တီဘီရောဂါကင်းစင်ကမ္ဘာတစ်ခွင် ဖြစ်စေချင်

တီဘီရောဂါကင်းစင်ကမ္ဘာတစ်ခွင် ဖြစ်စေချင်

တီဘီရောဂါ ဆိုသည်မှာ အဆုတ်ကိုထိခိုက်ပျက်စီးစေသော ရောဂါတစ်မျိုးဖြစ်ပြီး   ကိုယ်ခန္ဓာ၏  ဂလင်းအကျိတ်များ၊   အရိုးများ၊   အာရုံကြောများ စသော မည်သည့်အစိတ်အပိုင်းကိုမဆို ပိုးဝင်ရောက်နိုင်သည်။

တီဘီရောဂါပိုးသည် ဗက်တီးရီးယားပိုးကြောင့် ဖြစ်ပွားတတ်ပြီး ကျောက်ကပ်၊ ကျောရိုးနှင့် ဦးနှောက်အပါအဝင် ခန္ဓာကိုယ်၏တခြားအစိတ်အပိုင်းများကိုလည်း ပျက်စီးစေနိုင်သည်။ ယင်းရောဂါသည် လေမှတစ်ဆင့် ကူးစက်တတ်သောရောဂါဖြစ်၍    ချောင်းဆိုးခြင်း၊ စကားပြောခြင်း၊   နှာချေခြင်း၊   တံတွေးထွေးခြင်း၊ ရယ်မောခြင်းနှင့်သီချင်းဆိုခြင်းတို့ပြုလုပ်နေစဉ် ရောဂါကူးစက်နိုင်သည်။

သို့သော်  ထိုသို့အလွယ်တကူရောဂါကူးစက်နိုင်သော်လည်း    ထိထိရောက်ရောက်ကုသမှုခံယူပါက ပျောက်ကင်းနိုင်သော ရောဂါဖြစ်သည်။ တီဘီရောဂါရှိသူနှင့်  ဆက်ဆံမှုရှိနေသော ကလေးများနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေဖြင့်  ရောဂါကူးစက်မှုအန္တရာယ်ပိုရှိ၍ အထူးသတိပြုရန် လိုအပ်သည်။

Mycobacterium Tuberculosis ဟုခေါ်သော တီဘီရောဂါပိုးကို ၁၈၈၂ ခုနှစ် မတ် ၂၄ ရက်တွင် ဂျာမန်သိပ္ပံပညာရှင်   Dr.Robert Koch ဆိုသူက ရှာဖွေတွေ့ရှိခဲ့သည်။ ထိုနေ့ကိုအကြောင်းပြု၍ ကမ္ဘာ့နိုင်ငံ အသီးသီး၌ နှစ်စဉ် မတ် ၂၄ ရက်ကို ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ (World Tuberculosis Day) အဖြစ် အခမ်းအနားများကျင်းပ၍  ပြည်သူလူထုကြား တီဘီရောဂါအကြောင်း ပိုမိုသိရှိနားလည်စေရန်ရည်ရွယ်ကာ   ကျန်းမာရေးသုတေသီများက အသိပညာပေးဟောပြောလေ့ရှိကြသည်။   ထို့ပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ကလည်း အဖွဲ့ဝင်နိုင်ငံများသို့  ကမ္ဘာလုံးဆိုင်ရာတီဘီရောဂါနှင့် ပတ်သက်သည့် အသိပညာပေးမှုများ ပြုလုပ်ကြရန်နှင့်  တီဘီရောဂါပပျောက်ရေး ကြိုးပမ်းအားထုတ်ကြရန် အစဉ်သဖြင့် တိုက်တွန်းလျက်ရှိသည်။

တီဘီရောဂါသည် လူဦးရေထူထပ်သိပ်သည်းခြင်း၊ တစ်နေရာမှတစ်နေရာသို့  ရွှေ့ပြောင်းနေထိုင်ခြင်း၊ နေ့စဉ်အလုပ်လုပ်ရခြင်းနှင့်    အာဟာရမပြည့်ဝခြင်း စသည့်လူမှုစီးပွားအခြေအနေများနှင့် ရောဂါဖြစ်ပွား ပျံ့နှံ့မှုတို့ ဆက်စပ်လျက်ရှိသည်။ ယေဘုယျအားဖြင့် တီဘီရောဂါရှိသူအများစုသည် ၎င်းတို့ထံတွင် ရောဂါပိုးကူးစက်ခံနေရကြောင်း သတိထားမိလေ့မရှိကြပေ။

ရောဂါဖြစ်သူနှင့် ကြာရှည်စွာ သို့မဟုတ် မကြာခဏထိတွေ့သူများသည်     ရောဂါကူးစက်ခံရမှုမြင့်မားတတ်ပြီး ခန့်မှန်းခြေအားဖြင့် ရောဂါကူးစက်မှုနှုန်း ၂၂ ရာခိုင်နှုန်းအထိရှိသည်။ ရောဂါဖြစ်နေပြီး ဆေးကုသမှုမခံယူသူ တစ်ဦးသည် တစ်နှစ်လျှင် ၁၀ ဦးမှ ၁၅ ဦးအထိ တခြားသူများအား ရောဂါကူးစက်စေနိုင်ကြောင်း လေ့လာမှုများက ဖော်ပြကြသည်။

ဒုတိယအများဆုံးကူးစက်ရောဂါတီဘီရောဂါသည်    ကမ္ဘာတစ်ဝန်း၌   အသေအပျောက်အများဆုံး ကူးစက်ရောဂါတစ်မျိုးဖြစ်သည်။

အသက်အန္တရာယ်နှင့်နီးစပ်ပြီး   နှစ်စဉ်  လူနာသစ် ၁၀ သန်းကျော်ဖြစ်ပွားနေကာ  လူဦးရေတစ်သန်းကျော် သေဆုံးနေကြောင်း   ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ခန့်မှန်းထားသည်။  အစိုးရအသီးသီးအနေဖြင့် တီဘီရောဂါရှိသူများအား ရှာဖွေဖော်ထုတ်ခြင်း၊ ကုသခြင်းလုပ်ငန်းများကို လွန်ခဲ့သည့်ဆယ်စုနှစ်အတွင်း   ထိရောက်စွာလုပ်ဆောင်ခဲ့သဖြင့်   သိသာထင်ရှားသည့် အောင်မြင်မှုများရရှိခဲ့သည်။ သို့သော်  အဆိုပါရောဂါသည်    ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပြီးနောက်  ကမ္ဘာတစ်ဝန်း၌  ဒုတိယအများဆုံး ကူးစက်ရောဂါအဖြစ် ရပ်တည်နေဆဲဖြစ်သည်။

တီဘီရောဂါနှင့် မြန်မာနိုင်ငံကျန်းမာရေးဦးစီးဌာနကလည်း   တီဘီကင်းစင်မြန်ပြည်တစ်ခွင်  ရှေးရှုနိုင်ဖို့  ကြိုးစားစို့  စီမံကိန်းကို ၂၀၂၀ ပြည့်နှစ် သြဂုတ်လက စတင်ဖော်ဆောင်ခဲ့ပြီး   ၂၀၃၅ ခုနှစ်တွင်  တီဘီရောဂါကို  အမြစ်ဖြတ်ချေမှုန်းတိုက်ဖျက်ရန် ကြိုးပမ်းလျက်ရှိသည်။ သို့ရာတွင် ဝေဒနာရှင်တချို့အနေဖြင့် လူမှုစီးပွားရေးအခြေအနေ၊   တီဘီဆေးသောက်သုံးမှုအပေါ်   အလေးမထားမှု၊ နေထိုင်စားသောက်မှုပုံစံ မဆင်ခြင်မှုတို့နှင့် ဆက်နွှယ်နေသော ဆေးယဉ်ပါးတီဘီဖြစ်ပွားမှုသည် အဓိကပြဿနာတစ်ရပ်အဖြစ်ရှိနေသည်။ ထို့ကြောင့် ကျန်းမာရေးဝန်ကြီးဌာနကကြီးမှူး၍   တီဘီရောဂါကို    ပြည်သူ့ကျန်းမာရေး ပြဿနာတစ်ရပ်အဖြစ် ကျေးလက်ဒေသများပါမကျန် ရောဂါဝေဒနာရှင်များကို  ရှာဖွေဖော်ထုတ်ကာ အရှိန်အဟုန်မြှင့် တိုက်ဖျက်ခဲ့ကြသည်။ အဆိုပါကာလများတွင် လူဦးရေထူထပ်သောဒေသများ၌  အထူးအလေးပေး ဆောင်ရွက်ခဲ့ကြသည်။

မည်သို့ပင်ဆိုစေကာမူ  မြန်မာနိုင်ငံ၌  နောက်ဆုံးကောက်ယူရရှိထားသော  စစ်တမ်းများအရ  တီဘီရောဂါပိုးရှိသူပေါင်း သုံးသိန်းရှိနေပြီး  ၎င်းတို့အနက် ၃၀ ရာခိုင်နှုန်းကျော်ကို  ဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်းနှင့် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်၌ တီဘီရောဂါကူးစက်ပျံ့နှံ့မှုအများဆုံး   ၂၂   နိုင်ငံထဲတွင်  ပါဝင်နေကြောင်း သိရသည်။

တီဘီရောဂါမကင်းစင်နိုင်ခြင်းမှာ ဆေးယဉ်ပါးတီဘီကြောင့်ဖြစ်ရာ ဆေးယဉ်ပါးတီဘီရောဂါကိုကုသရန်အတွက် တီဘီဆေးဝါးနှစ်မျိုးဖြစ်သည့်  Bedaquilineနှင့်  Delamanid ကို  အသက်အရွယ်မရွေး ကလေးများတွင်လည်း အသုံးပြုရန် သက်ဆိုင်ရာက အကြံပြုထားသည်။

တီဘီရောဂါဖြစ်ရသည့် အကြောင်းရင်းများ

Mycobacterium Tuberculosis ဟုခေါ်သော ဗက်တီးရီးယားပိုးကြောင့်   တီဘီရောဂါဖြစ်ပွားစေပြီး ရောဂါဖြစ်သူနှင့် ထိတွေ့မှုများသူကို ကူးစက်နိုင်သည်။ ရောဂါပိုးဝင်ရောက်နေသော်လည်း ကိုယ်ခန္ဓာ ခုခံအားက ရောဂါပိုးကို မသတ်နိုင်သောအခါ Latent TB ဖြစ်စေသည်။  ယင်းပိုးကို  ကိုယ်ခံအားစနစ်က ထိန်းချုပ်နိုင်စွမ်းမရှိဘဲ    ပိုးများပျံ့နှံ့နေသောအခါ တခြားသူများကိုကူးစက်လွယ်စေပြီး   Active TB ဖြစ်စေသည်။ Latent TB  ဖြစ်နေသူများ ခုခံအားကျဆင်းပြီး အားနည်းသည့်အခါမျိုးတွင် Active TB အဆင့်သို့ ကူးပြောင်းသွားနိုင်သည်။

တီဘီရောဂါလက္ခဏာများနှင့် ကုသခြင်း

ရက်သတ္တနှစ်ပတ်နှင့်အထက်  ချောင်းဆိုးခြင်း(တစ်ခါတစ်ရံသွေးပါတတ်)၊ ချောင်းဆိုးသည့်အခါတိုင်း သလိပ်နှင့်သွေးစများပါခြင်း၊ ရင်ဘတ်အောင့်ခြင်း သို့မဟုတ် အသက်ပြင်းပြင်းရှူလျှင် ရင်ဘတ်အောင့်ခြင်း၊  ကိုယ်အလေးချိန်ကျခြင်း၊  ဖျားခြင်း (အဖျားမကြီးဘဲ တငွေ့ငွေ့အဖျားတက်ခြင်း)၊ ပင်ပန်းနုံးချည့်နေခြင်း၊ အစားအသောက်ပျက်ခြင်း၊ ညနေပိုင်းတွင် တငွေ့ငွေ့ဖျားခြင်း၊ ညအခါတွင် ချွေးအလွန်ထွက်ခြင်း စသည်တို့သည် တီဘီရောဂါလက္ခဏာများဖြစ်သည်။ ထို့ကြောင့်    ရက်သတ္တနှစ်ပတ်နှင့်အထက် ချောင်းဆိုးလျှင်ဖြစ်စေ၊ ချောင်းဆိုးသွေးပါလျှင်ဖြစ်စေ ဆရာဝန်နှင့်ပြသရန်လိုအပ်သည်။

ထိုအခါ  ဆရာဝန်က  ရင်ဘတ်ကို  ဓာတ်မှန်ရိုက်ခြင်း၊  သွေးစစ်ခြင်း၊  သလိပ်စစ်ခြင်း၊  ကွန်ပျူတာဓာတ်မှန်(CT) ရိုက်ခြင်း၊ သံလိုက်ဓာတ်မှန်(MRI) ရိုက်ခြင်း၊  ခါးဆစ်ရိုးဖောက်စစ်ဆေးခြင်း   စသောနည်းများကို လိုအပ်သလိုအသုံးပြု၍ ရောဂါစစ်ဆေးမှုများ ပြုလုပ်ပေးလိမ့်မည်။ ဝေဒနာအခြေအနေပေါ်မူတည်၍ ကုသရာတွင် မတူညီသောပိုးသတ်ဆေးများကို ပေါင်းစပ်အသုံးပြုကြခြင်း၊ ဆေးကို ခြောက်လတိတိ သောက်သုံးစေခြင်းတို့ဖြင့် ကုသပေးကြရပြီး ဆေးယဉ်ပါးတီဘီရောဂါဖြစ်ပွားလျှင်   ကုသမှုကာလမှာ နှစ်နှစ်ခန့်အထိ ကြာမြင့်နိုင်သည့်အတွက် မပေါ့ဆသင့်ဘဲ ဇွဲရှိရှိကုသမှုခံယူသင့်သည်။

တီဘီရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ခြင်း

ရောဂါမဖြစ်အောင်  ကြိုတင်ကာကွယ်ခြင်းသည် ရောဂါဖြစ်လာမှ ကုသခြင်းထက် ပိုမိုထိရောက်သည်။ သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းများက တီဘီရောဂါမဖြစ်အောင်  BCG Vaccine ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကာကွယ်ဆေးကို ရောဂါကူးစက်ရန် အခွင့်အလမ်းများသူများ၊   ထိုရောဂါအဖြစ်များသည့် နိုင်ငံ၌ နေထိုင်ခဲ့သည့်ကလေးငယ်များနှင့် ကျန်းမာရေးဝန်ထမ်းများကို   အဓိကထား   ထိုးနှံပေးလေ့ရှိပြီး ပြည်သူများအနေဖြင့် ကာကွယ်ဆေးများကို မပျက်မကွက်ထိုးနှံကြရန်လိုအပ်သည်။ ထို့ပြင် ချောင်းဆိုးသောအခါတွင်လည်း  ပါးစပ်ကို လက်ကိုင်ပဝါဖြင့်  ပိတ်၍ ချောင်းဆိုးခြင်း၊ မိမိတံတွေးကို  အဖုံးရှိသောခွက်အတွင်း စနစ်တကျထွေးထုတ်ခြင်း၊ ယင်းတံတွေးများကို  မီးရှို့ခြင်း၊   မြေမြှုပ်ခြင်း၊  လေဝင်လေထွက်ကောင်းသောအခန်းတွင်နေထိုင်ခြင်း စသည့်နည်းလမ်းတို့ဖြင့်  တစ်ဦးမှတစ်ဦးသို့  ရောဂါမကူးစက်အောင် ကာကွယ်ရန် အရေးကြီးသည်။

တီဘီရောဂါအတွက် ဓာတ်စာများ

အောက်ဖော်ပြပါအစားအစာများက တီဘီရောဂါကို သက်သာပျောက်ကင်းစေနိုင်သော သဘာဝကုထုံး ဓာတ်စာများဖြစ်သည်။ သို့သော် သန့်ရှင်းလတ်ဆတ်ရန်လိုအပ်ပြီး ဓာတုပစ္စည်းကင်းစင်သည့် အစားအစာမျိုးဖြစ်ရမည်။

        ပဲပိစပ်က  တီဘီရောဂါဖြစ်စေတတ်သော        ဗက်တီးရီးယားများကို   တိုက်ထုတ်ပေးကာ ကိုယ်ခံစွမ်းအားကိုလည်း တိုးတက်ကောင်းမွန်စေသည်။

        ပရိုတင်းဓာတ်ကြွယ်ဝသောနွားနို့ကို  နေ့စဉ်သောက်ပါ။

        ကြက်ဥစားပေးခြင်းဖြင့်လည်း ပရိုတင်းဓာတ် လုံလောက်စွာရရှိနိုင်သည်။

        ခွန်အားပြည့်စေသော      ဆန်(ထမင်း)၊ ကောက်ပဲသီးနှံအမျိုးမျိုး၊  ဂျုံ၊  မြေပဲတို့ကို စားသုံးပေးပါ။

        ဗီတာမင်စီကြွယ်ဝသော   မာလကာသီးကလည်း   ခန္ဓာကိုယ်ထဲမှ  အဆိပ်အတောက် များကိုသန့်စင်ပေးပြီး    တီဘီရောဂါအတွက် ဓာတ်စာတစ်မျိုးဖြစ်သည်။

        ငှက်ပျောသီး၊   သရက်သီး၊   သင်္ဘောသီး၊ တရုတ်ဆီးသီး၊   မုန်လာဥနီ၊  ကန်စွန်းဥ၊ ရွှေဖရုံသီး၊  ရွှေဖရုံစေ့  စသည့်အဝါရောင်အသီးအနှံများထဲတွင်   ဗီတာမင်အေပါရှိပြီး   တီဘီရောဂါအတွက်    ကောင်းကျိုးပြုနိုင်သည်။

        ခရမ်းချဉ်သီးနှင့် ပန်းဂေါ်ဖီစိမ်း စားပေးပါ။

        ဗီတာမင်ဘီ    ဓာတ်ပေါင်းစုများဖြစ်သောနေကြာစေ့၊    လျှော်စေ့၊   ငါးအမျိုးမျိုးနှင့် ကြက်သားတို့ကလည်း တီဘီရောဂါဝေဒနာရှင်များကို ကောင်းကျိုးပြုနိုင်သည်။

        ဇင့်ဓာတ်က  တီဘီရောဂါအတွက်  လွန်စွာ ကောင်းကျိုးပြု၍   ဇင့်ဓာတ်ကြွယ်ဝသော အစားအစာများ ဖြစ်ကြသည့်    ရွှေဖရုံစေ့၊ နေကြာစေ့အပါအဝင်     အခွံမာသီးအစေ့ အဆန်များကို    နေ့စဉ်   လက်တစ်ဆုပ်စာ စားပေးသင့်သည်။

        အခါးဓာတ်ရှိသော  ဆင်တုံးမနွယ်နှင့် တမာရွက်တို့က တီဘီရောဂါဖြစ်စေသောရောဂါပိုး ကို  ထိထိရောက်ရောက်  နှိမ်နင်းပေးနိုင်သည်။

        တီဘီရောဂါဝေဒနာရှင်များအနေဖြင့် ရေနွေးပူပူကိုသာ သောက်သုံးသင့်သည်။

တီဘီရောဂါအတွက်  အထူးရှောင်ရှားရမည့်အစားအစာများ

        အရက်နှင့်    အယ်လ်ကိုဟောပါဝင်သော မည်သည့်အချိုရည်များကိုမဆို   ရှောင်ရှားသင့်သည်။

        ကာဗွန်ပါသော    အချိုရည်များကိုလည်း မသောက်ပါနှင့်။

        ကဖိန်းဓာတ်များသော လက်ဖက်ရည်၊ ကော်ဖီတို့အပြင် ကဖိန်းဓာတ်ပါသော အစားအစာများကိုရှောင်ပါ။

        ဆေးလိပ်နှင့်  ဆေးရွက်ကြီးကလည်း တီဘီရောဂါကို ပိုမိုဆိုးရွားစေနိုင်သည်။

        ဆားနှင့်  အငန်ဓာတ်လွန်ကဲသော  အစားအစာများကို မစားသင့်ပေ။

        အသားခြောက်အမျိုးမျိုး၊ ချိစ် (ခေါ်) ဒိန်ခဲ၊       တူနာငါးတို့ကလည်း တီဘီရောဂါအတွက်          ဘေးဖြစ်စေသည်။

        ရေခဲရေသောက်ခြင်းကိုရှောင်ပါ။

အချုပ်အားဖြင့်ဆိုရသော် ပြည်သူများအနေဖြင့် တီဘီရောဂါကာကွယ်ရေးဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန် အချက်များနှင့်  တီဘီရောဂါနှင့်ပတ်သက်သော အသိပညာပေးဟောပြောပွဲများမှ    ကျန်းမာရေး ဗဟုသုတများကို    တိကျစွာ လိုက်နာဆောင်ရွက်နိုင်မှသာ  ရောဂါမဖြစ်ပွားစေရေး  ကြိုတင်ကာကွယ် နိုင်မည်ဖြစ်ပါကြောင်း အကြံပြုရေးသား တင်ပြလိုက်ရပါသည်။                        

   ပေါက်ပေါက်