ရေနဲ့ဓာတ်မတည့်တဲ့ ရောဂါအကြောင်း သိကောင်းစရာ
ထုံးကျောက်နဲ့ တခြားသတ္တုဓာတ်တွေ အများအပြား ပျော်ဝင်နေတဲ့ရေကို ရေစေးလို့ခေါ်ပြီး အဲဒီလို သတ္တုဓာတ်တွေ မပါဝင်တဲ့ရေကို ရေသွက်လို့ခေါ်ပါတယ်။ ရေသွက်က ဘာပြဿနာမှ မရှိပေမယ့် ရေစေးက ပြဿနာရှိနိုင်ပါတယ်။ ရေစေးက ဆပ်ပြာကို အမြှုပ်မထွက်စေနိုင်တော့ ကြေးညှော်မပြောင်ပါဘူး။
ကြေးညှော်မပြောင်စင်တဲ့အပြင် အဝတ်အစားတွေကို ဆပ်ပြာချိုးတွေ စွန်းထင်းစေပါတယ်။ အိမ်မှာသုံးတဲ့ ရေနွေးအိုးတွေမှာ ကျောက်ချိုးကပ်လို့ မကြာခဏခွာထုတ်ပေးရတယ်။ ဒီလိုဆပ်ပြာ အကြွင်းအကျန်တွေ၊ ကျောက်ချိုးတွေက အဝတ်အစား၊ ရေနွေးအိုး၊ ရေချိုးကန်၊ ရေချိုးခန်းကြမ်းခင်းကြွေပြားတွေမှာ စွန်းထင်းပေကျံတာအကြောင်းမဟုတ်ပေမယ့် ရေချိုးတဲ့အခါ လူရဲ့အရေပြားမှာ တင်ကျန်ရစ်ရင်တော့ အန္တရာယ်ပေးတတ်ပါတယ်။ ရေချိုးပြီး ဆပ်ပြာမစင်တာကြောင့် နှင်းခူနဲ့ ဝဲရောဂါရှိတဲ့ ကလေးငယ်တွေဆိုရင် ယားယံစေတတ်ပါတယ်။
ဗြိတိန်မှာပြုလုပ်တဲ့လေ့လာချက်အရ ရေစေးရှိတဲ့ အရပ်ဒေသက ကျောင်းသား၊ ကျောင်းသူတွေရဲ့ ထက်ဝက်လောက်က အရေပြားနှင်းခူနဲ့ ဝဲပြဿနာတွေ တွေ့ကြုံနေရပါတယ်။ တကယ်တော့ ဆပ်ပြာနဲ့သတ္တုဓာတ်တွေက အရေပြားရဲ့ချွေးပေါက်တွေကို ပိတ်ဆို့လိုက်တာကြောင့် အသားအရေခြောက်ကာ၊ ကြမ်းတာ၊ ယားတာ၊ လောင်တာတွေဖြစ်စေပါတယ်။ တချို့ကလည်း ရေစေးကြောင့် အဆီဓာတ်တွေပိတ်ပြီး ဝက်ခြံ တွေ ပိုမိုထွက်နိုင်တယ်လို့ဆိုပါတယ်။ ရေစေးမှာပါတဲ့ သတ္တုဓာတ်(သံဓာတ်၊ မဂ္ဂနီဆီယမ်ဓာတ်)စတာတွေက ဖရီးရယ်ဒီကယ်တွေဖြစ်ပါတယ်။ ဒီတော့ အရေပြား ကလာပ်စည်းတွေရဲ့ ကျန်းမာရေးကိုထိခိုက်စေပြီး အိုမင်းရင့်ရော်စေပါတယ်။ ရေစေးကို ချိုးတဲ့သူတွေက အရွယ်မတိုင်မီ အိုမင်းရင့်ရော်နိုင်ပါတယ်။ အရွယ် မတိုင်မီ ပါးရေနားရေတွေ တွဲကျနိုင်ပါတယ်။ ရေစေးကြောင့် မြန်မြန်အိုမင်းတဲ့ရုပ်သွင် ဖြစ်စေနိုင်သလား ဆိုတာ လေ့လာမှုတွေ၊ သုတေသနတွေနဲ့ ခိုင်ခိုင်မာမာ ပြသနိုင်ဖို့တော့ လိုအပ်ပါသေးတယ်။
မသန့်တဲ့ရေထဲမှာ ချောင်းရေ၊ မြောင်းရေ၊ မြစ်ရေ၊ ကန်ရေ၊ ပင်လယ်ရေတို့ပါဝင်ပါတယ်။ အဲဒီရေတွေမှာ လူနဲ့တိရစ္ဆာန်တွေရဲ့ အညစ်အကြေးတွေ၊ ခရု၊ ပက်ကျိ၊ ငါး စတဲ့ရေနေသတ္တဝါတွေရဲ့ ကပ်ပါးပိုးတွေ၊စက်ရုံ၊ အလုပ်ရုံတွေက စွန့်ထုတ်လိုက်တဲ့ ဓာတုအညစ်အကြေးတွေ မျိုးစုံပါဝင်နိုင်ပါတယ်။ အခန့်မသင့်လို့ မြစ်ထဲ၊ ချောင်းထဲရေကူးပြီး ယားတာ၊ အင်ပျဉ်ထွက်တာ စတဲ့ပြဿနာတွေဖြစ်နိုင်ပါတယ်။ ဓာတ်မတည့်လို့ ယားတာအပြင် ရေပျော်ကပ်ပါးပိုး တစ်မျိုးကြောင့် ယားတဲ့ပြဿနာလည်း ရှိပါတယ်။ Cercaria လို့ ခေါ်တဲ့ သေးငယ်တဲ့ အကောင်လေးတွေကြောင့်ဖြစ်ပါတယ်။ အဲဒီအကောင်လေးတွေက အရေပြားထဲကို ထိုးဖောက်ဝင်တဲ့အခါ ယားယံပြီး ခြင်ကိုက်ဖုလို အဖုအပိမ့်တွေ ထွက်လာပါတယ်။
အဓိကကတော့ ရေစပ်မှာနေတဲ့ဘဲနဲ့ ငန်းတွေကြောင့်ဖြစ်ပါတယ်။ သူတို့ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဲဒီကပ်ပေါင်းကောင်တွေရဲ့ ဥတွေကို မစင်တွေနဲ့အတူ ရေထဲကိုစွန့်ထုတ်ကြတယ်။ ရေထဲမှာ အတော်ကြာမှ အကောင်ပေါက်တွေက ရေထဲက ခရုတွေဆီရောက်သွားတယ်။ ခရုရဲ့ခန္ဓာကိုယ်ထဲမှာကြီးထွားပြီး ရေထဲကို တစ်ဖန်ပြန်ရောက် လာကြတယ်။ ပင်ရင်းမိခင်ဖြစ်တဲ့ ဘဲ၊ ငန်းတို့ဆီပြန်မရောက်ဘဲ ရေဆင်းကူးသူတွေရဲ့ အရေပြားအထိ ရောက်သွားတယ်။ အဲဒီကပ်ပါးကောင်တွေကြောင့် ခြေသလုံးမှာ ယားဖုတွေပေါက်တတ်ပါတယ်။ ရေတိမ်၊ ကမ်းစပ်မှာ ရေဆော့တဲ့ ကလေးငယ်တွေမှာ အဲဒီပြဿနာကြုံရတတ်ပါတယ်။
ရေနဲ့ဓာတ်မတည့်သူဆိုတာ တော်တော်ရှားပါတယ်။ ရေကိုထိတာ၊ ကိုင်တာနဲ့ အင်ပျဉ်နဲ့ယားဖုတွေ ထွက်လာတဲ့ရောဂါဖြစ်ပါတယ်။ Aquagenic Urti-caria လို့ ခေါ်ပါတယ်။ ရေထဲမှာပါတဲ့ ပိုးမွှားတွေ၊ ကပ်ပါးကောင်တွေ၊ ဓာတုပစ္စည်းတွေ၊ ဖလူအိုရင်း၊ ကလိုရင်း စတဲ့ပစ္စည်းတွေနဲ့ မတည့်တာ မဟုတ်ဘဲ ဘယ်လောက်ပဲရေက သန့်သန့် ထိတာနဲ့ ယားဖုတွေ ထွက်လာတဲ့ပြဿနာဖြစ်ပါတယ်။ ရေပူပဲဖြစ်ဖြစ်၊ ရေအေးပဲဖြစ်ဖြစ် ထိတွေ့မိတာနဲ့ယားတဲ့ ရှားပါး ရောဂါဆန်းဖြစ်ပါတယ်။ မျိုးရိုးလည်းလိုက်နိုင်ပါတယ်။ ရေကြောင့် ထွက်လာတဲ့ ယားဖုတွေက နာရီဝက်၊ တစ်နာရီလောက်ကြာရင် သူ့အလိုလို ပြန်ကောင်းသွားပါတယ်။ ရေဆိုတာကလည်း ကင်းကွာလို့ရတဲ့အရာ မဟုတ်တော့ ရေကိုင်တော့မယ်၊ ရေချိုးတော့မယ်ဆိုရင် အဆီဓာတ်ပါတဲ့ လိုးရှင်းတွေလိမ်းထားရင်တော့ သက်သာနိုင်ပါတယ်။ အဲဒီလိုရေနဲ့ ဓာတ်မတည့်လို့ ယားယံတဲ့ပြဿနာကို ၁၉၆၄ ခုနှစ်ကတည်းက Water B.Shelleg ဆိုသူက စတင်ဖော်ထုတ်ခဲ့ပါတယ်။ ရောဂါဖြစ်ပွားနှုန်းကို တိတိကျကျလေ့လာထားတဲ့ သုတေသနကိုတော့ မတွေ့ရှိသေးပါဘူး။
ရေနဲ့ဆပ်ပြာကို ယှဉ်တွဲ သုံးနေကြတယ်။ ကိုဗစ်-၁၉ ရောဂါကာလ တစ်လျှောက်လုံး လက်ကို ရေ၊ဆပ်ပြာတို့နဲ့ စက္ကန့် ၂၀ ကျော်ကြာ ပွတ်တိုက်ဆေးကြောပါ ဆိုတဲ့ညွှန်ကြားချက်က ထိပ်ဆုံးကပါနေတယ်။ ယားယံတာက ရေကိုချည်း အပြစ်မတင်သင့်ဘဲ ဆပ်ပြာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဆပ်ပြာအပြင်းစားတွေ များများသုံးလေ အရေပြားပျက်စီးလေဖြစ်ပါတယ်။ အယ်လ်ကာလီဓာတ် လွန်ကဲတဲ့ ဆပ်ပြာကို ဆပ်ပြာကြမ်း၊ ဆပ်ပြာပြင်းလို့ခေါ်ပါတယ်။ အဲဒီဆပ်ပြာတွေက ကြေးညှော်၊ အစွန်းအထင်းတွေကို ပြောင်စင်အောင် လုပ်နိုင်တဲ့အပြင် အရေပြား အပေါ်လွှာထဲက အဆီဓာတ်ကို တိုက်စားပစ်တာကြောင့် သတိထား သုံးစွဲသင့်ပါတယ်။ ဆပ်ပြာပြင်းလေ အသားခြောက်လေဖြစ်ပါတယ်။ အသားခြောက်တော့ ယားယံလာပါတယ်။ အိမ်ရှင်မတွေ ရေနဲ့ ဆပ်ပြာကိုင်တာများလို့ လက်မှာ နှင်းခူနဲ့ယားနာ ပေါက်တာတွေ မကြာခဏကြုံရပါတယ်။ အိုးတိုက်၊ ပန်းကန်ဆေးတဲ့ ဆပ်ပြာတွေက ရေချိုးဆပ်ပြာတွေထက် ပြင်းပါတယ်။ အဲဒါကြောင့် အရေပြားလောင်တာ၊ အသားခြောက်တာတွေဖြစ်တတ်ပါတယ်။
ပိုးသတ်ဆပ်ပြာတချို့ကလည်း ယားယံတတ်ပါတယ်။ အကြောင်းတစ်ခုခုကြောင့် ယားယံလာရင် အရေပြားပေါ်မှာပိုးတွေရှိလို့ ယားတယ်ထင်ပြီး ပိုးသတ်ဆပ်ပြာတွေနဲ့ ရေချိုးတော့ မသက်သာတဲ့ အပြင် ပိုလို့တောင် ယားယံလာတာမျိုး မကြာခဏ တွေ့ကြုံရပါတယ်။ ပိုးသတ်ဆပ်ပြာတွေမှာ ပါတဲ့ Triclosan ဓာတ်က အခန့်မသင့်ရင် ဓာတ်မတည့်ဖြစ်ပြီး အရေပြား ယားယံတတ်ပါတယ်။ တကယ်တော့ ယားယံရတဲ့အကြောင်းတွေ အများကြီး ရှိပါတယ်။ အရေပြားပေါ်မှာရှိတဲ့ မိတ်ဆွေဗက်တီးရီးယား၊ ရန်သူဗက်တီးရီးယားတွ ေသေကုန်ပြီး ဆေးယဉ်ပါးမှုတွေဖြစ်လာနိုင်ပါတယ်။
ဓာတ်မတည့်ခြင်းဆိုတာ ပုံမှန်ဆိုရင် အန္တရာယ် မရှိတဲ့အရာတွေကို ကိုယ်ခံအားက ပုံမှန်မဟုတ်ဘဲ တုံ့ပြန်တဲ့ အခြေအနေဖြစ်ပြီး အဲဒီအခြေအနေကို ဓာတ်မတည့်ခြင်းလို့ ခေါ်တာပါ။ ဓာတ်မတည့်စေတဲ့ အရာတစ်ခုခုကို ထိတွေ့မိပြီဆိုတာနဲ့ အနီအဖုအပိမ့်တွေထွက်တာ၊အင်ပျဉ်ဖြစ်တာမျိုး တုံ့ပြန်တတ်ပါတယ်။ ခန္ဓာကိုယ်က ဓာတ်မတည့်မှုကို တုံ့ပြန်ဖို့ ဓာတုပစ္စည်းတွေထုတ်နေတဲ့ လက္ခဏာတွေဖြစ်နိုင်ပါတယ်။ အဆိုးဆုံးအနေနဲ့ ဓာတ်မတည့်တာက သေဆုံးတဲ့ အထိဖြစ်နိုင်ပါတယ်။ အတွေ့များတဲ့ ဓာတ်မတည့်မှုတွေက အစားဓာတ်မတည့်တာ၊ အရေပြား ဓာတ်မတည့်တာတို့ဖြစ်ပါတယ်။ ရေဓာတ်မတည့်တာကတော့ တော်တော်ရှားပါတယ်။ ရေနဲ့ဓာတ်မတည့်ရင် ရေနွေးနဲ့ ရေချိုးနိုင်ပေမယ့် ကလိုရင်းခတ်ထားတဲ့ ရေနဲ့ စပ်မချိုးသင့်ပါကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။ ။
ဒေါက်တာလွင်သန့်