အခွင့်အလမ်းများပွင့်ကြဖို့ အသက်မွေးဝမ်းကျောင်းသင် အထက်တန်းကျောင်းများ တက်ကြစို့

အခွင့်အလမ်းများပွင့်ကြဖို့ အသက်မွေးဝမ်းကျောင်းသင် အထက်တန်းကျောင်းများ တက်ကြစို့

    ယခုနှစ် ပညာသင်နှစ်အကုန်တွင် ကျွန်တော်တို့ အခြေခံပညာရေး ကျောင်းများသို့  ဝမ်းမြောက်ဖွယ် အသိပေးအကြောင်းကြားစာများ ရောက်ရှိလာပါသည်။ ၎င်းမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရပ်များကိုပါ  သင်ယူနိုင်မည့် အထက်တန်းကျောင်းများ ဖွင့်လှစ်မည့်အကြောင်း အသိပေး ဖြန့်ဝေလာခြင်းဖြစ်သည်။

နိုင်ငံတော်က  အနာဂတ်မျိုးဆက်သစ်များကို လက်တွေ့လုပ်ငန်းခွင်တွင် အမှန်တကယ် အသုံးဝင်၍ အသက်မွေးဝမ်းကျောင်းပြုနိုင်မည့် ပညာရပ်များကို တွဲဖက်သင်ကြားနိုင်မည့် ပညာရေး အစီအစဉ်များ ရေးဆွဲ အကောင်အထည်ဖော်လျက်ရှိသည်။ လာမည့် ပညာသင်နှစ်တွင် စက်မှုပညာရပ်၊ စိုက်ပျိုးရေးပညာရပ်များနှင့် မွေးမြူရေးပညာရပ်များကို အထက်တန်းဆင့်သင် ကျောင်းသားများ သင်ယူလေ့လာနိုင်ရန် ခရိုင် ၅၀ ခု၏ မြို့နယ်များရှိ အခြေခံပညာ အထက်တန်းကျောင်း  ၅၁ ကျောင်းတွင် တွဲဖက်ဖွင့်လှစ်မည် ဖြစ်သည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အဆိုပါ အသက်မွေးဝမ်းကျောင်း ပညာသင်အထက်တန်းကျောင်းများကို ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်တော့မည်ဖြစ်သည်။ ထိုကျောင်းများတွင် အထက်တန်းဆင့် ပညာရပ်များကို သင်ယူနေစဉ် ကာလအတွင်းမှာပင် စက်မှုနည်းပညာ၊ စိုက်ပျိုးရေး နည်းပညာ၊  မွေးမြူရေး နည်းပညာရပ်များကို သင်ယူတတ်မြောက်နိုင်သည့်  အခွင့်အလမ်းများ ရရှိမည်ဖြစ်ပြီး အတန်းပြီးမြောက်လျှင် သက်ဆိုင်ရာ လုပ်ငန်းများတွင် လုပ်ကိုင်နိုင်မည့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိမည်ဖြစ်သည်။

အသစ်ဖွင့်လှစ်မည့် အထက်တန်းဆင့်သင် စက်မှုနည်းပညာသင်ကျောင်း၊ စိုက်ပျိုးရေးနည်းပညာသင်ကျောင်း၊ မွေးမြူရေး နည်းပညာသင်ကျောင်းများတွင် အခြေခံပညာ အလယ်တန်းဆင့် Grade-9 အောင်မြင်ပြီးသူများ တက်ရောက် သင်ကြားခွင့်ရမည်။ထို့ကြောင့် အခြေခံပညာ အလယ်တန်းဆင့် (Grade-9 ) အောင်မြင်ပြီးသူများသည် အခြေခံပညာ အထက်တန်းဆင့် ပုံမှန်အတန်း Grade-10 သို့လည်းကောင်း၊ စက်မှုနည်းပညာသင် အထက်တန်းကျောင်း၊ စိုက်ပျိုးရေး အတတ်ပညာသင်  အထက်တန်းကျောင်းနှင့် မွေးမြူရေး အတတ်ပညာသင် အထက်တန်းကျောင်းများသို့ လည်းကောင်း ပညာရေးလမ်းသွယ် လေးမျိုးကို  ရွေးချယ်တက်ရောက် သင်ကြားနိုင်မည်ဖြစ်သည်။

အခြေခံပညာအထက်တန်း Grade-12 အောင်မြင်သူများသည် ၎င်းတို့ သင်ယူခဲ့သော ဘာသာတွဲအလိုက် သတ်မှတ်အရည်အချင်း ပြည့်မီစွာအောင်မြင်လျှင်  သက်ဆိုင်ရာ  အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များဖြစ်သည့်   ဆေးတက္ကသိုလ်များ၊ ဆေးဘက်ဆိုင်ရာ  တက္ကသိုလ်များ၊  နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်၊ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်၊ စိုက်ပျိုးရေးတက္ကသိုလ်၊  မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၊ သစ်တောနှင့်   ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်၊

သမဝါယမနှင့် စီမံခန့်ခွဲမှု ပညာတက္ကသိုလ်၊ မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်၊  စီးပွားရေး တက္ကသိုလ်၊   ပညာရေးတက္ကသိုလ်၊  ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၊ ကောလိပ်များနှင့် သိပ္ပံများသို့  တက်ရောက် သင်ကြားခွင့်ရမည်ဖြစ်သည်။

အထက်တန်းဆင့် စက်မှုနည်းပညာသင်ကျောင်းတွင် တက်ရောက်သူများသည် အခြေခံပညာအထက်တန်း ပုံမှန်ဘာသာရပ်များအပြင် စက်မှုနည်းပညာ သုံးမျိုးဖြစ်သော အဆောက်အဦ နည်းပညာ (BuildingTechnology)၊ လျှပ်စစ်နည်းပညာ(Electrical Technology) နှင့် စက်ပစ္စည်း အစိတ်အပိုင်းများ ထုတ်လုပ်ခြင်း နည်းပညာ    (Machining Technology)  ဘာသာရပ်များကို  လုပ်ငန်းခွင်အတွင်း ဝင်ရောက်ရန် အသင့်ဖြစ်စေမည့် သင်ရိုးညွှန်းတမ်းများဖြင့် သင်ကြားလေ့ကျင့် ပေးမည်ဖြစ်သည်။ စက်မှုနည်းပညာသင် ကျောင်းသားများသည် အထူးအောင် (Credit)  နှင့်  အောင်မြင်လျှင် ပညာသင်နှစ်   ခြောက်နှစ် တက်ရောက်သင်ယူကာ အင်ဂျင်နီယာဘွဲ့ (BE)  ရရှိမည့်  နည်းပညာတက္ကသိုလ်နှင့် ပညာသင်နှစ်  လေးနှစ်တက်ရောက်သင်ယူကာ    နည်းပညာဘွဲ့    (B.Tech)  ရရှိမည့်   အစိုးရနည်းပညာ ကောလိပ်များသို့ လည်းကောင်း၊ အဆင့်မီ  (Qualified)  ဖြင့် အောင်မြင်သူများသည် ပညာသင်နှစ် သုံးနှစ် တက်ရောက်သင်ယူကာ အင်ဂျင်နီယာ နည်းပညာဒီပလိုမာ   (A.G.T.I Diploma)) ရရှိမည့်   အစိုးရစက်မှုလက်မှု သိပ္ပံများသို့ လည်းကောင်း တက်ရောက်နိုင်သည်။  အထက်တန်းဆင့် စက်မှုနည်းပညာကို ထူးချွန်စွာအောင်မြင်လျှင် အစိုးရနည်းပညာကောလိပ်၏   ပထမနှစ် သို့ လည်းကောင်း၊ နည်းပညာ တက္ကသိုလ်၏ ပထမနှစ်သို့ လည်းကောင်း တက်ရောက်ခွင့်ရမည်ဖြစ်သည်။

အထက်တန်းဆင့် စက်မှုနည်းပညာကို သုံးနှစ် သင်ယူ၍ ပြီးမြောက်ကြောင်း လက်မှတ်ရရှိသူသည် လုပ်ငန်းခွင်အတွင်း ဝင်ရောက်နိုင်ရန် အသင့်ဖြစ်စေမည့် သင်ရိုးညွှန်းတမ်းနှင့် သင်ကြားထားသဖြင့် ပုဂ္ဂလိက စက်မှုလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ရာတွင် လည်းကောင်း၊  ကိုယ်ပိုင်စက်မှုလုပ်ငန်းများ တည်ထောင်လုပ်ကိုင်ရာတွင်   လည်းကောင်း အထောက်အကူများစွာ ရရှိမည်ဖြစ်သည်။

စိုက်ပျိုးရေးပညာသင် အထက်တန်းကျောင်းတွင်   အခြေခံပညာ အထက်တန်းပုံမှန် ဘာသာရပ်များအပြင်   စိုက်ပျိုးရေး အတတ်ပညာများကို ပညာသင်နှစ်  သုံးနှစ်အတွင်း    လုပ်ငန်းခွင်တွင် လက်တွေ့အသုံးပြုနိုင်မည့် သင်ရိုးညွှန်းတမ်းများနှင့် လေ့ကျင့်သင်ကြားပေးမည်ဖြစ်သည်။ ထိုသင်တန်းမှ အထူးအောင်  (Credit)  ဖြင့် အောင်မြင်လျှင် Bachelor of Agricultural Science (B.Agr.Sc) ဘွဲ့အပ်နှင်းမည့် ရေဆင်းတက္ကသိုလ် ငါးနှစ်သင်တန်းသို့ လည်းကောင်း၊ အဆင့်မီ (Qualified) ဖြင့် အောင်မြင်သူများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဖွင့်လှစ်သည့် သုံးနှစ်သင်အစိုးရ စိုက်ပျိုးရေး သိပ္ပံကျောင်းနှင့် အစိုးရစက်မှုလက်မှု သိပ္ပံများ၏ အင်ဂျင်နီယာ နည်းပညာဒီပလိုမာ   A.G.T.I Diploma (Farm Machinery) သုံးနှစ်သင်တန်းသို့ လည်းကောင်း တက်ရောက်နိုင်သည်။ ရိုးရိုးအောင်မြင်ပြီး စိုက်ပျိုးရေး အတတ်ပညာ  ဒီပလိုမာလက်မှတ် (Diploma in Agriculture) ရရှိသူများသည် စိုက်ပျိုးရေးနှင့်  သက်ဆိုင်ရာ ကဏ္ဍများတွင်  ဝင်ရောက်လုပ်ကိုင်ရန် အခွင့်အလမ်းကောင်းများ ရရှိမည်ဖြစ်သည်။

မွေးမြူရေး အတတ်ပညာသင် အထက်တန်းကျောင်း များတွင်   တက်ရောက်သင်ကြားသူများသည်  အထက်တန်းပုံမှန် ဘာသာရပ်များအပြင် မွေးမြူရေးနှင့်ပတ်သက်၍ လက်တွေ့လုပ်ငန်းခွင်တွင် အသုံးပြုနိုင်မည့် သင်ရိုးများဖြင့် စာတွေ့လက်တွေ့သင်ယူရမည်ဖြစ်သည်။  သုံးနှစ်သင်  မွေးမြူရေးပညာ သင်တန်းမှ (Credit) ဖြင့် ထူးချွန်စွာအောင်မြင်သူသည် မွေးမြူရေးနှင့် ဆေးကုသရေး တက္ကသိုလ်မှ ဖွင့်လှစ်သည့်  တိရစ္ဆာန်ဆေးပညာဘွဲ့  Doctor of Veterinary Medicine (DVM)ခြောက်နှစ် သင်တန်းသို့ လည်းကောင်း၊  မွေးမြူရေးပညာဘွဲ့ (Bachelor of Animal Science)) လေးနှစ်သင်တန်းသို့ လည်းကောင်း တက်ရောက်ခွင့်ရမည်ဖြစ်သည်။

အဆင့်မီ (Qualified) ဖြင့် အောင်မြင်သူများသည် စိုက်ပျိုးရေးသိပ္ပံများမှ မွေးမြူရေးဒီပလိုမာ (Diploma in Animal Husbandry)   သုံးနှစ်သင်တန်းနှင့် ငါးလုပ်ငန်းသိပ္ပံ၏   ငါးလုပ်ငန်း သိပ္ပံဒီပလိုမာ   (Diploma in Fisheries and Aquaculture) သုံးနှစ်သင်တန်းသို့ တက်ရောက်နိုင်သည်။ မွေးမြူရေး ပညာကို ရိုးရိုးပြီးမြောက်အောင်မြင်သူများသည်   ဒီပလိုမာအောင်လက်မှတ် ရရှိပြီး မွေးမြူရေးဆိုင်ရာ လုပ်ငန်းများတွင်   ဝင်ရောက် လုပ်ကိုင်နိုင်မည့် အခွင့်အလမ်းများ ရရှိမည်ဖြစ်သည်။

ထို့ကြောင့်  အလယ်တန်းအဆင့် Grade-9 အောင်မြင်သူကျောင်းသား၊ ကျောင်းသူများသည် နိုင်ငံတော်က ဖွင့်လှစ်သည့် ပုံမှန်အထက်တန်း ပညာသင် ကျောင်းများသို့  တက်ရောက်သင်ကြားခွင့်သာမက စိတ်ပါဝင်စားသူများသည်  အသစ်ထပ်မံဖွင့်လှစ်မည့် စက်မှုနည်းပညာသင် အထက်တန်း၊  စိုက်ပျိုးရေး ပညာသင်အထက်တန်းနှင့် မွေးမြူရေးပညာသင် အထက်တန်းများသို့လည်း ဆက်သွယ် စာရင်းသွင်း တက်ရောက်နိုင်မည်ဖြစ်ရာ   တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများကို   တာဝန်ရှိသူ အဆင့်ဆင့်က  လမ်းညွှန်ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း တင်ပြလိုက်ရပေသည်။   ။

ညွန့်ဝင်း(နတ်တလင်း)