တန်ဖိုးကြီးမားသော ရေသယံဇာတကို ချွေတာထိန်းသိမ်းကြပါစို့
(ကမ္ဘာ့ရေနေ့ ဂုဏ်ပြုဆောင်းပါး)
စာရေးသူတို့နေထိုင်ရာ ကမ္ဘာကြီးသည် ရေထုများသောကြောင့် ရေကမ္ဘာဟုပင် ခေါ်ကြသည်။ နေ့စဉ်လူနေမှုဘဝတွင် ရေသည်အဓိက အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ယနေ့အခါ လူသားတို့သုံးစွဲရန် သင့်လျော်သော ရေပမာဏသည် တစ်နေ့ထက်တစ်နေ့ တစ်နှစ်ထက် တစ်နှစ် ရှားပါးလာသော သယံဇာတတစ်ခုဖြစ်လာသည်။ ရှားပါးသောအရာသည် တန်ဖိုးကြီးမားလှပေသည်။ တန်ဖိုးကြီးမားသောအရာကို စာရေးသူတို့အနေဖြင့် တန်ဖိုးထားတတ်ဖို့လည်း များစွာလိုအပ်သည်။
ကမ္ဘာမြေကြီးနှင့်ရေ
စာရေးသူတို့နေထိုင်ရာ ကမ္ဘာကြီးသည် ရေထု၊လေထု၊ မြေထုဟူသော အလွှာထုကြီး သုံးခုဖြင့် တည်ဆောက်ထားသည်။ မြေလွှာထုကို ရေလွှာထုက ပင့်တင်ထားသည်။ ထိုမြေထုနှင့်ရေထုကို လေထုကပြန်လည်ပင့်တင် ပေးထားသည်။ ထိုအလွှာကြီး သုံးခုအနက် စာရေးသူတို့နေထိုင်ရာ ကမ္ဘာကြီးတွင် ရေထုဧရိယာက ပိုများသည်။ ရေထုသည် ကမ္ဘာကြီး၏ လေးပုံသုံးပုံခန့်ရှိသည်။ ကမ္ဘာ့မြေပုံကိုကြည့်လျှင်လည်း မြစ်ချောင်းအင်းအိုင် ပင်လယ်သမုဒ္ဒရာများဖြင့် သာပြည့်နေသည်။ ကမ္ဘာ့မြေမျက်နှာပြင် အားလုံးတွင် ၇၁ ရာခိုင်နှုန်းမှာ ရေများဖြင့် ပြည့်နေသည်ဟု ဆိုသည်။
ကမ္ဘာပေါ်တွင်ရှိရှိသမျှသော ရေများကို အမျိုးအစားအားဖြင့် ရေချိုနှင့်ရေငန်ဟူ၍ နှစ်မျိုးတွေ့ရှိရသည်။ ကမ္ဘာ့ရေထု အားလုံး၏ ၉၇ ရာခိုင်နှုန်းခန့်သည် ပင်လယ်သမုဒ္ဒရာများနှင့် ဆားငန်ရေများသာ ဖြစ်ပြီး ၃ ရာခိုင်နှုန်းမှာ ရေချိုပမာဏဖြစ်သည်။ ထို ၃ ရာခိုင်နှုန်းမှာလည်း ရေခဲတောင်၊ ရေခဲမြစ်နှင့် မြေအောက်ရေသည် ၂ ဒသမ ၉၉၇ ရာခိုင်နှုန်းခန့် ရှိသည်ဟု သိရသည်။ စာရေးသူတို့ အမှန်တကယ် သုံးစွဲနိုင်သော ရေမှာ သုည ဒသမ ၀၀၃ ရာခိုင်နှုန်းသာဖြစ်သည်။ကမ္ဘာတစ်ဝန်းလုံး အနေဖြင့်ဆိုလျှင် ရေချိုသုံးစွဲရမှု ပမာဏသည် အလွန်ပင်နည်းပါးလှပေသည်။
ထို့ကြောင့် ရေသည် ကမ္ဘာပေါ်ရှိ သယံဇာတများ အနက် အဖိုးတန်ဆုံးသော သယံဇာတဖြစ်သည်ဟုဆိုချင်သည်။
သက်ရှိတို့နှင့်ရေ
ယနေ့ကမ္ဘာပေါ်တွင် လူဦးရေ အဆမတန်တိုးပွားလာသည်ကို သိကြပေလိမ့်မည်။ လူဦးရေတိုးပွားလာသည်နှင့်အမျှ ရေသုံးစွဲမှုသည်လည်း များပြားလာမည်မှာ မလွဲပေ။ ရေသည် သက်ရှိတို့အတွက် မရှိမဖြစ်သော သယံဇာတတစ်မျိုးလည်းဖြစ်ပေသည်။ ရေမရှိလျှင် လူသားအပါအဝင် အပင်နှင့်အခြားသော သက်ရှိများ ရပ်တည်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ရေသည် ဇီဝထု၏ အသက်သွေးကြော Bloodstream of bioshper" ဟု တင်စားခေါ်ဝေါ်ကြဟန်တူသည်။သက်ရှိဟူသည် လူသားတို့ အပါအဝင် အပင်၊ တိရ စ္ဆာန်နှင့် အင်းဆက်ပိုးများလည်း ပါဝင်သည်။
စာရေးသူတို့ မြန်မာမှုနယ်ပယ်တွင် “ထမင်းအသက် ခုနစ်ရက်-ရေအသက်တစ်မနက်”ဟု ဆိုရိုးစကားရှိသည်။ ထမင်းမစားရလျှင် ခုနစ်ရက် အသက်ရှင်နိုင်သော်လည်း ရေမသောက်ရလျှင် တစ်မနက်ပင် အသက်မရှင်နိုင်ဟု ဆိုလိုဟန်ရှိသည်။ ဤအဆိုသည်မှန်ပေ၏။ လူတစ်ယောက်၏ ခန္ဓာကိုယ်အတွင်း၌ ၇၀ ရာခိုင်နှုန်းသည် ရေများသာဖြစ်သည်။ခန္ဓာကိုယ်အတွင်း ရေပမာဏ ၅ ရာခိုင်နှုန်း လျော့နည်းပါက ရေငတ်ဝေဒနာကို ခံစားကြရပေမည်။ ထို့ထက်ပို၍ ၁၀ ရာခိုင်နှုန်းလျော့နည်းပါက သေဆုံးသည်အထိဖြစ်နိုင်ကြောင်း မှတ်သားရသည်။
လူတစ်ဦးအနေဖြင့် တစ်နေ့ကို ၁ ဒသမ ၅ လီတာလောက် အနည်းဆုံးသောက်သုံးရန် လိုအပ်ကြောင်း သိရသည်။ ရေသည် သက်ရှိတို့အတွက် မရှိမဖြစ်ပေ။ ထို့ကြောင့် ရေတစ်စက်သည်ပင် အရေးပါလှပုံကို သီဟိုဠ်ဘုရင် ပါရာကာမာဘာဟူး (အေဒီ ၁၁၅၃-၈၆)က “မြေပေါ်သို့ကျလာသော ရေကလေးတစ်စက်ကိုသော်မှ လူတို့မသုံးရဘဲ အဟောသိကံ မဖြစ်စေရ”ဟု မိန့်ဆိုခဲ့ကြောင်း မှတ်သားရသည်။
ရေကိုလူသားတို့ပင် အလိုရှိသည် မဟုတ်ပေ။တိရစ္ဆာန်နှင့် အင်းဆက်ပိုးကောင်လေးများကလည်း အလိုရှိကြသည်။ ငှက်ကလေးများနှင့် ကျွဲ၊ နွား ကြက်၊ ဘဲများလည်းရေကို သောက်သုံးကြသည်။ ပုရွက်ဆိတ်လေးများသည်လည်း ရေငတ်တတ်ကြသည်ဟု မှတ်သားရဖူးသည်။ ခြောက်သွေ့သောဒေသများရှိ တွားသွား အင်းဆက်ပိုးများသည် ရေတစ်ပေါက်လောက် သောက်ရသည်ကိုပင် နှစ်သက်ကြသည်ဟု ဆိုသည်။
သစ်တောသစ်ပင်များသည်လည်း ရေကိုအမှီပြု ရှင်သန်နေကြရသည်။ ထို့ကြောင့် ရေမရှိလျှင် သက်ရှိအားလုံး အသက်ရှင်သန်နိုင်တော့မည်မဟုတ်ပေ။
ရေချိုကိုလည်း သန့်ရှင်းသောရေနှင့် ညစ်ညမ်းသော ရေဟူ၍ခွဲခြားထားသည်။ ယနေ့ကမ္ဘာ့ရေထု၏ ၂ ဒသမ ၅ ရာခိုင်နှုန်းသာ ရေသန့်ဖြစ်ကြောင်း ပညာရှင်များ သတိပေးလာကြောင်း သိရသည်။ လာမည့်သက္ကရာဇ် ၂၀၂၅ ခုနှစ်တွင် ကမ္ဘာ့လူဦးရေသည် သန်း ၉၀၀၀ ကျော်ရှိလာနိုင်သည်ဟု ခန့်မှန်းကြရာ ယခုလက်ရှိ ရေချိုပမာဏအတိုင်းဆိုလျှင် ရေရှားပါးမှုဒဏ်ကို ခံရနိုင်ဖွယ်ရှိသည်။ ထို့ကြောင့် ရေကိုချွေတာ သုံးစွဲဖို့လိုသည်။
ရေချိုသုံးစွဲမှု
ရေသည် ကမ္ဘာ့သယံဇာတများ အနက် အဖိုးတန်ဆုံးသောသယံဇာတတစ်မျိုးဖြစ်သည်။ အဘယ့်ကြောင့် ဆိုသော် လူနှင့်အခြားသော သက်ရှိတို့ အသက်ရှင်မှုကို အထောက်အကူပြုခြင်း၊ စက်မှုလုပ်ငန်းများနှင့် စားနပ်ရိက္ခာ ဖူလုံစေရန်အတွက် အထောက်အကူဖြစ်စေခြင်း တို့ကြောင့်ဖြစ်သည်။ ရေသည်အဘက်ဘက်မှ လိုအပ်သည်မှန်သော်လည်း အထက်တွင် စာရေးသူ ဖော်ပြသကဲ့သို့ လူတို့သုံးစွဲနိုင်သော ပမာဏသည် လွန်စွာနည်းပါးလှသည်။
ထိုသို့နည်းပါးလှသည့် ရေချိုပမာဏမှာမှ သန့်ရှင်းသော ရေသည်ပို၍နည်းပါးသည်။ တချို့သောနိုင်ငံများတွင် ရေသန့်ရရှိအောင် ခက်ခက်ခဲခဲပြုလုပ် သုံးစွဲကြရသည်။ ရေသန့်ရှားပါးမှုနှင့် ပတ်သက်၍ စာရေးသူ ဆောင်းပါးတစ်ပုဒ်တွင် ဖတ်ခဲ့ရသည်ကိုဖော်ပြချင်သည်။အာဖရိကတိုက်ရှိ ရေရှားပါးသောနေရာများ၊ ရေကောင်းရေသန့်မရရှိသောနေရာများတွင် ရေကြည်ရေသန့် ရရှိစေရန် ကျောက်ချဉ် သို့မဟုတ် ဒန့်သလွန်သီးခြောက်အစေ့ကို ထောင်း၍ အဝတ်ဖြင့်ထုပ်ကာ အိုးအတွင်းသို့ ထည့်၍ ရှစ်နာရီခန့် ထားရသည်။
ထိုသို့ထားပြီး ရေကြည်လာမှ သောက်သုံးရေအဖြစ် အသုံးပြုကြရသည်။ ရေသည် ဤမျှပင်ရှားပါး၍အဖိုးတန်လှသည်။
ရေသုံးစွဲမှုနှင့်ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO)၏ ခန့်မှန်းချက်အရ ကမ္ဘာ့ရေချို၏ ၁ ရာခိုင်နှုန်းထက်နည်းသော သို့မဟုတ် ကမ္ဘာ့ရေထု၏ တစ်သိန်းပုံ ခုနစ်ပုံကိုသာ လူသားတို့ သုံးစွဲနိုင်ကြောင်း ခန့်မှန်းကြသည်။ ၁၉၅၀ ပြည့်နှစ်မှစ၍ ရေသုံးစွဲမှု ပမာဏသည်လည်း နှစ်စဉ်တိုးတက်ခဲ့သည်ဟု ဆိုသည်။ဥပမာ-ကမ္ဘာပေါ်ရှိရေအားလုံးမှာ ၂၆ ဂါလန်သာ ရှိသည်ဆိုပါစို့။ ယင်း ၂၆ ဂါလန်တွင် ရေချိုမှာ သုည ဒသမ ၈ ဂါလန်(၃ လီတာ)သာပါရှိသည်။ ထို့ကြောင့် စာရေးသူတို့သုံးစွဲနိုင်သော ရေပမာဏမှာ လက်ဖက်ရည်ဇွန်းတစ်ဝက်ခန့်သာရှိနိုင်ကြောင်း ဆရာဇော်နီမြင့်၏ ဆောင်းပါးတစ်ပုဒ်တွင် သုံးသပ်ပြထားသည်ကို တွေ့ရသည်။ ဤကား ဥပမာပြသုံးသပ်ထားခြင်းသာဖြစ်သည်။ လူတစ်ဦးအတွက် နေ့စဉ်ပေါင်မုန့်နှင့် ရေကိုသာစားသုံးပါက ထိုလူတစ်ဦးအတွက် နှစ်စဉ်ရေဂါလန် ၁၀၀၀၀၀ နီးပါးသုံးစွဲရပေမည်။ ထို့ပြင် နေ့စဉ်စားသုံးနေသော ဟင်းသီးဟင်းရွက်များအတွက် ရေဂါလန် ၂၀၀ ခန့်သုံးစွဲရသည်။ အသားတစ်ပေါင်အတွက် ရေဂါလန် ၂၃၀၀ သုံးစွဲကြရသည်။ ရှားပါး သောရေကို နေ့စဉ်လူမှုဘဝတွင် အမျိုးမျိုးခွဲဝေ သုံးစွဲနေကြရသည်။
ရေထုညစ်ညမ်းမှုသည် ရေသုံးစွဲမှုကို လျော့နည်းစေသည့် အကြောင်းရင်းတစ်ရပ်လည်းဖြစ်သည်။ ဂျပန်နိုင်ငံတွင် ရေတွင်းပေါင်း ၁၈၀၀ ရှိသည့်အနက် ၁၂၀၀ ခန့်လောက်သာ သုံးစွဲနိုင်တော့သည်။ ထို့ပြင် ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၌ ဘုံပိုင်ရေ ၅ ရာခိုင်နှုန်းခန့်သာ သောက်သုံးကြရသည်။ မလေးရှားနိုင်ငံတွင်မူ ၁၉၉၈ အစီရင်ခံစာအရ မြစ်ဝှမ်းများ၏ ၂၅ ရာခိုင်နှုန်းကိုသာ သန့်စင်သော ရေအဖြစ် အသုံးပြုကြရသည်။ဖိလစ်ပိုင်နိုင်ငံတွင်လည်း မြစ် ၄၁၉ စင်းရှိရာ ၃၆၂ စင်းမှာ ရေထုညစ်ညမ်းလျက်ရှိသည်။ ဤကား ဆရာဇော်နီမြင့်၏ ဆောင်းပါးမှ ထုတ်နုတ်ဖော်ပြခြင်းဖြစ်သည်။
ရေချိုသုံးစွဲမှုနှင့် ပတ်သက်၍ စာရေးသူတို့နိုင်ငံအနေဖြင့် လယ်ယာစိုက်ပျိုးရေးတွင် ရေချို ၇၀ ရာခိုင်နှုန်း အသုံးပြုရသည်ဟုဆိုသည်။ လူသားတို့အနေဖြင့် သောက်သုံးခြင်းနှင့် အခြားသောအထွေထွေ အသုံးပြုမှု အတွက် ၈ ရာခိုင်နှုန်း၊၂၂ ရာခိုင်နှုန်းကိုမူ စက်ရုံအလုပ်ရုံများ အတွက် အသုံးပြုကြောင်း သိရသည်။
ကမ္ဘာ့နိုင်ငံ ၁၉၁ နိုင်ငံအနက် ၁၀ နိုင်ငံသာ ကမ္ဘာ့ရေ အရင်းအမြစ်၏ ၆၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည်ဟုလည်း သိရသည်။ စာရေးသူတို့နိုင်ငံသည် အာရှတစ်ခွင်တွင် ရေသုံးစွဲမှု တတိယနေရာတွင် ရှိနေသည်ဟုဆိုသည်။ လာမည့်သက္ကရာဇ် ၂၀၂၅ ခုနှစ်လောက်တွင် ကမ္ဘာ့လူဦးရေတစ်ဝက်ခန့်သည် ရေရှားပါးမှုဒဏ်ကို ပြင်းပြင်းထန်ထန် ခံရနိုင်ဖွယ်ရှိကြောင်း ကုလသမဂ္ဂအဖွဲ့က သတိပေးထားကြောင်းကိုလည်းသိရသည်။
စိုက်ပျိုးရေးအတွက်ရေသုံးစွဲမှု
စာရေးသူတို့နိုင်ငံသည် စိုက်ပျိုးရေး နိုင်ငံဖြစ်သည်ကို အားလုံးအသိပင်ဖြစ်ပေမည်။ စိုက်ပျိုးရေးအတွက် ရေအရင်းအမြစ်သည် အဓိကဖြစ်သည်။ စိုက်ပျိုးရေး အတွက်ဆို ရေသည် ရတနာတစ်ပါးဟုပင်ဆိုသင့်သည်။ ပုဂံခေတ်ကတည်းက စိုက်ပျိုးရေးအတွက် ဆည်ကြီးများ တည်ဆောက်ခဲ့ကြသည်။
ယခုအထိလည်း တည်ဆောက်နေဆဲဖြစ်သည်။ တချို့သောဒေသများတွင် စိုက်ပျိုးရေးအတွက် ဆည်မြောင်းများကို အားထားကြရသည်။ တချို့သော အပူပိုင်းဒေသများတွင် စိုက်ပျိုးရေးအတွက် မြေအောက်ရေကို အားကိုးအားထား ပြုကြရသည်။ စိုက်ပျိုးရေး အတွက် မြေအောက်ရေကို ၁၆ ရာခိုင်နှုန်း ရရှိကြသည်။
အပူပိုင်းဒေသများတွင် ချောင်းဟောင်း၊ မြောင်းဟောင်း၊ သဲသောင်များကို လက်တူးတွင်းပြုလုပ်ကာ နွေရာသီတွင် သီးနှံများစိုက်ပျိုးကြသည်။ တချို့သော ဒေသများတွင် စက်ရေတွင်းများပြုလုပ်၍ စိုက်ရေကို ထုတ်ယူသုံးစွဲကြသည်။ မိတ္ထီလာဘက်တွင် စိုက်ပျိုးရေးအတွက် စက်ရေတွင်း ၄၈၅ တွင်းမှ စိုက်ပျိုးဧက ၆ ဒသမ ၅၀၀ ကို စိုက်ပျိုးရေပေးဝေနိုင်ကြောင်း၊ ပျော်ဘွယ်၊ တပ်ကုန်းဒေသတွင် စက်ရေတွင်း ၁၁၀ တွင်းမှ မြေဧက ၁၆၀၀ ကျော်ကို မြေအောက်ရေဖြင့် စိုက်ပျိုးရေပေးဝေနိုင်ကြောင်း သိရသည်။ ဒါ့အပြင် ၁၉၅၂ - ၅၃ ဘဏ္ဍာနှစ်မှ ၂၀၁၆ ခုနှစ်အထိ စက်ရေတွင်းပေါင်း ၂၅၀၀၀ ကျော်ဖြင့် စိုက်ပျိုးမြေဧကပေါင်း ၂၅၄၂၂၈၄ ကို မြေအောက်ရေဖြင့် စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
ဒါ့အပြင် စစ်ကိုင်းတိုင်းဒေသကြီးတွင် ရေလျှံတွင်းပေါင်း ၅၉၆ တွင်းဖြင့် စိုက်ဧက ၃၄၀၀ ရေပေးနိုင်ပြီး မန္တလေးတိုင်းဒေသကြီးတွင် ၄၆၅ တွင်းဖြင့် စိုက်ဧက ၇၅၀၀ ကို ရေပေးဝေနိုင်ကြောင်း ဆောင်းပါးတစ်ပုဒ်၌ ဖော်ပြထားသည်ကိုတွေ့ရသည်။ စိုက်ပျိုးရေးအတွက် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် နှစ်စဉ်ရေမည်မျှ သုံးစွဲနေကြရသည်ကို ခန့်မှန်းနိုင်ပေမည်။
နိဂုံးချုပ်အနေဖြင့်ဆိုလျှင် ရေသည် ဘက်စုံအသုံးပြုရသော အဖိုးတန်သဘာဝ သယံဇာတဖြစ်သည်။
ကမ္ဘာပေါ်တွင် အသုံးပြု၍ရသော ရေချိုပမာဏသည် အလွန်နည်းပါးကြောင်းကို စာရေးသူဖော်ပြခဲ့သည်။ထိုနည်းပါးသော ရေချိုပမာဏထဲမှာမှ ညစ်ညမ်းရေထုသည်လည်း အများအပြားပင်ဖြစ်သည်။ လူတို့အလွန်အမင်း သုံးစွဲခြင်းကြောင့် လည်းကောင်း၊ စက်ရုံအလုပ်ရုံများက သုံးစွဲကြသလို ထိုစက်ရုံအလုပ်ရုံများက ပြန်လည်စွန့်ပစ်သော ညစ်ညမ်းရေထုများကြောင့်ပင် တစ်ဖန်ပြန်၍ ရေထုကိုညစ်ညမ်းစေပြန်သည်။ ယခုအတိုင်းဆိုပါလျှင် နောင်အနာဂတ်တွင် ရေရှားပါးမှုပြဿနာကို မလွဲမသွေ ရင်ဆိုင်ကြရပေလိမ့်မည်။ ထို့ကြောင့် ရေကိုချွေတာ သုံးစွဲသင့်သလို ရေထုညစ်ညမ်းမှုမဖြစ်အောင်ကာကွယ်၍ ရေချိုကို တန်ဖိုးရှိစွာ ချွေတာသုံးစွဲကြဖို့ တိုက်တွန်းလိုက်ရပါသည်။ ။
ကိုကျော်စွာ(ကျိုက်ပိ)