ပြည်သူချစ်သောတပ်မတော်

ပြည်သူချစ်သောတပ်မတော်

(၇၈)နှစ်မြောက် တပ်မတော်နေ့အကြိုဂုဏ်ပြုဆောင်းပါး

     လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာသော ကြည်းတပ်၊ ရေတပ်၊ လေတပ်တို့ဖြင့် ဖွဲ့စည်းထားသည့်   မြန်မာ့တပ်မတော် ဖြစ်တည်ပေါ်ပေါက်ခဲ့သည်မှာ  နှစ်ပေါင်း (၇၈)နှစ်တိုင်ခဲ့ပြီဖြစ်သည်။    မြန်မာ့တပ်မတော်၏ သမိုင်းကြောင်းသည် နိုင်ငံလွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းနှင့် အတူ ယှဉ်တွဲပေါက်ဖွားလာခဲ့ပြီး တပ်မတော်နှင့်ပြည်သူတို့၏ အမျိုးသားရေး စုပေါင်းစွမ်းအားဖြင့်  ၁၉၄၈ ခုနှစ်  ဇန်နဝါရီ ၄ ရက်တွင် နယ်ချဲ့ဗြိတိသျှတို့ လက်အောက်မှ   နိုင်ငံ့လွတ်လပ်ရေးကို အရယူပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

မျိုးချစ်တပ်မတော်သမိုင်းအစ

    တိုင်းတစ်ပါးလက်အောက်   ကျွန်သပေါက်ဘဝဖြင့် နှစ်ပေါင်း ၁၀၀ ကျော် ဖိနှိပ်ခံ အမိမြန်မာနိုင်ငံသည် ထိုစဉ်က ခိုင်မာ၊ စနစ်ကျစွာဖွဲ့စည်းထားသည့် စစ်ရေးစွမ်းရည်ပြည့်ဝသော အမြဲတမ်းတပ်မတော် တစ်ရပ်မရှိခဲ့ခြင်းကြောင့် နယ်ချဲ့ဆန့်ကျင် တွန်းလှန်တိုက်ပွဲများသည် မထိရောက်ဘဲ ကာလရှည်ခဲ့ရသည်မှာ သမိုင်းစာမျက်နှာများတွင် ထင်ရှားသော သက်သေပင်ဖြစ်သည်။

ထို့ကြောင့်လည်း   ခေတ်ပညာတတ်၊ မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်ပြင်းထန်သော လူငယ်များ၏ ကြံစည်ကြိုးပမ်း အားထုတ်မှုနှင့်အတူ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သောရဲဘော်သုံးကျိပ်ဖြင့် မြန်မာ့တပ်မတော်၏ အစတည်ရာ ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA)သည် ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် စတင်သန္ဓေတည်ခဲ့သည်။ ဗမာ့လွတ်လပ်ရေး တပ်မတော်ကို အလွယ်တကူ     ဖွဲ့စည်း တည်ထောင်နိုင်ခဲ့သည်တော့ မဟုတ်ခဲ့ပါ။ နယ်ချဲ့ဗြိတိသျှတို့ကို မြန်မာ့မြေပေါ်မှ မောင်းထုတ်နိုင်ရန်မှာ လက်နက်ကိုင်တော်လှန်ရေး တစ်ရပ် ဆင်နွှဲခြင်းဖြင့်သာ အောင်မြင်နိုင်မည်ကို ယုံကြည်သည့် မျိုးချစ်လူငယ်များက ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ရဲဘော်သုံးကျိပ်သည်  အခက်အခဲတိုင်းကို   ကြံ့ကြံ့ခံရင်ဆိုင်ဖြတ်သန်း၍ ဂျပန်တို့ထံမှ ပင်ပန်းဆင်းရဲစွာ စစ်ပညာသင်ယူခဲ့ကြရသည်။ ထို့ကြောင့် တပ်မတော်သည် မြန်မာ့လွတ်လပ်ရေးကို  အရယူမည်ဟူသော သန္နိဋ္ဌာန်စိတ်ဖြင့် လက်မောင်းသွေးဖောက် သစ္စာရေသောက်ကာ မျိုးချစ်လူငယ်တို့ စတင်စုစည်း တည်ထောင်ခဲ့ခြင်းကြောင့် မွန်မြတ်လေးနက် ဂုဏ်ယူဖွယ် မျိုးချစ်တပ်မတော်ဟူသော အစဉ်အလာကောင်းကို ပိုင်ဆိုင်နိုင်ခဲ့သည်။ ခေတ်အဆက်ဆက်တွင်လည်း မျိုးချစ်တပ်မတော် ပီသစွာ နိုင်ငံတော်၏ အချုပ်အခြာအာဏာ  တည်တံ့ခိုင်မြဲရေးအတွက်   အခိုင်အမာဆုံး အဖွဲ့အစည်း((Institution)အဖြစ်   ရပ်တည်ရှင်သန်  အားမာန်တင့်လျက်ရှိသည်။

ဗမာ့လွတ်လပ်ရေး တပ်မတော် (BIA))သည် လွတ်လပ်ရေး အရယူလိုသည့် မျိုးချစ်စိတ်ဓာတ် ပြင်းထန်သော တိုင်းရင်းသားများ စုစည်းပါဝင်မှုဖြင့် ဖက်ဆစ်တို့နှင့် ပူးပေါင်းကာ   နယ်ချဲ့တို့ကို   မြန်မာ့မြေပေါ်မှ တိုက်ထုတ်နိုင်ခဲ့သည်။ တိုင်းတစ်ပါးသား   ဖက်ဆစ်တို့ပေးခဲ့သည့် လွတ်လပ်ရေးမှာ ရွှေရည်စိမ် လွတ်လပ်ရေးသာဖြစ်ပြီး ဖက်ဆစ်ဝါဒအောက် တစ်ဖန်ကျရောက်ခဲ့ပြန်သည်။  ဖက်ဆစ်တို့သည် မျိုးချစ်ရဲဘော်တို့ဖြင့် အင်အားတိုးတက် ကြီးထွားလာသော  ဗမာ့လွတ်လပ်ရေး တပ်မတော် (BIA)ကို အင်အားကန့်သတ်လျှော့ချစေလျက် ဗမာ့ကာကွယ်ရေး တပ်မတော်(BDA)အဖြစ်သို့  ၁၉၄၂ ခုနှစ် ဇူလိုင် ၂၇ ရက်တွင် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ မည်သို့ပင် တပ်မတော်အင်အားကို လျှော့ချစေကာမူ မျိုးချစ်စိတ် အရင်းခံသည့်   တပ်မတော်၏ တုံးတိုက်တိုက်၊ ကျားကိုက်ကိုက်စိတ်ဓာတ်၊ ရဟန်းရှင်လူပြည်သူ တစ်ရပ်လုံး၏   နှလုံးသည်းပွတ် အတွင်းက ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်းဖြင့်သာ အချုပ်အခြာအာဏာပိုင်သည့်  မြန်မာနိုင်ငံအဖြစ်  နေလိုသည့် ဆန္ဒတို့က   ဖက်ဆစ်စနစ်ဆိုးအောက်မှ လွတ်မြောက်ရန် ဖက်ဆစ်တို့ကို အမိမြေပေါ်မှ တိုက်ထုတ်ရန်မှတစ်ပါး မရှိသည်ကို သိမြင်လာစေခဲ့သည်။

ပြည်သူကြားမှ ပေါက်ဖွားလာသော၊ မျိုးချစ်လူငယ်တိုင်းရင်းသား ပေါင်းစုံပါဝင်သော၊ ပြည်သူလူထုနှင့် တစ်သားတည်း ဖြစ်သော   မျိုးချစ်တပ်မတော်သည် တိုင်းတစ်ပါး   နယ်ချဲ့ဖက်ဆစ်များကို ဦးဆောင် တိုက်ထုတ်နိုင်သော ပြည်ထောင်စု တပ်မတော်ပင်ဖြစ်သည်။

သမိုင်းဝင် တပ်မတော်နေ့

    မျိုးချစ်စိတ်ဓာတ် အရင်းခံကာ တိုင်းရင်းသားပေါင်းစုံ ပါဝင်သော  ပြည်သူ့ရင်နှစ်သည်းခြာ    မြန်မာ့တပ်မတော်သည် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်၍ ၁၉၄၅ ခုနှစ်  မတ် ၁၇ ရက်တွင် ရန်ကုန်မြို့ တော်လှန်ရေးပန်းခြံ၌  စစ်ထွက်အခမ်းအနား ကျင်းပကာ  မတ် ၂၇ ရက်တွင် စွန့်လွှတ်စွန့်စား တပ်မတော်၏ ဦးဆောင်မှုနှင့်အတူ  တစ်တိုင်းပြည်လုံး  လှည်းနေ၊ လှေအောင်း၊ မြင်းဇောင်းမကျန် တိုင်းတစ်ပါး နယ်ချဲ့ဖက်ဆစ်တို့အား   အတိအလင်း စစ်ကြေညာ တိုက်ခိုက်ခဲ့ကြသည်။

မျိုးချစ်မြန်မာ့တပ်မတော်က ဖက်ဆစ်တို့အား တိုက်ခိုက်ခဲ့သည့် မတ် ၂၇ ရက်ကို  တပ်မတော်သားများ  အမြဲအလေးအမြတ် ပြုရမည့်နေ့အဖြစ်ခံယူ၍ “တပ်မတော်နေ့”အဖြစ်  သတ်မှတ် ဂုဏ်ပြုခဲ့ကြသည်။

ဗီဇမှန်သော တပ်မတော်

    ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးဟူသော ဒို့တာဝန် အရေးသုံးပါးကို   အမျိုးသားရေးအဖြစ် ဦးထိပ်ပန်ဆင်ကာ အစဉ်တစိုက် ကာကွယ်ထိန်းသိမ်း  စောင့်ရှောက်လျက်ရှိသည်။ အရေးသုံးပါးကို ထိပါးနှောင့်ယှက်လာမည့် မည်သည့် ပြည်တွင်း၊ ပြည်ပရန်စွယ်ကိုမဆို ကာကွယ်တွန်းလှန်ရန် အတွက်  သစ္စာလေးချက် အဓိဋ္ဌာန်ပြုကာ  အမြဲအသင့်ရှိနေသော မြန်မာ့တပ်မတော်၊ ပြည်သူ့တပ်မတော်ဖြစ်သည်။   “ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက် ငါ၏ အသက်ကိုစွန့်လွှတ်ရန် အဓိဋ္ဌာန်ပြုပါ၏” ဟူသော အသက်ကိုပင် ပေးဆပ်ရဲသည့် တပ်မတော်သားတို့၏ ဂုဏ်ဒြပ်ကား တုနှိုင်းဖွယ်မရှိ မြင့်မြတ်လှသည်။

အမျိုးသားရေးယုံကြည်ချက်နှင့်ခံယူချက် ပြည့်ဝသည့် မြန်မာ့တပ်မတော်၏ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းစဉ်တစ်လျှောက်လုံးတွင် ရှေ့ဆုံးမှဦးဆောင်၍ ရဲဝံ့ပြောင်မြောက်စွာ စွန့်စားတိုက်ပွဲဝင်ခဲ့မှုနှင့် လွတ်လပ်ရေး ရရှိပြီးနောက် နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို   စွန့်လွှတ် ပေးဆပ်မှုများဖြင့်  ထိန်းသိမ်းကာကွယ် စောင့်ရှောက်မှုများကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသည်။   အမျိုးသားရေးကို အစဉ်ဦးထိပ်ပန်ဆင်သော   တပ်မတော်သည်  နိုင်ငံတော်တွင်  အခက်အခဲနှင့် ဘေးအန္တရာယ်များ   ကြုံတွေ့ချိန်တိုင်း အသက်ကို ပဓာနမထားဘဲ လူသားချင်း စာနာထောက်ထားမှုနှင့် ဘေးအန္တရာယ် ကယ်ဆယ်ရေး (Humanitarian Assistance and Disaster Relief -HADR) လုပ်ငန်းများကို ရှေ့တန်းမှ မားမားမတ်မတ် ရပ်တည်ဆောင်ရွက်နေမှုများအား အထင်အရှား တွေ့ရှိရသည်။

ယနေ့မြန်မာ့တပ်မတော်

    တပ်မတော်သားများသည် နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိရသူများဖြစ်ပြီး နိုင်ငံတော်ကာကွယ်ရေး တာဝန်၊ လေ့ကျင့်ရေး တာဝန်နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းတာဝန်များကို ထမ်းဆောင်ကြသူများဖြစ်သည်။ နိုင်ငံတော် ကာကွယ်ရေး တာဝန်မှာ အနိမ့်ဆုံးအဆင့် ပြည်သူလူထုကို ကာကွယ်ရန်၊   အမြင့်ဆုံးအဆင့် နိုင်ငံတော်၏ အမျိုးသားရေး တာဝန်ဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို   ကာကွယ်ရန်ဖြစ်ပြီး တပ်မတော်သားများသည် ကိုယ်ပိုင်ဆန္ဒနှင့်အညီ   အများအကျိုးအတွက် နိုင်ငံတော်ကာကွယ်ရေး တာဝန် ထမ်းဆောင်နေကြသူများဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဦးဆောင် လမ်းညွှန်မှုဖြင့် ခေတ်မီ တပ်မတော်အဖြစ် တည်ဆောက်ပြီး   နိုင်ငံတော်တည်ငြိမ် အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ စည်းလုံး ညီညွတ်ရေးတို့ကို  အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်မှုများသည် မျိုးဆက်သစ် လူငယ်များအနေဖြင့်   မျိုးချစ်စိတ်များ နိုးကြားကာ နိုင်ငံတော်လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာကို ထိန်းသိမ်းစောင့်ရှောက်လိုသည့် စိတ်ဓာတ်များ နိုးကြားရင့်သန်စေပြီး  ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေး   ကြိုးပမ်း ဆောင်ရွက်ရာတွင် တိုင်းပြည်နှင့်လူမျိုး၏ အမျိုးသားအကျိုးစီးပွားကို   ခိုင်မာစွာ ဆက်လက်  ဖော်ဆောင်နိုင်စွမ်းရှိသည့် ပြည်ထောင်စုတပ်မတော် အဖြစ် မြင်တွေ့ရသည်။

    တပ်မတော်သည်  ဒို့တာဝန်အရေး သုံးပါးကို   ထိပါးနှောင့်ယှက်မှုများကို လက်မခံဘဲ၊ နိုင်ငံသားအားလုံး၏ အမျိုးသား အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်လျက်ရှိပြီး  ရေရှည်တည်တံ့ ခိုင်မြဲသည့် ထာဝရငြိမ်းချမ်းရေး အတွက်  လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေးကို အလေးထား ဆောင်ရွက်လျက်ရှိသည်။

အချုပ်အားဖြင့်ဆိုရသော် ယနေ့ကာလတွင် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရန်နှင့် တိုင်းရင်းသားအားလုံး အချိုးကျ ကိုယ်စားပြုပါဝင်နိုင်သော ရွေးကောက်ပွဲစနစ်ဖြစ်ပေါ် လာစေရေးအတွက် ဦးတည်ကြိုးပမ်းလျက်ရှိသည်။ တပ်မတော်အနေဖြင့် နိုင်ငံရေးလုပ်နေခြင်း မဟုတ်ဘဲ၊ နိုင်ငံ့အရေးဖြစ်သည့် တိုင်းပြည် တည်ဆောက်ရေး(Nation Building)ကို ပုံဖော်နေခြင်းဖြစ်သည်။

အမျိုးသားနိုင်ငံရေး တာဝန်များကို သစ္စာရှိရှိ၊   ကျေပွန်စွာ ထမ်းဆောင်နေသည်ကို တွေ့ရှိရသည့်အတွက် ချစ်သော တပ်မတော် ထာဝရအဓွန့်ရှည်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက်  (၇၈)နှစ်မြောက် တပ်မတော်နေ့ကို  ဂုဏ်ပြုကြိုဆိုလိုက်ရပါသည်။  ။               

မိခိုင်ဇင်ခင်လေး