ပန်ကာလေနှင့် ကျန်းမာရေး
မြန်မာနိုင်ငံမှာ မတ်လကနေ မေလကုန်အထိ နွေရာသီအဖြစ်သတ်မှတ်ပါတယ်။ အခုလိုပူပြင်းခြောက် သွေ့တဲ့နွေရာသီမှာ ပန်ကာဖွင့်ပြီး အပူသက်သာအောင် ပြုလုပ်တတ်ကြပါတယ်။ ဒါ့ပြင် ပူအိုက်တဲ့ရာသီတွေ မှာ လူငယ်တွေ၊ လူကြီးတွေအနေနဲ့ အဲကွန်းနဲ့ပန်ကာ ဖွင့်အိပ်တတ်ကြပါတယ်။ ပန်ကာဖွင့်အိပ်တာက ကောင်းကျိုးရှိသလို ဆိုးကျိုးလည်းရှိပါတယ်။
ပန်ကာဖွင့်အိပ်တာရဲ့ကောင်းကျိုးက မွေ့ရာနဲ့ အိပ်တတ်သူတွေဆိုရင် အပူဒဏ်ကြောင့် အနံ့အသက် တစ်မျိုးထွက်တတ်ပြီး ပန်ကာဖွင့်အိပ်တာကြောင့် အခန်းထဲမှာရှိတဲ့လေထုကို ထိန်းညှိပေးနိုင်တဲ့အတွက် အနံ့အသက်ကင်းစေနိုင်ပါတယ်။
ပန်ကာဖွင့်ပြီးအိပ်တာက အသက်ရှူလမ်းကြောင်း နဲ့ ခံတွင်းခြောက်တာဖြစ်စေနိုင်ပါတယ်။ ပန်ကာကနေ ထွက်တဲ့လေက ခန္ဓာကိုယ်မှာရှိတဲ့ရေဓာတ်တွေကို အငွေ့ပြန်အောင်ပြုလုပ်တဲ့အတွက် ပန်ကာလေ ကြာကြာခံရင် အသက်ရှူလမ်းကြောင်းနဲ့ ခံတွင်း ခြောက်တာတွေ ဖြစ်စေနိုင်ပါတယ်။ ပန်ကာကနေထွက် တဲ့လေက ခန္ဓာကိုယ်မှာရှိတဲ့ရေဓာတ်တွေကို အငွေ့ ပြန်အောင်ပြုလုပ်ပေးတဲ့အတွက် ပန်ကာလေကို ကြာကြာခံရင် လည်ချောင်းယားတာ၊ ချောင်းဆိုးတာ ဖြစ်စေနိုင်ပါတယ်။
ပန်ကာလေကြောင့် ဓာတ်မတည့်မှုကို ဖြစ်စေနိုင်ပါတယ်။ ပန်ကာလေကနေတစ်ဆင့် ပတ်ဝန်းကျင်မှာရှိတဲ့ ဖုန်မှုန့်တွေကို လွှင့်ထုတ်လိုက်သလိုဖြစ်ပြီး အသက်ရှူလမ်းကြောင်းထဲကို ဝင်သွားတဲ့အခါ ပန်းနာ၊ ရင်ကျပ်ရောဂါသမားတွေအနေနဲ့ ပန်းနာ၊ ရင်ကျပ် ရောဂါဖြစ်စေနိုင်ပါတယ်။ ပန်ကာလေက ပန်းနာ၊ ရင်ကျပ်ရောဂါဖြစ်စေတဲ့အပြင် နှာမွှန်တာဖြစ်စေနိုင်သလို မျက်လုံးထဲကို ဖုန်မှုန့်တွေဝင်တာကြောင့် မျက်စိနာတာ၊ မျက်စိယားယံတာတွေလည်း ဖြစ်စေနိုင်ပါတယ်။ ဖုန်မှုန့်တွေက နှာခေါင်းထဲဝင်ရင်လည်း နှာခေါင်းယားယံတာမျိုး၊ နှာခေါင်းရဲ့ လေအိတ်ယားတာမျိုးဖြစ်စေနိုင်တာကြောင့် ပန်ကာကို သတိထားပြီး အသုံးပြုသင့်ပါတယ်။ ပန်ကာလေက လေပူဖြစ်တဲ့အတွက် အသားအရေခြောက်တာမျိုးတွေဖြစ်စေနိုင်တယ်။ ဒါကြောင့် ပန်ကာဖွင့်ပြီး အိပ်မယ်ဆိုရင် Lotion နဲ့ Moisture လိမ်းပြီးအိပ်တာက အသားခြောက်တာကနေ ကာကွယ်ပေးနိုင်ပါတယ်။
ပန်ကာလေကနေတစ်ဆင့် ခန္ဓာကိုယ်ရဲ့ရေဓာတ်တွေနဲ့ ဓာတ်ပြုပြီး ခန္ဓာကိုယ်က ရေဓာတ်တွေက အေးစက်တာပိုပြီး ဖြစ်စေတဲ့အတွက် ကြွက်တက်တာ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ပန်ကာလေခံသူတွေ ခြေသလုံးနာကျင်တာ၊ ဆွဲထားသလို တင်းနေတာတွေ ဖြစ်စေနိုင်ပါတယ်။ ပြီးတော့ ပန်ကာလေရေရှည်ခံတဲ့သူ တွေအနေနဲ့ ခေါင်းကိုက်တာ၊ အိပ်ရေးမဝသလိုဖြစ်နေ တာ၊ ပျို့အန်ချင်တာမျိုးတွေဖြစ်စေတတ်ပါတယ်။
ပန်ကာလေက ဦးနှောက်မှာရှိတဲ့ အာရုံကြောအပေါ် ဟန့်တားတာရဲ့ သက်ရောက်မှုဖြစ်နိုင်ပါတယ်။ တစ်ခါတလေ ညဘက်မှာ ပူလွန်းတဲ့အတွက် ပန်ကာ တစ်ညလုံးဖွင့်ပြီး အိပ်လိုက်ရင် မနက်အိပ်ရာနိုးတဲ့ အချိန်မှာ စိတ်မကြည်မလင်ဖြစ်တာမျိုး၊ ခေါင်းကိုက်တာမျိုး၊ ပျို့အန်တာမျိုးဖြစ်နေပြီဆိုရင် ပန်ကာလေကြောင့်လားဆိုတာ သတိပြုသင့်ပါတယ်။
ပန်ကာလေကြောင့်ဖြစ်နိုင်တဲ့အထဲမှာ အထူးသတိထားသင့်တာက လေဖြန်းနိုင်တာပဲဖြစ်တယ်။ တချို့ အမျိုးသားတွေ အရမ်းပူလို့ဆိုပြီး အင်္ကျီချွတ်အိပ်တာ၊ အမျိုးသမီးတွေ အင်္ကျီအပါးတွေဝတ်ပြီး အိပ်တာမျိုးတွေ ဆိုရင် ပန်ကာလေကြောင့် လေဖြန်းတာဖြစ်စေနိုင်ပါ တယ်။ ဒါကြောင့် ပန်ကာကို သတိထားပြီးအသုံးပြုဖို့ လိုအပ်ပါတယ်။
အပူသက်သာအောင် တခြားလုပ်နိုင်တာတွေရှိပါတယ်။ မအိပ်မီ ရေချိုးလို့ရပါတယ်။ ရေချိုးတာက ခန္ဓကိုယ်ထဲမှာရှိတဲ့အပူတွေကို ကျဆင်းစေတာကြောင့် မအိပ်ခင်ရေချိုးတာက အိပ်တဲ့အချိန်မှာ အပူသက် သာဖို့ ကူညီပေးတယ်။ ပြီးတော့ သက်သောင့်သက်သာရှိစေဖို့ ညအိပ်တဲ့အချိန်မှာ ပေါ့ပေါ့ပါးပါးရှိတဲ့ ချည်သားအင်္ကျီတွေ ဝတ်အိပ်တာကလည်း အပူသက်သာပြီး အိပ်တဲ့အခါ သက်သောင့်သက်သာဖြစ်စေနိုင် ပါတယ်။ နေ့ခင်းဘက်မှာ အခန်းကို လေဝင်လေထွက် ကောင်းအောင် တံခါးတွေ ဖွင့်ပေးထားသင့်ပါတယ်။
သတိပြုသင့်တာက မွေးကင်းစကလေးငယ်တွေရှိတဲ့ အလုံပိတ်အခန်းတွေထဲမှာ ပန်ကာဖွင့်ရင် အန္တရာယ်ရှိတဲ့အတွက် ပန်ကာလေ တိုက်ရိုက်မရောက်ဖို့ လိုအပ်ပါတယ်။ ပန်ကာလေမပြင်းဖို့လည်း လိုအပ်ပါတယ်။ ပန်ကာဖွင့်အိပ်တာက ကောင်းကျိုးတွေရှိနိုင်သလို ဆိုးကျိုးတွေလည်းရှိနိုင်တဲ့အတွက် ကျန်းမာရေးပြဿနာတွေကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ပန်ကာဖွင့်အိပ်ရင် ပန်ကာကို ပတ်ချာလည်လှည့်တာမျိုး၊ အချိန်အကန့်အသတ်နဲ့ ဖွင့်အိပ်တာမျိုးပြုလုပ်သင့်ပါတယ်။
အဲကွန်းအသုံးပြုရာတွင် အအေးဓာတ်ကိုအမြင့်ဆုံးမှာ မထားသင့်ပါဘူး။ တစ်ညလုံးဖွင့်အိပ်မယ်ဆိုရင် အအေးလျှော့ပြီး အိပ်စက်သင့်ပါတယ်။ အဲကွန်းဖွင့်ပြီး အိပ်စက်တဲ့အခါ အခန်းမှာထားရှိရမယ့် အအေး ဒီဂရီစင်တီဂရိတ်က အခန်းအကျယ်အဝန်းအပေါ် မူတည်ပါတယ်။
အဲကွန်းနဲ့ပန်ကာက ကွာခြားပါတယ်။ ပန်ကာက လေကိုတိုက်ရိုက်မှုတ်ပေးတဲ့အတွက် ပန်ကာလေက လူ့ခန္ဓာကိုယ်ကထွက်နေတဲ့ အခိုးကိုငုပ်စေပြီး စတိုမာ လို့ခေါ်တဲ့ မွေးညင်းပေါက်လေးတွေကို ပိတ်စေနိုင်ပါ တယ်။ ပတ်ချာလည်နေတဲ့ပန်ကာကို အဝေးမှာထား ပြီးဖွင့်အိပ်ရင် ကျန်းမာရေးအတွက် အဆင်ပြေစေနိုင်ပါ တယ်။ အနားကပ်ပြီး မအိပ်သင့်ပါဘူး။ ခြင်၊ ယင်မလာရုံ ဖွင့်ချင်ဖွင့်နိုင်ပါတယ်။ ပန်ကာအမြဲတမ်းဖွင့်အိပ်ရင် တစ်ကိုယ်လုံးညောင်းညာနေတတ်ပါတယ်။ နေ့လယ် နေ့ခင်း မျက်နှာကြက်ပန်ကာအောက်မှာထိုင်ပြီး အလုပ် လုပ်လေ့ရှိသူများ ဆံပင်ကျွတ်ပြီး ထိပ်ပြောင်လွယ်ကြောင်း တွေ့ရပါတယ်။
အဲကွန်းက ပန်ကာလေလောက် ပြဿနာမရှိပါဘူး။ ပန်ကာလေရဲ့သဘာဝက လူသားရဲ့ချွေးထွက်မယ့် မွေးညင်းပေါက်လေးတွေကို ကျုံ့စေတဲ့သတ္တိရှိလို့ လူနဲ့မတည့်ပါဘူး။ပူအိုက်လို့ ညဘက်ရေထချိုးတယ်။
ခေါင်းလျှော်တယ်။ ပြီးတော့ အိပ်ရာထဲချွေးမပြန်အောင် ပန်ကာဖွင့်အိပ်ရင် ရေဓာတ်က အငွေ့ပြန်ပါတယ်။
လိုအပ်တဲ့အပူချိန်ကို ဦးခေါင်းကနေရယူပါတယ်။
ဒါကြောင့် ဦးခေါင်းတဖြည်းဖြည်းအပူချိန်လျော့လာတယ်။ အိပ်မပျော်သေးခင် ခန္ဓာကိုယ်က အပူထုတ် ပေးနေတော့ ပြဿနာသိပ်မရှိသေးပါဘူး။ အိပ်ပျော် သွားပြီဆိုရင် အပူမထုတ်တော့ပါဘူး။ အပူထုတ်တာ နည်းသွားတဲ့အချိန် ဦးခေါင်းက အတိုင်းအဆမရှိအေးလာတယ်။ အေးလာတော့ ဦးခေါင်းက အရေပြားကျုံ့လာပါတယ်။ ခန္ဓာကိုယ်အတွင်းပိုင်းကတော့ အခန်းအပူချိန်အတိုင်း ဆက်ရှိနေပါတယ်။ ဦးခေါင်း ကိုစီးနေတဲ့သွေးတွေကို အတင်းဖျစ်ညှစ်သလိုဖြစ်ပြီး သွေးမလျှောက်တာ၊ သွေးကြောပြတ်တာ တို့ဖြစ်ပြီး လေဖြန်းတာ၊ လေဖြတ်တာဖြစ်စေပါတယ်။
ပန်ကာနဲ့အိပ်မယ်ဆိုရင် ညဘက်ခေါင်းမလျှော်သင့်ပါဘူး။ ဆံပင်မခြောက်ဘဲ စိုထိုင်းထိုင်းနဲ့ အိပ်ရာမဝင်သင့်ပါဘူး။ ပန်ကာနဲ့အိပ်ရင် တစ်နာရီလောက် အိပ်ပျော်ချိန် မှန်းပြီး Timer ပေးအိပ်သင့်ပါတယ်။ timer မရှိရင် ပန်ကာလေကို ဦးခေါင်းနဲ့တိုက်ရိုက်မထိစေ
သင့်ပါဘူး။ အရက်သောက်ပြီးအိပ်ရင်လည်း ပန်ကာ လေ တိုက်ရိုက်မထိအောင် သတိပြုသင့်ပါတယ်။ ။
ဒေါက်တာလွင်သန့်