အမျိုးသားအကျိုးစီးပွားကို ထာဝစဉ်ကာကွယ်စောင့်ရှောက်သည့် ပြည်သူ့တပ်မတော်

အမျိုးသားအကျိုးစီးပွားကို ထာဝစဉ်ကာကွယ်စောင့်ရှောက်သည့် ပြည်သူ့တပ်မတော်

၂၀၂၃ ခုနှစ် မတ် ၂၇ ရက်သည် (၇၈)နှစ်မြောက်တပ်မတော်နေ့ဖြစ်သည်။ တပ်မတော်သည် ပြည်သူကြားက ပေါက်ဖွားလာပြီး တိုင်းရင်းသားပေါင်းစုံနှင့် ဖွဲ့စည်းထားသည့် တစ်ခုတည်းသော ပြည်သူ့တပ်မတော် ဖြစ်သည်နှင့်အညီ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက် ပေးနေသလို  နေ့စဉ်လူမှုဘဝလုံခြုံရေးကိုလည်း ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ တပ်မတော်၏ ကြိုးပမ်းဆောင်ရွက်မှု မှန်သမျှသည် တပ်မတော်အတွက် မဟုတ်ဘဲ အမိနိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူလူ ထုကောင်းကျိုးဖြစ်ထွန်းပြီး အချုပ်အခြာအာဏာပိုင်ဆိုင်သည့် နိုင်ငံနှင့်လူမျိုးအဖြစ် ကမ္ဘာ့အလယ်တွင် အဓွန့်ရှည်ရပ်တည်သွားနိုင်ရေး ကိုယ်ကျိုးမငဲ့ဘဲ မွန်မြတ်သောစိတ်ရင်းစေတနာဖြင့် ထမ်းရွက်နေခြင်း ဖြစ်သည်။တစ်နည်းအားဖြင့်ဆိုသော် အမျိုးသားအကျိုးစီးပွားကို ထာဝစဉ်ကာကွယ်စောင့်ရှောက်ပေးနေခြင်းပင် ဖြစ်သည်။

ပြည်သူ့တပ်မတော်သည် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းဖြစ်စဉ်နှင့်အညီ ပေါ်ပေါက်လာသော မျိုးချစ်တပ်မတော်ဖြစ်သည်။ မြန်မာနိုင်ငံနယ်ချဲ့လက်အောက်ကျရောက်နေစဉ်အတွင်း ၁၉၃၉ ခုနှစ် စက်တင်ဘာ ၁ ရက်တွင် ဒုတိယကမ္ဘာစစ်ကြီးစတင်ဖြစ်ပွားလာရာ တို့ဗမာအစည်းအရုံးသည် စစ်ကြီးကြောင့် အခက်အခဲတွေ့နေရသော ဗြိတိသျှအစိုးရအား အခွင့်ကောင်းယူ၍ လွတ်လပ်ရေးတိုက်ပွဲဝင်ရန် စီစဉ်သည်။    ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ရဲဘော်သုံးကျိပ်တို့ ဂျပန်နှင့်အဆက်အသွယ်ရယူကာ ဟိုင်နန်ကျွန်းတွင် စစ်ပညာသင်ကြားကြသည်။ အဆိုပါ ရဲဘော်သုံးကျိပ်သည်  မြန်မာ့တပ်မတော်၏ သန္ဓေတည်ရာဖြစ်သည်။

ထို့နောက် ရဲဘော်သုံးကျိပ်ဝင်တို့သည် ၁၉၄၁ ခုနှစ်မှစ၍   ထိုင်းနိုင်ငံ    ဗန်ကောက်မြို့သို့ အသုတ်လိုက်ဝင်ရောက်သည်။ ထိုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် ဗမာ့လွတ်လပ်ရေးတပ်မတော်(ဘီအိုင်အေ)ကို ထူထောင်ဖွဲ့စည်းလိုက်သည်။ ဗမာ့လွတ်လပ်ရေး တပ်မတော်သည်  ယနေ့ပြည်သူ့တပ်မတော်ကို စတင်မွေးဖွားပေးလိုက်ခြင်းဖြစ်ပြီး  စတင်ဖွဲ့စည်းစဉ်ကပင် အင်အား ၃၀၀၀ ကျော်ရှိခဲ့သည်။     ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော ရဲဘော်သုံးကျိပ်ဝင်များနှင့် ဘီအိုင်အေတပ်သားများသည် ဗန်ကောက်မြို့ရှိ ဦးလွန်းဖေ၏အိမ်၌ ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင်   လက်မောင်းသွေးဖောက် သစ္စာရေသောက်ပွဲကျင်းပသည်။ ဗမာ့လွတ်လပ်ရေးတပ်မတော်သည် နယ်ချဲ့အား တိုက်ထုတ်ရန် မြန်မာနိုင်ငံအတွင်းသို့ဝင်ရောက်လာခဲ့ရာ    ချီတက်ရာလမ်းကြောင်းတစ်လျှောက်ရှိ မျိုးချစ်စိတ်ရှိသူ လူငယ်အများအပြား ဝင်ရောက်လာသောကြောင့်   လျင်မြန်စွာအင်အားကြီးထွားလာသလို ပြည်သူလူထု၏ လှိုက်လှိုက်လှဲလှဲ ထောက်ခံကြိုဆိုမှုကိုလည်း လက်ခံရရှိခဲ့သည်။ ဤသို့ဖြင့် မြန်မာ့တပ်မတော်သည်   ဂျပန်တို့နှင့်ပူးပေါင်း၍ ပြည်သူလူထုတစ်ရပ်လုံး၏  အားပေးကူညီမှုကို ရယူကာ နယ်ချဲ့အင်္ဂလိပ်တို့ကို မြန်မာ့မြေမှမောင်းထုတ်ခဲ့သည်။

၁၉၄၃ ခုနှစ် သြဂုတ် ၁ ရက်တွင် ဂျပန်တို့က မြန်မာနိုင်ငံအား ရွှေရည်စိမ်လွတ်လပ်ရေးပေးခဲ့သည်။

ဘီအိုင်အေကိုလည်း   ဗမာ့တပ်မတော်ဟု အမည်ပြောင်းလဲခဲ့ကြသည်။   လက်တွေ့တွင်မူ  မြန်မာတစ်နိုင်ငံလုံးသည်   ဖက်ဆစ်စနစ်၏ ညှဉ်းပန်းနှိပ်စက်မှုအောက်တွင် ရှိနေခဲ့ရပြီး တပ်မတော်သည်လည်း ဂျပန်တို့၏ လက်အောက်ခံ တပ်မတော်အဖြစ်သာ ရှိနေရသည်။ ၁၉၄၅ ခုနှစ် မတ် ၂၇ ရက်တွင်ကား တပ်မတော်သည်ပြည်သူလူထုတစ်ရပ်လုံးနှင့်အတူ ဖက်ဆစ်တော်လှန်ရေးကို စတင်ဆင်နွှဲတော့သည်။ ထိုအချိန်မှစ၍ တပ်မတော်သည် မည်သူ့လက်အောက်မျှမဟုတ်တော့ဘဲ ကိုယ်ပိုင်ရပ်တည်လာရပေသည်။ အဆိုပါ မတ် ၂၇ ရက်သည်ကား တပ်မတော်၏ဦးစွန်းကို အတိအလင်းထုတ်ဖော်ပြသလိုက်သည့် တပ်မတော်၏ဂုဏ်ရည်ကို ထွန်းတောက်စေခဲ့သော တပ်မတော်နေ့ပင်ဖြစ်သည်။

မြန်မာနိုင်ငံအတွင်းသို့ တစ်ကျော့ပြန်ဝင်ရောက်လာသော နယ်ချဲ့အင်္ဂလိပ်တို့သည် တပ်မတော်ကိုထိန်းချုပ်ရန် ကန္ဒီစာချုပ်အရ အင်အားလျှော့ချခဲ့သည်။ သို့သော် တပ်မတော်ခေါင်းဆောင်များ၏ကြိုးပမ်းမှုဖြင့် အမျိုးသား တပ်မတော်တစ်ရပ်အဖြစ်သို့ တစ်စတစ်စဖွံ့ဖြိုးကြီးထွားလာခဲ့သည်။ တပ်မတော်သည် ဖက်ဆစ်တို့၏ အင်အားလျှော့ချခြင်း၊ နယ်ချဲ့တို့၏ ကန့်သတ်ခြင်းတို့သာမက လွတ်လပ်ရေးမရမီကတည်းက နယ်ချဲ့တို့၏သွေးခွဲမှု၊ ကွန်မြူနစ်တို့၏ဖဲ့ထုတ်စည်းရုံးမှုကိုလည်း ခံခဲ့ရသည်။ လွတ်လပ်ရေးရပြီး မကြာခင် ၁၉၄၈ ခုနှစ် မတ် ၂၈ ရက်တွင် ကွန်မြူနစ်တို့တောခိုခဲ့ကြသည်။ ရဲဘော်ဖြူတို့တောခိုသည်။  လက်နက်ကိုင်ကေအင်ဒီအိုတို့က ပါလီမန်အစိုးရကို အတိအလင်းပုန်ကန်ခြားနားသည်။

ကေအင်ဒီအိုတို့သည်    လက်နက်ကိုင်ပြီး မြို့သိမ်းခြင်း၊ ငွေတိုက်ဖောက်ခြင်းတို့အပြင် အပြစ်မဲ့ပြည်သူများကို ရက်ရက်စက်စက်သတ်ဖြတ်ကြသည်။ ဖဆပလအစိုးရအာဏာစက် ကျဉ်းမြောင်းလာသည်။

တပ်မတော်သည်    ပြည်ထောင်စုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ မဆုံးရှုံးစေရေးအတွက် ရောင်စုံသောင်းကျန်းသူ မျိုးစုံတို့အား   အကြိတ်အနယ်ပြန်လည်ခုခံရာ မှတစ်ဆင့်ပြီးတစ်ဆင့် တန်ပြန်ထိုးစစ် ဆင်နွှဲခဲ့သည်။ တပ်မတော်သည် ထိုသို့ပြည်တွင်းရန်ကို ရင်ဆိုင်တိုက်ခိုက်နေရင်း   တရုတ်ဖြူတပ်များ၏ ပြည်ပကျူးကျော်မှုကို ကြည်း၊ ရေ၊ လေ တပ်ဖွဲ့များနှင့်အတူ ပူးပေါင်း၍  နဂါးနိုင်၊    ဘုရင့်နောင်၊ ရန်ကြီးအောင်၊ မဲခေါင် စသောစစ်ဆင်ရေးများဆင်နွှဲကာ တရုတ်ဖြူတို့အား မြန်မာ့မြေပေါ်မှတွန်းလှန်တိုက်ထုတ်ခဲ့သည်။ တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးသာမက ဖဆပလအဖွဲ့ကြီး၏အကွဲအပြဲကြောင့် ၁၉၅၈ ခုနှစ်မှ  ၁၉၆၀ ပြည့်နှစ်အထိ အိမ်စောင့်အစိုးရအဖြစ် နိုင်ငံတော်တာဝန်များကို ယူခဲ့ရသည်။

အိမ်စောင့်အစိုးရသည် ၁၉၆၀ ပြည့်နှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ပါလီမန်ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးပြီး အနိုင်ရရှိသော သန့်ရှင်းဖဆပလအား နိုင်ငံတော်တာဝန်များကို လွှဲအပ်သည်။  သို့ရာတွင် သန့်ရှင်းဖဆပလအမည်ပြောင်း ပြည်ထောင်စုပါတီအတွင်း ဦး၊ ဗိုလ်၊ သခင်ကွဲပြန်သည်။ ရှမ်းစော်ဘွားတချို့နှင့် ပြည်နယ်တချို့ကလည်း ဖက်ဒရယ်မူကို အကြောင်းပြု၍ ပြည်ထောင်စုမှခွဲထွက်ရန် ကြံစည်လာကြသည်။ သို့ဖြစ်၍ ၁၉၆၂ ခုနှစ် မတ် ၂ ရက်တွင် တပ်မတော်သည် နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို တာဝန်ယူခဲ့ရပြန်သည်။     ၁၉၇၄  ခုနှစ်တွင် တော်လှန်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အရ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ခဲ့သောအစိုးရထံသို့     အာဏာလွှဲပြောင်းပေးခဲ့သည်။

သို့ရာတွင် တိုင်းပြည်အတွင်းပေါ်ပေါက်လာသည့် အထွေထွေအကျပ်အတည်းများကြောင့် ၁၉၈၈ ခုနှစ်တွင် ၈၈ အရေးအခင်းကြီးနှင့်အတူ လူထုဒီမိုကရေစီတောင်းဆိုမှုများပေါ်ပေါက်လာရသည်။ ဒီမိုကရေစီ တောင်းဆိုမှုများသည် ကနဦးကာလတွင် ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုရာမှ နောက်ပိုင်းတွင် ပြည်ထောင်စုကြီးပြိုကွဲပျက်စီးလုနီးပါးဖြစ်လာပြီး    မင်းမဲ့စရိုက်များလွှမ်းမိုးလာသဖြင့် တပ်မတော်သည် ၁၉၈၈ ခုနှစ်စက်တင်ဘာ ၁၈ ရက်တွင် နိုင်ငံတော်တာဝန်များအား တာဝန်ယူဦးဆောင်ခဲ့ရပြန်သည်။ တပ်မတော်အစိုးရသည် နိုင်ငံရေးလုပ်ငန်းစဉ်များအဖြစ် ရှေ့လုပ်ငန်းစဉ်(၇) ရပ်ချမှတ်ကာ လုပ်ငန်းစဉ်များနှင့်အညီ တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပပေးကာ ပြည်သူ့ဆန္ဒအတိုင်း အနိုင်ရသောပါတီအား နိုင်ငံတော်အာဏာကို လွှဲပြောင်းပေးအပ်ခဲ့သည်။

၂၀၁၀ ပြည့်နှစ်နှင့် ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများသည် တရားမျှတ သမာသမတ်ကျခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်မူ မဲမသမာမှုအရှုပ်အထွေးများ ပေါ်ပေါက်လာသည်။ တပ်မတော်က တရားမျှတသောရွေးကောက်ပွဲဖြစ်စေရန် အာဏာရပါတီအား  မဲစာရင်းမှားယွင်းမှုများနှင့်   မဲမသမာမှုများကို တရားဝင်ရှင်းလင်းပေးရန် တောင်းဆိုသည်။

အာဏာရပါတီက    ပြဿနာများကိုမဖြေရှင်းဘဲ လွှတ်တော်ခေါ်၍  အစိုးရသစ်တစ်ရပ်ဖွဲ့စည်းရန် လုပ်ဆောင် ခဲ့သည်။ ထို့ကြောင့် တပ်မတော်သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်၏တာဝန်အရပ်ရပ်ကို ထပ်မံတာဝန်ယူခဲ့ရပြန်သည်။

ယနေ့ကာလတွင်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်    ပြည်သူတို့၏လူမှုစီးပွားဘဝလုံခြုံရေးအတွက်    ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့်  တရားဥပဒေစိုးမိုးရေးအပြည့်အဝရရှိစေရန်  အလေးထားလုပ်ဆောင်မည်၊ တိုင်းပြည်သာယာဝပြောရေးနှင့်  စားရေရိက္ခာဖူလုံရေးအတွက်   ပြည်သူလူထုဗဟိုပြုဖွံ့ဖြိုးရေးလုပ်ငန်းများကို လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်သွားမည်  ဟူသောလုပ်ငန်းစဉ်များ အပါအဝင် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၁၂)ရပ်ကို ချမှတ် အကောင်အထည်ဖော် လျက်ရှိသည်။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုငြိမ်းချမ်းရေးမှာ မရှိမဖြစ် လိုအပ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်  တိုင်းပြည်လွတ်လပ်ရေး၊ အဓွန့်ရှည်ကြာတည်တံ့ရေးနှင့် နိုင်ငံသာယာဝပြောရေးအတွက် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးကို အထူးအလေးထားကြိုးပမ်း ဆောင်ရွက်လျက် ရှိသည်။ အထူးသဖြင့် တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)ပါ   သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ လုပ်ဆောင်လျက်ရှိပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှစ၍ ယခု ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းအထိ  ငါးနှစ်ကျော်ကာလတစ်ဖက်သတ်ပစ်ခတ်တိုက်ခိုက်မှု    ရပ်စဲထားသည်။

ပြည်သူကြားက ပေါက်ဖွားလာခဲ့ပြီး လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် စတင်ထွန်းတောက်လာခဲ့သည့် တပ်မတော်သည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အမျိုးသား အကျိုးစီးပွားကို   ထာဝစဉ်ကာကွယ် စောင့်ရှောက်လာသော အစဉ်အလာကြီးမားသည့် ပြည်သူ့တပ်မတော်ပင်ဖြစ်သည်။ မြန်မာ့လွတ်လပ်ရေး၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေးအတွက် ခေတ်အဆက်ဆက် အသက်၊ သွေး၊ ချွေးပေါင်းမြောက်မြားစွာ ပေးဆပ်၍ အပင်ပန်းအဆင်းရဲခံခဲ့သော တပ်မတော်၏ချီလေသည့် ခရီးစဉ်သည် ယခုဆိုလျှင် စိန်ရတုလွန်ပြီး ၇၈ နှစ်သို့ပင်တိုင်ခဲ့ပြီဖြစ်သည်။

ထို့ကြောင့်   တပ်မတော်သည်   နောင်ခေတ်အဆက်ဆက်တိုင်အောင်လည်း နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အမျိုးသားအကျိုးစီးပွား အစစ်အမှန်ဖြစ်သော ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ  တည်တံ့ခိုင်မြဲရေးဟူသော   ဒို့တာဝန ်အရေးသုံးပါးအတွက်    ဦးလည်မသုန်ထမ်းရွက်ကာကွယ် စောင့်ရှောက်နေမည်မှာ မလွဲဧကန်ပင်ဖြစ်ကြောင်း ၂၀၂၃ ခုနှစ် မတ် ၂၇ ရက်တွင်ကျရောက်သည့် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုရေးသားလိုက်ရပါသည်။       ။

လင်းအရုဏ် ဦး (ပဲခူး)