နွေအကြောင်း တပေါင်းသက်သေ

နွေအကြောင်း တပေါင်းသက်သေ

    အမြဲမပြတ်ပုံမှန် လည်ပတ်နေသော ရာသီရဟတ်သည် ဆောင်းကာလကို ကျော်လွန်၍ နွေဂိမှာန်သို့ ကူးပြောင်းခဲ့ချေပြီ။ အေးအေးမြမြ တိုက်ခတ်နေသော မြောက်ပြန်ဆောင်းလေအေးတို့နေရာတွင်  နွေလေပြည်က အစားထိုး ဝင်ရောက်လာပြီဖြစ်သည်။

မြန်မာ့ဆယ့်နှစ်လရာသီ၏ ၁၂ လမြောက် အခါသမယတပေါင်းလသည် နွေဦးရာသီဖြစ်ပြီး သာမောဖွယ် မိန်ရာသီအလှကို ရှုမြင်ခံစားရလေပြီ။ တပေါင်းသာခေါင်လများနောင်ဟု ဆိုစမှတ်ပြုရလောက်အောင် သာယာလှသည့် ဤနွေလ၏ အတိတ်ချိန်ခါတွင် မြန်မာ့သမိုင်းဝင်နေ့ကြီး တစ်နေ့ ပေါ်ထွန်းခဲ့သည်။

ထိုနေ့သည်  လွတ်လပ်မှုကို လိုလားသော မြန်မာ့တပ်မတော်နှင့်အတူ ပြည်သူတစ်ရပ်လုံးက ဖက်ဆစ်တို့ကို အုန်းအုန်းကျွက်ကျွက် ပြန်လည်တော်လှန် ခဲ့သောနေ့ဖြစ်သည်။  မြန်မာတို့၏  သမိုင်းဝင် နေ့ထူးတစ်နေ့လည်းဖြစ်သည်။

တိုင်းတစ်ပါးလွှမ်းမိုး အုပ်ချုပ်မှုကို မခံလိုသော မြန်မာပြည်သူ တစ်ရပ်လုံးက   တပ်မတော်နှင့် ပူးပေါင်း၍  တော်လှန်ရေးကို ဆင်နွှဲခဲ့ကြသည်။

ထိုကာလသည်  ဆောင်းနှင့်နွေတို့   အားပြိုင်ကူးပြောင်းဆဲ ကာလဖြစ်သကဲ့သို့ ဖိနှိပ်အုပ်ချုပ်လိုခြင်းနှင့်ရုန်းကန်လွတ်မြောက်လိုခြင်းတို့ အားပြိုင်ခဲ့သော ကာလလည်းဖြစ်သည်။ ထိုအကြောင်းကို မြန်မာ့သမိုင်းစစ် သမိုင်းမှန်စာမျက်နှာများက သက်သေပြနေသကဲ့သို့ မြန်မာလများ၏ နောင်တော် တပေါင်းလကလည်း ခေတ်အဆက်ဆက် သက်သေပြုပေးလျက်ရှိသည်။

မြန်မာ့မြေမှ  ဖက်ဆစ်တို့ကို  တော်လှန်ခဲ့ရာတွင် တပ်မတော်ရော  ပြည်သူပါ  ပါဝင်ခဲ့သည်မှာ   သမိုင်းအထင်အရှားဖြစ်သည်။ တစ်နည်းအားဖြင့်   တပ်မတော်နှင့် ပြည်သူသည် တစ်သားတည်း အတူတူပင်ဖြစ်သည်ကို   ဖော်ပြခဲ့ခြင်းဖြစ်သည်။  တပ်မတော်သည်လည်း  ပြည်သူက မွေးဖွားလိုက်သော တပ်မတော်ဖြစ်သကဲ့သို့ သမိုင်းစဉ်ဆက်  ပြည်သူ့ဘက်မှပင် ရပ်တည်ပေးခဲ့သော တပ်မတော်လည်းဖြစ်သည်။ တပ်မတော်နှင့်ပြည်သူသည် မည်သည့်အခါမျှ သွေးကွဲလိမ့်မည်မဟုတ်။

လတ်တလော  နိုင်ငံရေးမှိုင်း တိုက်မှုများကြောင့် အသိခေါင် အတွေးယောင်သူအချို့က လွဲ၍ ငြိမ်းချမ်းသာယာမှုကို လိုလားသော  ပြည်သူတို့က မြန်မာ့တပ်မတော်ကို အမြဲယုံကြည် ကိုးစားလျက်ရှိသည်။

“တပ်မတော်” ဟူသောစကားလုံးသည် မြန်မာဝေါဟာရ စစ်စစ်ဖြစ်သကဲ့သို့ မြန်မာ့တပ်မတော်သည် မြန်မာပြည်သူတစ်ရပ်လုံး၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးနေသော တပ်မတော်ဖြစ်သည်။ ထို့ကြောင့် မြန်မာ့တပ်မတော်ဆိုသည်မှာ ပြည်သူတို့၏ မှီခိုအားထားရာဖြစ်ခြင်း၊ အကြီးအမား အင်အားရှိခြင်း၊ တော်တည့်ဖြောင့်မတ်သော သဘောဖြစ်ခြင်း  စသည့် အရည်အချင်းများဖြင့် ပေါင်းစပ် ဖွဲ့စည်းထားသော အဖွဲ့ကြီးဟု  အဓိပ္ပာယ် ဖွင့်ဆိုကြသည်။ မြစ်တို့မည်သည် ရေကိုသောက်လေ့မရှိဘဲ အမြဲစီးဆင်း၏။ ကောင်းကင်သည်လည်း မိုးရေကို မသောက်ဘဲ မိုးများကိုသာရွာသွန်းပေး၏။ အပင်တို့သည်လည်း အသီးကိုမစားဘဲ စားသုံးမည့် လူသားတို့အတွက်သာ သီးပေး၏။ ထို့အတူ တပ်မတော်၏ လုပ်ဆောင်မှုမှန်သမျှသည်လည်း  နိုင်ငံတော်နှင့် ပြည်သူ့အကျိုးအတွက်သာဖြစ်သည်။

တပ်မတော်သည် “ရဲရေးရောက်သော်၊ ရွံ့ကြောက်မဲ့တွန်၊ နိုင်ငံ့ဝန်၌၊ ကုမ္ဘဏ်ယက္ခ၊ နာဂခြင်္သေ့ ရင်ဆိုင်တွေ့လည်း၊ ခွာ၍မတွန့်၊ အသက်စွန့်ဝံ့” ဆိုသည့်အတိုင်း   ပြည်ထောင်စုဖွား တိုင်းရင်းသားတို့၏ အရေးအရာကိစ္စ ပေါ်လာခဲ့ချိန်တိုင်း မကြောက်မရွံ့နောက်မတွန့်ဘဲ ရင်ဆိုင်ဖြေရှင်း ပေးခဲ့မြဲဖြစ်ပါသည်။

ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခု၏ ကာယကံ၊ ဝစီကံ၊ မနောကံ အလုပ်သုံးပါးစလုံးသည် သမိုင်းကြေးမုံပြင်တွင် အစဉ်အမြဲထင်ဟပ် ကျန်နေမည်သာဖြစ်သည်။ မြန်မာ့တပ်မတော်၏ စေတနာနှင့် လှုပ်ရှား ဆောင်ရွက်မှုတို့သည်လည်း တိုင်းချစ်၊ ပြည်ချစ်၊ မျိုးချစ်ပုံရိပ်များအဖြစ် သမိုင်းပုံရိပ်များထင်ဟပ်ခဲ့ပါသည်။ ပုဂံခေတ်တွင် အနော်ရထာသည် ခံတပ်မြို့ပေါင်း ၄၃ မြို့ကိုတည်၍ ပြည်သူများ၏ ရန်အပေါင်းကို ကာကွယ်ရန် ပြည်သူ့ရှေ့မှ မားမားမတ်မတ် ရပ်ခဲ့သည်။ ဆည်မြောင်း၊  တာတမံတို့ တည်ဆောက်၍ ရွှေပေါက္ကံတစ်ပြည်လုံး ဆန်ရေစပါး ပေါကြွယ်ဝပြီး ခေါင်းလောင်းသံ ညံမစဲအောင်သာသနာရောင်ဝါ ထွန်းလင်းစေခဲ့သည်။

တစ်ဖန် တောင်ငူခေတ်တွင် တပင်ရွှေထီးနှင့် ဘုရင့်နောင်ကျော်ထင်နော်ရထာ တို့သည် တပ်မတော် အင်အားဖြင့်   ဒုတိယမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ခဲ့သည်။ စစ်တို့မည်သည် အင်အားနည်းသည် များသည် ပဓာနမဟုတ်၊ ကြံရည်ဖန်ရည် တိုက်ခိုက်ရေးစွမ်းရည်သာ ပဓာနဖြစ်ကြောင်း ဘုရင့်နောင် ကျော်ထင်နော်ရထာ၏ နောင်ရိုးတိုက်ပွဲဖြင့် ဖော်ပြခဲ့သည်။ နောင်ရိုးတိုက်ပွဲသည် တိုင်းပြည်နှင့် လူမျိုးအတွက် မိမိတို့အသက်ကို စွန့်လွှတ်ရဲကြောင်း သမိုင်းသက်သေပြခဲ့သော တိုက်ပွဲဖြစ်သည်။

တပ်မတော်သည် “သူ့နိုင်ငံသား၊ သံမှုန့်စားမှ၊ တို့ဓားတုံးမည်၊ မှတ်တော်တည်လော” ဟူသော လက်ဝဲသုန္ဒရ၏ နန္ဒီသေနပျို့လာအတိုင်း မြန်မာစစ်သည်ရဲမက်တို့၏ အရဲကြိုးကုတ်၊ ကြက်ရဲသုတ်သို့၊ နောက်မဆုတ်တမ်း၊ သတ္တိစွမ်းများကြောင့် အောင်ပွဲ အလီလီရရှိခဲ့သည်မှာ မြန်မာနိုင်ငံခေတ် အဆက်ဆက်တွင် သက်သေမော်ကွန်း တည်လျက်ရှိသည်။ အလောင်းမင်းတရားသည် သွေးသောက်ရဲမက် ခြောက်ကျိပ်ရှစ်ယောက်နှင့် အတူ စည်းလုံးစွာ ချီတက်ခဲ့ကာ မုဆိုးဖိုရွာမှသည် တတိယမြန်မာနိုင်ငံတော်အဖြစ် တည်၍ အစွမ်းပြနိုင်ခဲ့သည်။

ကုန်းဘောင်ခေတ်နှောင်း၏ နောက်ဆုံးမင်းဆက် သီပေါဘုရင်လက်ထက်တွင် နန်းတွင်းရေးရှုပ်ထွေးပြီး မြန်မာ့တပ်မတော်ကို စနစ်တကျ မဖွဲ့စည်းနိုင်ခဲ့ခြင်း၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုပြိုကွဲခဲ့ခြင်းတို့ကြောင့် နယ်ချဲ့တို့၏  သိမ်းပိုက်ကျွန်ပြုခြင်းကို ခံခဲ့ရသည်။

ထိုအခါ နယ်ချဲ့တို့၏ လက်အောက်တွင် မနေလိုသော မြန်မာပြည်သူတို့သည် “ထီးသုဉ်း နန်းသုဉ်း၊ မြို့သုဉ်း သုည၊ သုဉ်းသုံးဝဖြင့်၊ သုဉ်းရပြန်လှစ်၊ သုညခေတ်ဝယ်၊ ဖြစ်လာရလေ၊ တို့တစ်တွေသည်၊ သေသော်မှတည့် သြော်ကောင်း၏” ဟူသော မျိုးချစ်စိတ်ဖြင့် ရရာလက်နက်စွဲကိုင်၍ နယ်ချဲ့ကို တွန်းလှန်ခဲ့ကြသည်။

သို့သော် အင်အားတောင့်တင်းခိုင်မာ၍ စွမ်းရည်ပြည့်ဝသော  တပ်မတော်ဖွဲ့စည်းနိုင်ခြင်း မရှိခဲ့၍ လွတ်လပ်ရေး ရသည်အထိကား ခရီးမရောက်ခဲ့ပေ။

မြန်မာပြည်သူတို့သည် နယ်ချဲ့ကို နည်းအမျိုးမျိုးဖြင့် တွန်းလှန်ကြရင်း နယ်ချဲ့လက်အောက်မှ ရုန်းထွက်လွတ်မြောက်ရန် အင်အားပြည့်ဝသော တပ်မတော် ရှိမှဖြစ်မည်ကို သဘောပေါက်လာကြသည်။ ထို့ကြောင့် ၁၉၃၉ ခုနှစ်တွင် ဥရောပ၌ ဒုတိယကမ္ဘာစစ်မီးကြီး တောက်လောင်လာချိန်ကို အခွင့်ကောင်း ရယူလျက် “အင်္ဂလိပ်အခက် ဗမာ့အချက်” ကြွေးကြော်သံများနှင့်အတူ ပိုမိုစည်းရုံး လှုပ်ရှားခဲ့ကြသည်။ အင်အားပြည့်ဝသော၊ စွမ်းရည်ပြည့်ဝသော တပ်မတော် ဖွဲ့စည်းရန် စစ်ပညာကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ရန်လိုသဖြင့် သခင်အောင်ဆန်း ခေါင်းဆောင်သောမျိုးချစ်ရဲဘော်သုံးကျိပ်သည် ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ၂၇ ရက်နေ့တွင်  ထိုင်းနိုင်ငံ  ဗန်ကောက်မြို့၌ လက်မောင်းသွေးဖောက်၊ သစ္စာရေသောက်၍ ဗမာ့လွတ်လပ်ရေး တပ်မတော်(ဘီအိုင်အေ)ကို ဖွဲ့စည်းကာ စစ်ပညာ သင်ယူနိုင်ခဲ့သည်။ စတင်ဖွဲ့စည်းစတွင် အင်အား ၁၅၀၀ မျှသာရှိခဲ့သော ဗမာ့လွတ်လပ်ရေး တပ်မတော်သည် တိုင်းရင်းသားပေါင်းစုံ ပူးပေါင်းပါဝင်လာမှုကြောင့် အင်အား ၂၃၀၀၀ ကျော်၊ ထို့နောက်အင်အား ၅၀၀၀၀ ခန့်အထိ တိုးပွားလာပြီး အင်အားတောင့်တင်းလာခဲ့သည်။

ဂျပန်နှင့်ဗမာ့လွတ်လပ်ရေး တပ်မတော်တို့ ပူးပေါင်း၍ နယ်ချဲ့အင်္ဂလိပ်ကို တိုက်ထုတ်နိုင်ခဲ့သည်။ သို့သော် ပြည်သူတို့သည် အမြစ်တွယ်ကျန်ရစ်သော ဖက်ဆစ်တို့၏ နှိပ်စက်ညှဉ်းပန်း အုပ်ချုပ်မှုကိုခံရပြန်သည်။

မည်သည့်အခြေအနေပင် ကြုံရစေကာမူ အင်အားပြည့်ဝလာသော တပ်မတော်နှင့်အတူ တိုက်ခိုက်ရေး စွမ်းရည်နှင့် တိုက်ပွဲအတွေ့အကြုံ ရရှိခဲ့ပြီးသော မြန်မာရဲမက်တို့သည် ဖက်ဆစ်တို့က ဗမာ့လွတ်လပ်ရေး တပ်မတော်ကို ဗမာ့ကာကွယ်ရေး တပ်မတော်(ဘီဒီအေ) အဖြစ် အင်အားလျှော့ချ ဖွဲ့စည်းစေခဲ့မှုကို မမှုဘဲဖက်ဆစ်တို့ကို တော်လှန်ရန်   အရှိန်ယူခဲ့သည်။

ထို့နောက်ပြည်သူတစ်ရပ်လုံး လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ပါဝင်လက်တွဲကာ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ဖက်ဆစ်တော်လှန်ရေးကြီးကို တစ်ခဲနက် ဆင်နွှဲခဲ့ကြသည်။  ထိုတော်လှန်ရေးကြီး၏  အောင်ပွဲမှသည် ရှေ့ဆက် ချီတက်ကာ ပြည်သူတစ်ရပ်လုံး၏   မျှော်လင့်ချက်ဖြစ်သော လွတ်လပ်ရေးကြီးကို ၁၉၄၈ ခုနှစ်  ဇန်နဝါရီလ ၄ ရက်နေ့တွင် ပြန်လည်ရရှိခဲ့သည်။ လွတ်လပ်ရေး ရရှိပြီးနောက်ပိုင်း ၁၉၅၅ ခုနှစ်တွင် တပ်မတော်နေ့ဟု ပြောင်းလဲ သတ်မှတ်ခဲ့သည်။

လွတ်လပ်ရေးရရှိခဲ့သော မြန်မာနိုင်ငံသည် ၁၉၅၈ ခုနှစ် အာဏာရဖဆပလ အဖွဲ့အတွင်း အချင်းချင်း အာဏာလုမှုကြောင့် နှစ်ခြမ်းကွဲခဲ့ပြီး တိုင်းပြည်နှင့် ပြည်သူနစ်နာတော့မည့် အခြေအနေကြောင့် မြန်မာ့တပ်မတော်သည် အိမ်စောင့်အစိုးရအဖြစ် တာဝန်ယူ ဆောင်ရွက်ပေးခဲ့ရသည်။ တစ်ဖန် ၁၉၆၂ ခုနှစ်တွင် ဖက်ဒရယ်မူကြောင့် ပြည်ထောင်စုကြီး ပြိုကွဲတော့မည့် အခြေအနေ ရောက်ခဲ့ရပြန်သဖြင့် တပ်မတော်က နိုင်ငံတော်အာဏာကိုထိန်းကာ  နိုင်ငံနှင့်ပြည်သူတို့ကို  ကယ်တင်ခဲ့ရသည်။  ထိုမျှနှင့်မပြီးသေးဘဲ ၁၉၈၈ ခုနှစ်တွင် ပြည်သူအားလုံး တုန်လှုပ်ချောက်ချား ရသည့် မင်းမဲ့စရိုက် အရေးအခင်းကြီး ပေါ်ပေါက်လာခဲ့ပြန်ရာ ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်တွင် တပ်မတော်ကပင်  တာဝန်ယူထိန်းခဲ့ရပြန်သည်။

ဤသို့ဖြင့် စစ်မှန်စည်းကမ်း ပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ်သို့    ဦးတည်ချီတက်နေသော ၂၁ ရာစုကာလတွင်   နိုင်ငံတော်အာဏာကို မသမာသောနည်းဖြင့် ရယူလိုသော ကြိုးပမ်းမှုများ ကြုံရပြန်ရာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို တပ်မတော်က ထိန်းခဲ့ရပြန်ပါသည်။

တပ်မတော်သည် နိုင်ငံနှင့်ပြည်သူအတွက် အရေးကြုံတိုင်း သက်လုံကောင်းစွာ ရပ်တည်ကာကွယ်ပေးလာခဲ့ရာ ၂၀၂၃ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် တပ်မတော်နေ့သည်  (၇၈)နှစ်ပြည့်မြောက်တော့မည်ဖြစ်သည်။ သမိုင်းစဉ်လာကောင်းသော တပ်မတော်၏  မမှိတ်မသုန် ကြိုးပမ်းမှုများကြောင့်  ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်ဆီသို့ ဆက်လက်ချီတက် နိုင်တော့မည်ဖြစ်သည်။   ချီတက်ဆဲကာလတွင်   ပြည်တွင်းပြည်ပ အဖျက်ရန်စွယ်  အသွယ်သွယ်၏ နည်းမျိုးစုံ  နှောင့်ယှက်ဟန့်တားမှုများ မည်မျှပင်ကြုံတွေ့ရစေကာမူ နိုင်ငံနှင့်ပြည်သူအတွက် မပြောင်းလဲသော သစ္စာတရား၊  မေတ္တာတရားတို့နှင့်အတူ ငြိမ်းချမ်းသာယာမှုရသည်အထိ   ဆက်လက် ဆောင်ရွက်မည်ဖြစ်သည်။  မည်သူတို့က မည်သို့ပင် မကောင်းမြင် အပြစ်တင်ကြစေကာမူ တပ်မတော်၏ လုပ်ရပ်မှန်နှင့် အစဉ်အလာကောင်းများကို  သမိုင်းတွင်ပြန်လည်ကြည့်ရှု သိရှိနိုင်ပေသည်။  ဆိုရသော်   နွေ၏ သမိုင်းကြောင်းကို   လများ၏နောင်တော်တပေါင်းလက    အမြဲသက်သေပြုနိုင်သကဲ့သို့   တပ်မတော်၏ ကောင်းမြတ်သော   စွမ်းဆောင်မှုတို့ကိုလည်း သမိုင်းက ဆက်လက်သက်သေ တည်နေမည်ဖြစ်ပါကြောင်း  (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြု ရေးသားလိုက်ရပါသည်။   ။

ရွှေလင်းမြေ ညွန့်ကိုကို