အမ်းမြို့နယ်နှင့် မကွေးမြို့နယ်တို့၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

အမ်းမြို့နယ်နှင့် မကွေးမြို့နယ်တို့၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ မတ် - ၁၇

          တပ်မတော်အနေဖြင့် ပြည်သူများ၏ ကျန်းမာရေးမြှင့်တင်မှုကဏ္ဍတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီး၌ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ နယ်မြေခံဆေးကုသရေးအဖွဲ့များက မြို့နယ်၊ ကျေးရွာများအထိ သွားရောက်၍ ဒေသခံတိုင်းရင်းသား ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို လူမျိုး၊ ဘာသာ၊ အချိန်၊ နေရာမရွေး ဆောင်ရွက်ပေးလျက်ရှိသည်။

          ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ တပ်တောင်မြို့ရှိ သာသနာ့ဝေပုလ္လာရာမ ဘုန်းတော်ကြီးကျောင်း၌ သံဃာတော်များနှင့် ဒေသခံပြည်သူ စုစုပေါင်း ၃၇၀ ဦးအားလည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်ရှိ ဆူးကောက်စမ်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ သံဃာတော် များနှင့် ဒေသခံပြည်သူ ၁၇၆ ဦးအားလည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် များမှ နယ်မြေခံဆေးကုသရေးအဖွဲ့များက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးကြသည်။

          နယ်မြေခံဆေးကုသရေးအဖွဲ့များက သံဃာတော်များနှင့် ဒေသခံပြည်သူများ အား သွေးတိုးရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါ၊ ဆီးချိုရောဂါ၊ အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ ကလေးရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ECG ၊ အမ် ထရာဆောင်းစက်တို့ဖြင့် ရောဂါရှာဖွေစမ်းသပ်ပေးခြင်းများ ဆောင်ရွက်ပေးသည်။

          ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ ဒုတိယတိုင်းမှူးများနှင့် တာဝန်ရှိသူများကသွားရောက်ကြည့်ရှုအားပေးပြီး အာဟာရ ဖြည့်စားသောက်ဖွယ်ရာများပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။