နွေရာသီနှင့်သင့်လျော်သော ချင်းသုပ်

နွေရာသီနှင့်သင့်လျော်သော ချင်းသုပ်

    ပူပြင်းသောနွေရာသီတွင်   အစားပျက်လေ့ရှိကြသည်။  ထမင်းမစားချင်၊  သားကြီးငါးကြီးဟင်းများလည်း ချက်ပြီး နာရီအနည်းငယ်ကြာသည်နှင့် အရသာ ပျက်ပြီး  သိုးနံ့ထွက်လွယ်သော ရာသီဥတုဖြစ်သည်။ အသီးအနှံများမှာလည်း နွမ်းလွယ်သည်။ လတ်ဆတ်မှု မရှိသဖြင့်  ကြော်လှော်စားလျှင် မကောင်း၊   သီးစုံချဉ်ရည်ဟင်းကဲ့သို့ အရည်သောက်ဟင်းမျိုးသာ ခံတွင်းတွေ့နိုင်သော ရာသီဖြစ်သည်။

လူကြီးများအတွက် ယခုရာသီတွင် သင့်လျော်သော ဓာတ်စာတစ်မျိုးကို ရေးသားရလျှင် ချင်းသုပ်တစ်ပွဲ၏ အကျိုးနှင့်အာနိသင်ကို တင်ပြလိုပါသည်။ မြန်မာလူမျိုးတို့၏ အကြိုက်ဆုံးမှာ  လက်ဖက်သုပ်ဟု ဆိုနိုင်သော်လည်း ချင်းသုပ်မှာလည်း ရိုးရာဓလေ့အရ စားသုံးမှုများသည့် အစားအစာဖြစ်သည်။ လက်ဖက်သည် လေကိုချုပ်စေသည်။ ချင်းသည် လေကိုပွားစေနိုင်သည့်အတွက် ယင်းတို့မှာ ဆန့်ကျင်ဘက် အစားအစာနှစ်မျိုးဖြစ်သော်လည်း ထိုနှစ်မျိုးစလုံးပင် အစာစားမကောင်းသောအခါ နှုတ်ကိုမြိန်စေသော အစာများအဖြစ် အကျိုးပြုလျက်ရှိပေသည်။

ချင်း၏မူလအစမှာ အိန္ဒိယနိုင်ငံမှ တင်သွင်းလာခြင်းဖြစ်သည်။ ချင်းကို အစာကြေစေရန် ဟင်းချက်ရာတွင် ထည့်သွင်းအသုံးပြုကြသည်။  တိုင်းရင်းမြန်မာဆေး၊ အစာကြေဆေး၊ ချွေးထုတ်ဆေး၊ အခိုးပွင့်ဆေး၊ သွေးကျေဆေး၊ သွေးမှန်ပေါ်ဆေး အမျိုးမျိုးတွင် ချင်းကိုအခြောက်လှန်းထားသည့်  ချင်းခြောက်မှုန့်  အမြဲပါဝင်လေ့ရှိသည်။  ချင်း၏အရသာမှာ  ပူစပ်ဖြစ်ပြီး  ပူကန်ပွင့်ကြေစေနိုင်သော အာနိသင်ရှိသည်ဟု ဆေးကျမ်းများကဆိုသည်။ အထူးသဖြင့် ငုပ်နေသော ရောဂါရှိလျှင် အပြင်သို့ ကန်ထွက်စေနိုင်သော သတ္တိရှိသည်။

ချင်းသုပ်တစ်ပွဲပြုလုပ်ရာတွင် လက်ဖက်သုပ်တစ်ပွဲ ကဲ့သို့ပင်   အဆာပလာ များထည့်ရန် လိုအပ်သည်။

သန့်စင်အောင်ပြုလုပ်ပြီး    လှီးဖြတ်ထားသော ချင်းအမျှင်များကို ရေတွင်စိမ်ထားပြီး သုပ်စားခါနီးမှ ဆားရည်တွင် ခေတ္တမျှပြန်စိမ်ရမည်။ ထို့နောက် နှမ်းလှော်၊ ကြက်သွန်ဖြူကြော်၊ ပဲလုံးကြော်၊ ပဲကြော်၊ ပဲစိမ်းကြော်များ ထည့်နိုင်သည်။ လက်ဖက်သုပ်နှင့် မတူသည်မှာ  ချင်းသုပ်တွင် အုန်းသီးကြော် ထည့်စားရခြင်းဖြစ်သည်။

ရှေးလူကြီးများက ချင်းစား၍ အပူကန်အားများလျှင် အပူကိုချေနိုင်စေရန်  အအေးစာဖြစ်သော  အုန်းသီးကြော်ကို ထည့်ပေးခြင်းဖြစ်နိုင်သည်။ ချင်းသုပ်ထဲသို့ ရှောက်ရည်ညှစ်ထည့်ခြင်းသည်လည်း  ချင်းအတွက်  အဖြေဓာတ်ဖြစ်သည်။

မိုးကုတ်၊ မဟာစည် စသောရိပ်သာနှင့် တရားစခန်း များ၌   ညချင်းသုပ်ဟုခေါ်သော   ညစာမစားသည့် အချိန်တွင် စားခွင့်ရှိသော ချင်းသုပ်တစ်မျိုးမှာ ပဲကြော်၊ ပဲလှော်  စသည့်အဆာပလာများ မပါဘဲ  ချင်းနှင့်နှမ်းလှော် အနည်းငယ်ရောထားပြီး ရှောက်ရည်ဆမ်းထားသည်။ ညတွင် ရေနွေးကြမ်းဖြင့် အဆာပြေစားလေ့ရှိကြသည်။

လူကြီးများ ချင်းသုပ်စားခြင်းဖြင့် နှုတ်မြိန်ပြီး စားချင်စိတ်ပြန်ပေါ်လာလေ့ရှိသည်။ အစာစားပြီး နေ့လယ် နေ့ခင်းတွင် စားလျှင်လည်း အစာကြေပြီး အိပ်ပျော်စေ နိုင်သည်။ ချင်း၏ထူးခြားသောအာနိသင်မှာ နွေရာသီ တွင်ဖြစ်ပေါ်လေ့ရှိသော မိတ်ထွက်ခြင်း၊ မိတ်ကိုက်၍ ယားယံခြင်းများကို  သက်သာစေသည်။  ချွေးငုပ်ပြီး ကိုယ်ပူခြင်း၊  အပူဖုထွက်ခြင်း၊  ချွေးအအေးပတ်ပြီး မိတ်ငုပ်ခြင်းများကိုပါ သက်သာစေနိုင်သည်။ ရေခဲ ရေအသောက်များ၍ မိတ်ထွက်လွန်သူများ ချင်းသုပ် စားပေးသင့်သည်။

အချုပ်အားဖြင့်ဆိုရသော် ချင်းသုပ်သည် ကျန်းမာရေးနှင် ညီညွတ်သည့်အပြင် ယခုကဲ့သို့ နွေရာသီတွင် ခံတွင်းမြိန်စေသော   အစားအစာတစ်မျိုးဖြစ်သောကြောင့် ဆေးဖက်ဝင်ချင်းသုပ်ကို လူကြီးလူငယ်မရွေး စားသုံးသင့်ကြောင်း     အကြံပြုရေးသား လိုက်ရပါသည်။  ။

ကြည်လွင်မြင့်(မုဒြာ)