ မန်ယုံမော် တိုက်ပွဲ၊ မုံးစီး-နားလယ်တိုက်ပွဲ၊ ကွမ်းလုံရက် ၄၀ တိုက်ပွဲ၊ ဆေးရုံစခန်းတိုက်ပွဲ၊ ပွိုင့် ၃၁၂၇ တောင်ကုန်း တိုက်ပွဲ၊ ကောင်းခမ်းတိုက်ပွဲ၊ လောအမ်ကျိုင်းတိုက်ပွဲ များမှာ မြန်မာ့တပ်မတော်၏ အောင်ပွဲရ ထင်ရှားသော တိုက်ပွဲများဖြစ်ခဲ့သည်။

၁၉၇၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဦးဆောင်မှု ကာလအတွင်း၌လည်း တပ်မတော်သည် သောင်းကျန်းမှုအမြစ်ပြတ် ချေမှုန်းရေးနှင့်အတူ မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် စစ်ဆင်ရေးပေါင်းများစွာ ဆင်နွှဲခဲ့ကြရပြန်သည်။ ၁၉၇၅ ခုနှစ်တွင် ပွိုင့် ၆၃၀၃ တိုက်ပွဲ၊ ၁၉၇၇ ခုနှစ်တွင် ခြူးရွှေစခန်းတိုက်ပွဲ၊ ၁၉၇၈ ခုနှစ်တွင် ပွိုင့် ၆၀၄၁ တိုက်ပွဲ၊ ၁၉၇၉ ခုနှစ်တွင် သံခမောက်ကုန်းတိုက်ပွဲ၊ ၁၉၈၀ ပြည့်နှစ်တွင် မဲသဝေါစခန်းတိုက်ပွဲ၊ ၁၉၈၁ ခုနှစ်တွင် မိုင်းယု/ကော်ကိုလွယ်စခန်း တိုက်ပွဲ၊ ၁၉၈၆ ခုနှစ်တွင်  စီစီဝမ်တာပန်၊ နမ့်တောင်း၊ ကြူကုတ်(ပန်ဆိုင်း)တိုက်ပွဲတို့သည် ထင်ရှားသည်။ ၁၉၈၈ ခုနှစ်တွင် နိုင်ငံတော်အတွင်း အရေးအခင်းကြီးဖြစ်လာသဖြင့် နောက်ဆုံးတွင် ကျစ်လျစ်ခိုင်မာ၍ သမိုင်းအစဉ်အလာကြီးမားလှသော တပ်မတော်ကပင် နိုင်ငံတော် တာဝန်ကိုယူလိုက်ရသည်။

၁၉၈၈ ခုနှစ်တွင် မိုင်းယန်းတိုက်ပွဲ၊ ၁၉၈၉ ခုနှစ်တွင် မော်ဖိုးကေတိုက်ပွဲ၊ ၁၉၉၂ ခုနှစ်တွင် ရေကျော်စခန်း တိုက်ပွဲ၊ ပွိုင့်(၄၀၄၄)စခန်းတိုက်ပွဲ၊ ၁၉၉၅ ခုနှစ်  ဝါးခသစ်စခန်း တိုက်ပွဲ စသည်ဖြင့် တိုက်ပွဲပေါင်းမြောက်မြားစွာ ရှိခဲ့သည်။ တပ်မတော်အနေဖြင့်   ထာဝရငြိမ်းချမ်းရေးအတွက် လမ်းကြောင်းဖွင့်ကာ  လက်နက်ကိုင်ဆောင်မှု ချုပ်ငြိမ်းပြီး နိုင်ငံတစ်ဝန်းလုံး အေးချမ်းတည်ငြိမ်ရေးကို လုပ်ဆောင်လျက်ရှိပါသည်။ တပ်မတော်သားတို့သည် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်ရန်အတွက် မတိုက်လျှင်မဖြစ်၍သာ   တိုက်နေရခြင်းဖြစ်သည်။

ထိုသို့တိုက်ပွဲဝင်ကြသောအခါ၌     မိမိအား အထက်မှပေးအပ်သော တာဝန်ကို    ကျေပွန်အောင် ထမ်းဆောင်လိုကြသည်။  တပ်မတော်သားတို့အတွက်  မဖြစ်နိုင်သော အရာဟူ၍မရှိပါ။

စာရေးသူအနေဖြင့် မြန်မာ့သမိုင်းတွင် တပ်မတော်က ပါဝင်ထမ်းဆောင်ခဲ့ရသော  လွန်စွာခက်ခဲလှသည့် စစ်ဆင်ရေးအချို့ကိုသာ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။ ယနေ့လူငယ်မျိုးဆက်သစ်တို့မှာ တပ်မတော်၏ သမိုင်းကြောင်းဖြစ်ရပ်မှန်များကို သိရှိသူနည်းပါးလှသည့် အတွက် ဖြစ်ရပ်မှန်များကို သိစေချင်သည်။ မိမိနိုင်ငံ၊ မိမိတပ်မတော် အကြောင်းကို အမှန်အတိုင်း သိပါမှ တပ်မတော်ကို တန်ဖိုးထားလေးစားကြမည်ဖြစ်သည်။ တိုင်းပြည်အနှစ် သွေးသားစစ်တဲ့ မျိုးချစ်တပ်မတော်အဖြစ် တန်ဖိုးထားပြီး လက်ဆင့်ကမ်း အမွေကို ထိန်းသိမ်းနိုင်ကြမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။    ။

ဘုန်းမောင်ဝင်း(ဖျာပုံ)