တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မုံရွာတပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုများအား ရင်းရင်းနှီးနှီး တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ အောက်တိုဘာ - ၂၈     
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ မွန်းလွဲပိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ မုံရွာတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားသည်။     
အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မျိုးမိုးအောင်နှင့်ဇနီး၊ မုံရွာတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။    
ထိုသို့တွေ့ဆုံရာ၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ တပ်ရင်းတပ်ဖွဲ့များသို့ (COVID-19) ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ရန်နှင့် တပ်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးရန် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ကမ္ဘာတွင် လက်ရှိကူးစက်ဖြစ်ပွားနေသည့် (COVID-19) ရောဂါကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization-WHO)က အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေ (Public Health Emergency of International Concern) အဖြစ်ကြေညာခဲ့ပြီး၊ Coronavirus Disease 2019(COVID-19) ကူးစက်မြန်ရောဂါ(သို့မဟုတ်) တိုင်ကြားရမည့် ကူးစက်ရောဂါ၊ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ (Pandemic) အဖြစ်သတ်မှတ်ကြေငြာထားကြောင်း၊  အဆိုပါရောဂါသည် အသက်ရှု လမ်းကြောင်းဆိုင်ရာရောဂါများ၊ သွေးတိုး၊ ဆီးချို၊ နှလုံး စသည့် ရောဂါအခံရှိသူများတွင် ရောဂါဝေဒနာ ပိုမိုဆိုးရွားစွာ ခံစားကြရကြောင်း၊ မိမိတို့နိုင်ငံတွင် ယခင်က တစ်ရက်လျှင် လူဦးရေ ရာဂဏန်းခန့်သာ ကူးစက်မှုရှိခဲ့သော်လည်း လက်ရှိတွင် တစ်ရက်လျှင် ထောင်ဂဏန်းခန့် ကူးစက်မှု မြင့်မားလာသည်ကို တွေ့ရှိရကြောင်း။    
ရောဂါကူးစက်မှုများ စတင်ဖြစ်ပွားခဲ့သည့်  ကူးစက်ဖြစ်ပွားမှု ပထမလှိုင်းကာလတွင် အင်အားကြီးနိုင်ငံများဖြစ်သည့် ပြင်သစ်၊ အမေရိကန်နှင့် အိန္ဒိယနိုင်ငံတို့တွင် ရောဂါကူးစက်မှုနှုန်းမြင့်တက်ခဲ့ပြီး များသောအားဖြင့် ဆေးလိပ်၊ အရက် အလွန်အကျူး သုံးစွဲသူများနှင့် ရောဂါအခံရှိသူများတွင် ပိုမိုဖြစ်ပွားပြီး သေဆုံးမှုပိုမိုများပြားခဲ့သည်ဟု သတင်းများတွင် တွေ့ရှိရကြောင်း၊ ရောဂါကူးစက်ဖြစ်ပွားမှုအနေဖြင့် မိမိတို့ နိုင်ငံတွင် ယနေ့နံနက်အထိ ဓာတ်ခွဲအတည်ပြု လူနာဦးရေ ၄၇၀၀၀ ကျော်၊ သေဆုံးသူ ဦးရေ ၁၁၀၀ ကျော်ရှိပြီဖြစ်ပြီး တစ်ကမ္ဘာလုံးတွင် ဖြစ်ပွားသူဦးရေ ၄၃ သန်းကျော်၊ သေဆုံးသူဦးရေ တစ်သန်းကျော် ရှိပြီဖြစ်ကြောင်း၊ ကြိုတင်ကာကွယ်ခြင်းသည်သာလျှင် အကောင်းဆုံးဖြစ်သဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သတ်မှတ်စည်းမျဉ်း စည်းကမ်းများနှင့်အညီ နေထိုင်သွားလာကြရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ရောဂါစတင်ဖြစ်ပွားချိန် ကတည်းကပင် မျက်ခြည်မပြတ်စောင့်ကြည့်၍ လိုအပ်သည့် ဆွေးနွေးညှိနှိုင်းပြင်ဆင်မှုများပြုလုပ်ခဲ့ပြီး သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအတိုင်း တိတိကျကျလိုက်နာဆောင်ရွက်စေခြင်းဖြင့် ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်ခဲ့ကြောင်း။   
 ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ(၇)၌ နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်းပြည့်၀သော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်ဟု ပြဌာန်းထားကြောင်း၊ ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်ရာတွင် စည်းကမ်းပြည့်၀မှုနှင့် လိုက်နာမှုတို့သည် အဓိက အရေးကြီးကြောင်း၊ ထို့ကြောင့် မကြာမီတွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ၌ ဥပဒေစည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာသူ၊ စည်းမျဉ်း စည်းကမ်းအတိုင်း ဆောင်ရွက်တတ်သူများ ဥပဒေပြုလွှတ်တော် အသီးသီးသို့ ရောက်ရှိလာရန် အရေးကြီးကြောင်း၊ သို့မှသာ ဒီမိုကရေစီစနစ် ဖော်ဆောင်ရာ၌ အောင်မြင်နိုင်ပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ စည်းမျဉ်းစည်းကမ်းများဆိုရာတွင် မိမိတို့ နိုင်ငံတွင်သာမက ကမ္ဘာ့နိုင်ငံအသီးသီး၌ ၎င်းတို့၏ သမိုင်းအစဉ်အလာ ရိုးရာယဉ်ကျေးမှုနှင့် ဆက်နွယ်နေသည့် စည်းမျဉ်းစည်းကမ်းများရှိကြောင်း၊ မြန်မာတို့သည် ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဓလေ့ထုံးတမ်းစဉ်လာများရှိသည့် နိုင်ငံနှင့် လူမျိုး ဖြစ်သည်ကို သိရှိ ထားရမည်ဖြစ်ကြောင်း။    
ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာ၌ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် ပညာနှင့်ယှဉ်သော ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နိုင်ရေး နိုင်ငံသားအားလုံး ပညာရည် ပြည့်၀ရန် လိုအပ်မည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့်လည်း စစ်သည်များ၊ ရဲမေများနှင့် မှီခိုသူ သားသမီးများ၏ ပညာရေးကို စဉ်ဆက်မပြတ် အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ပညာရေးနည်းပါးခဲ့သည့် စစ်သည်၊ ရဲမေများအား အခြေခံပညာ ဆက်လက်သင်ကြားနိုင်ရေး ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှစ၍ စီမံချက် ချဆောင်ရွက်ခဲ့ကြောင်း၊ စစ်သည်များ၊ စစ်မှုထမ်းဟောင်းများ၏ သားသမီးများ၏ ပညာ ရေးကိုလည်း မြှင့်တင်ဆောင်ရွက်ခဲ့ပြီး ထူးချွန်သူများကို ၂၀၁၃ ခုနှစ်မှစ၍ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် ဂုဏ်ပြုဆုချီးမြှင့်သည့် အခမ်းအနားများကို ဆောင်ရွက် ပေးခဲ့ကြောင်း၊ ထူးချွန်သူများအနက်မှ ထပ်မံရွေးချယ်၍ နိုင်ငံတကာအတွေ့အကြုံရရှိရေး ပြည်ပလေ့လာရေးခရီးစဉ်များကိုလည်း စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ နှစ်စဉ်ပညာ သင်ဆုများချီးမြှင့်၍ ပညာရေးမြှင့်တင်ရေးလုပ်ငန်းများကို အလေးထား ဆောင်ရွက်လျက်ရှိရာ စစ်သည်များ၊ တပ်မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းမိသားစုဝင်များ အနေဖြင့် "ပညာရဲရင့် ပွဲလယ်တင့်ရန်" ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းဖြင့် မှာကြားသည်။    
တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်နယ်အသီးသီးရှိ အရာရှိစစ်သည်မိသားစုများအတွက် Surgical Mask များ၊ စားသောက်ဖွယ်ရာများ၊ စာအုပ်စာစောင်များနှင့် အားကစားပစ္စည်းများကို လည်းကောင်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှက မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းအတွက် ချီးမြှင့်ငွေများကိုလည်းကောင်း အသီးသီးပေးအပ်ရာ တိုင်းမှူးနှင့်ဇနီးတို့က လက်ခံရယူကြသည်။        
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။