ခေတ်အဆက်ဆက် ပြည်သူ့အတွက်တပ်မတော်

ခေတ်အဆက်ဆက် ပြည်သူ့အတွက်တပ်မတော်

ယနေ့ခေတ်  မြန်မာ့တပ်မတော်သည်   သမိုင်းစဉ်ဆက် ဂုဏ်ယူဝင့်ကြွားစွာ ရှင်သန်ပေါ်ထွန်းခဲ့သော၊ နိုင်ငံအတွက်အားထားရသော တပ်မတော်ဖြစ်သည်။ ခရစ်နှစ် ၁၀၄၄ ခုနှစ် ပုဂံခေတ်တွင် ပထမမြန်မာနိုင်ငံတော်ကြီးကို ထူထောင်ခဲ့သော အနော်ရထာမင်းကြီး၏  မြန်မာ့တပ်မတော်၊ ခရစ်နှစ် ၁၅၅၁ ခုနှစ်တောင်ငူခေတ်တွင် ဒုတိယမြန်မာနိုင်ငံတော်ကြီးကိုထူထောင်ခဲ့သော ဘုရင့်နောင် မင်းတရားကြီး၏ မြန်မာ့တပ်မတော်၊ ခရစ်နှစ်   ၁၇၅၂ ခုနှစ် ကုန်းဘောင်ခေတ်တွင် တတိယမြန်မာနိုင်ငံတော်ကို ထူထောင်ခဲ့သော အလောင်းမင်းတရားကြီး၏ မြန်မာ့တပ်မတော်တို့ကဲ့သို့ပင် ဇာတိသွေး၊ ဇာတိမာန်ပြည့်ဝပြီး အမျိုးဂုဏ်၊ ဇာတိဂုဏ်ကိုမြှင့်တင်၍  တိုင်းရင်းသားပေါင်းစုံဖြင့် ဖွဲ့စည်းထူထောင်ထားသော   မျိုးချစ်တပ်မတော်ပင်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ခေတ်သုံးခေတ်၊ မင်းမြတ်သုံးပါးတို့ လက်ဆင့်ကမ်းစံနမူနာပြအမွေပေးခဲ့သော တပ်မတော်ဆိုလျှင်လည်း မမှားပေ။ အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းမင်းတရားတို့သည် မည်သို့ပင်ဂုဏ်ရှိန်ကြီးမြတ်ပါစေ အင်အားတောင့်တင်းပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်၍   စွမ်းရည်ထက်မြက်သော တပ်မတော်တစ်ရပ်ကို မထူထောင်နိုင်ခဲ့ပါက ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်းတွင် ပထမမြန်မာ နိုင်ငံတော်၊  ဒုတိယမြန်မာနိုင်ငံတော်၊  တတိယမြန်မာနိုင်ငံတော်ဟူ၍ ကမ္ပည်းမော်ကွန်းရေးထိုးနိုင်မည်မဟုတ်ပါ။

မြန်မာ့တပ်မတော်သည် ယနေ့ချိန်ခါမှ ပြည်သူကြားမှပေါ်ထွက်လာသော တပ်မတော်တစ်ရပ်မဟုတ်ပါ။ ကမ္ဘာ့အလယ်မှာ မြန်မာ ဟေ့ဆိုပြီး ဂုဏ်ယူဝင့်ကြွားစေနိုင်ခဲ့သော၊ ခေတ်အဆက်ဆက်ကတည်းကနိုင်ငံ့သမိုင်းနှင့်အတူ ယှဉ်တွဲပေါ်ထွန်းခဲ့သော မျိုးချစ် တပ်မတော်ဖြစ်သည်။ တပ်မတော်သည် အမျိုးသားရေးကို  ဘယ်တော့မှသစ္စာမဖောက်ခဲ့ပါ။ နိုင်ငံနှင့်လူမျိုးအတွက်၊ အမျိုးဘာသာ သာသနာအတွက် အမြဲတမ်းတာဝန်ကျေပွန်ခဲ့သော တပ်မတော်လည်းဖြစ်သည်။ မြန်မာ့တပ်မတော်သည် အမျိုးကို ကာကွယ် စောင့်ရှောက် လိုသောစိတ်၊ အမျိုးဂုဏ်ကို မြှင့်တင်လိုသော စိတ်ကိုအခြေခံပြီး ဇာတိသွေး ဇာတိမာန်ပြည့်ဝသူတို့၏နှလုံးသွေးဖြင့် တည်ဆောက်ထားသော “မျိုးချစ်တပ်မတော်” ဖြစ်သည်။

တပ်မတော်ဟူသည် စစ်ရေးစစ်ရာအတွက် လက်နက်တပ်ဆင်ထားပြီး စနစ်တကျဖွဲ့စည်းထားသော ကြည်း၊ ရေ၊ လေတပ်များ ပါဝင် ဖွဲ့စည်းထားသည့် နိုင်ငံတစ်နိုင်ငံ၏ ကာကွယ်ရေးတပ်ပေါင်းစုကြီးလည်း ဖြစ်သည်။ အင်အားတောင့်တင်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက် ၍ စွမ်းရည်ထက်မြက်သော တပ်မတော်တစ်ရပ်ရှိမှသာလျှင် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုနှင့် အေးချမ်းသာယာမှုတို့ကို ဖန်တီးနိုင်မည် ဖြစ်သည်။ ပထမမြန်မာနိုင်ငံတော်ကို ထူထောင်ခဲ့သော အနော်ရထာမင်းကြီးသည် စစ်သည်ရဲမက်များကို အလွယ်တကူ စုစည်းနိုင် ရန်အတွက် ထောင်ပြုမြို့၊ ရာပြုမြို့၊ ဆယ်ပြုမြို့များကို စနစ်တကျထူထောင်နိုင်ခဲ့ခြင်းကြောင့် မြန်မာတို့ သြဇာအာဏာသည် ပတ်ဝန်းကျင်နိုင်ငံများအထိ ပျံ့နှံ့သက်ရောက်ခဲ့သည်။

အလားတူ ဒုတိယမြန်မာနိုင်ငံတော်ကို ထူထောင်ခဲ့သော ဘုရင့်နောင်မင်းကြီးသည် မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင်နယ်ပယ်များ အားလုံးကို မြန်မာတို့၏ သြဇာခံဖြစ်လာအောင်   သိမ်းသွင်းနိုင်ခဲ့သည်။ စနစ်ကျသော ဘုရင့်နောင်၏တပ်တွင် ဆင်တပ်၊ မြင်းတပ်၊ အမြောက်တပ်နှင့်လှံတပ်များဖွဲ့စည်းနိုင်ခဲ့သည့်အတွက် မြန်မာ့တပ်မတော်၏စွမ်းအားသည် အရှေ့တောင်အာရှနယ်ပယ်အားလုံးကို သြဇာလွှမ်းမိုးထားနိုင်ခဲ့သည်။

ထိုနည်းတူ တတိယမြန်မာနိုင်ငံတော်ကိုထူထောင်ခဲ့သော အလောင်းမင်းတရားကြီး၏ မြန်မာ့တပ်မတော်သည်လည်း အင်အား တောင့်တင်းပြီး အရည်အသွေး၊ အဆင့်အတန်းမြင့်မားခဲ့သည်။ အလောင်းမင်းတရားကြီးလက်ထက်တွင် ဆင်တပ်၊ မြင်းတပ်၊ ကြည်းတပ်နှင့် ရေတပ်များအပြင် မြင်းရည်တက်တပ်ဖွဲ့များကိုပါ ဖွဲ့စည်းနိုင်ခဲ့သည်။ ထို့ကြောင့် အင်အားကြီးမား၍ စွမ်းရည် မြင့်မားသော တပ်မတော်ကို အလောင်းမင်းတရားကြီး လက်ထက်တွင် တွေ့မြင်နိုင်သည်။

သို့သော်   ကုန်းဘောင်ခေတ် ဘကြီးတော်မင်းလက်ထက် ၁၈၂၄ ခုနှစ်တွင် ပထမအင်္ဂလိပ်-မြန်မာစစ်ပွဲ၊ ပုဂံမင်းလက်ထက် ၁၈၅၂ ခုနှစ်တွင် ဒုတိယအင်္ဂလိပ်-မြန်မာစစ်ပွဲနှင့်    နောက်ဆုံးသီပေါမင်းလက်ထက် ၁၈၈၅ ခုနှစ်တွင် တတိယအင်္ဂလိပ်-မြန်မာစစ်ပွဲဖြစ်ကာ မြန်မာတို့ ထီးကျိုးစည်ပေါက် ထီးနန်းပျောက်ခဲ့ရသည်။

သို့သော်လည်း မြန်မာတို့သည် ၁၉၀၆ ခုနှစ်တွင် ဝိုင်အမ်ဘီအေအသင်း၊ ၁၉၂၀ ပြည့်နှစ်တွင် ဂျီစီဘီအေအသင်းနှင့် ပထမ ကျောင်းသားသပိတ်၊ ၁၉၃၆   ခုနှစ်တွင်  ဒုတိယကျောင်းသားသပိတ်၊ ၁၉၃၀ ပြည့်နှစ်တွင် တောင်သူလယ်သမား အရေးတော်ပုံ၊ ၁၉၃၈ ခုနှစ်တွင် ရေနံမြေသပိတ်နှင့် ၁၃၀၀ ပြည့်အရေးတော်ပုံအစရှိသော  အမျိုးသားရေးလှုပ်ရှားမှုတို့ဖြင့် နယ်ချဲ့တို့အား ဆန့်ကျင် တွန်းလှန်တိုက်ခိုက်ခဲ့သည်။   နယ်ချဲ့တို့၏ လူအင်အားသာလွန်မှု၊ လက်နက်အင်အားကောင်းမွန်မှုတို့ကြောင့် ထင်တိုင်းမဖြစ်ခဲ့ပါ။ မျိုးချစ်စိတ် မည်သို့ပင်ပြင်းပြပါစေ ခေတ်မီဖွံ့ဖြိုးတိုးတက်၍ စွမ်းရည်ထက်မြက်သည့် တပ်မတော်တစ်ရပ် မဟုတ်သည့်အတွက် ရည်ရွယ်ချက် ပန်းတိုင်နှင့်အလှမ်းဝေးကွာခဲ့သည်။

ထို့ကြောင့် လက်ရုံးရည်၊ နှလုံးရည်နှင့်ပြည့်စုံကာ အင်အားတောင့်တင်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်၍ စွမ်းရည်ထက်မြက်သည့် တပ်မတော် တစ်ရပ်ရှိမှသာ မိမိနိုင်ငံ၊ မိမိလူမျိုးကိုကာကွယ်စောင့်ရှောက်နိုင်မည်ဟု သိရှိနားလည်ခဲ့သောကြောင့် သခင်အောင်ဆန်း ဦးဆောင်သည့် မျိုးချစ်လူငယ်သုံးကျိပ်တို့သည် ဂျပန်တို့၏ အကူအညီများရယူ၍ ဟိုင်နန်ကျွန်းနှင့် ဖော်မိုဆာကျွန်းတို့တွင် စစ်ပညာ ရပ်ကို  ပင်ပန်းဆင်းရဲ ခက်ခဲကြမ်းတမ်းစွာ သင်ယူခဲ့ကြသည်။

ထို့နောက် ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ မျက်စိအထူးကုဆရာဝန်ကြီး ဦးလွန်းဖေအိမ်၌ လက်မောင်း သွေးဖောက် သွေးသစ္စာသောက်ပြီး ဗမာ့လွတ်လပ်ရေးတပ်မတော်(BIA)ကို စတင်သန္ဓေတည် မွေးဖွားဖွဲ့စည်းထူထောင် နိုင်ခဲ့သည်။ ထို့နောက် ဗမာ့လွတ်လပ်ရေးတပ်မတော်(BIA)ကို ၁၉၄၂ ခုနှစ် ဇူလိုင် ၂၇ ရက်တွင် ဗမာ့ကာကွယ်ရေးတပ်မတော် (BDA)အဖြစ် လည်းကောင်း၊ ၁၉၄၃ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ဗမာ့အမျိုးသားတပ်မတော် (BNA)အဖြစ်လည်းကောင်း၊ ၁၉၄၅ ခုနှစ် ဇူလိုင် ၂၃ ရက်တွင် မျိုးချစ်ဗမာ့တပ်မတော် (PBF)အဖြစ်လည်းကောင်း အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ပြည်သူ့ရှေ့မှာ မားမားမတ်မတ် ရပ်တည်ခဲ့သည်။

မြန်မာ့တပ်မတော်သားတို့၏ ပြည်သူကိုချစ်သောစိတ်ဓာတ်၊ အမျိုးကိုကာကွယ်လိုသော စိတ်ဓာတ်တို့ကြောင့် အမိမြေအတွက် အသက်သွေးချွေးပေါင်းများစွာ ပေးဆပ်ပြီး တိုက်ပွဲဝင်ခဲ့ကြသည်။ ထို့ကြောင့် ၁၉၄၅ ခုနှစ် မတ် ၂၇ ရက်တွင် ဖက်ဆစ်တို့ကို စစ်ကြေညာပြီး တွန်းလှန်ခဲ့သောနေ့ကို တော်လှန်ရေးနေ့ဟု သတ်မှတ်ခဲ့ပြီး  နောင်ဆယ်နှစ်အကြာ  ၁၉၅၅   ခုနှစ်တွင် တပ်မတော်နေ့ ဟု ပြောင်းလဲဂုဏ်ပြုခေါ်ဝေါ်ခဲ့သည်။

မျိုးချစ်စိတ်ကိုသန္ဓေတည်ပြီး ရှင်သန်ပေါက်ဖွားခဲ့သော မြန်မာ့တပ်မတော်သည် မည်သို့သောအခက်အခဲမျိုးစုံဖြင့်  ရင်ဆိုင်ကြုံတွေ့ ပါစေ စိတ်ဓာတ်၊ စည်းကမ်း၊ သစ္စာ၊ စည်းလုံးမှုနှင့်စွမ်းရည်သုံးရပ်ပြည့်စုံမှုဆိုသည့် တပ်တိုင်း၊ ရဲဘော်တိုင်းထားရှိရမည့် အခြေခံ အရည်အချင်း ငါးပါးနှင့်အညီ ခံယူချက်ကောင်း၊ ရည်မှန်းချက်ကောင်းများဖြင့်  ပြည်သူ့ရှေ့မားမားမတ်မတ်ရပ်တည်ကာ နိုင်ငံတော် ကို ကာကွယ်စောင့်ရှောက်လျက်ရှိသည်။ တပ်မတော်နှင့် ပြည်သူညီညွတ်မှုစွမ်းအားကြောင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် မျှော်လင့်တောင့်တခဲ့သော လွတ်လပ်ရေးအောင်ပန်းကြီးကို ဆွတ်ခူးနိုင်ခဲ့ပါသည်။  မြန်မာ့တပ်မတော်သည်    လွတ်လပ်ရေးမရခင်က လည်းကောင်း၊ လွတ်လပ်ရေးရပြီးချိန်တို့တွင်လည်းကောင်း   ပြည်တွင်းပြည်ပရန်သူဟူသမျှကို  စစ်ဆင်ရေးကြီးပေါင်းများစွာဖြင့် ဆင်နွှဲကာ အမိမြေအတွက်  တာဝန်သိသိ၊  သစ္စာရှိရှိဖြင့် တိုက်ပွဲဝင်ခဲ့ကြသည်။ တိုင်းပြည်နှင့်လူမျိုးအတွက်၊ အမျိုးဘာသာ သာသနာ အတွက်  အသက်ကိုပဓာနမထားဘဲ  စွန့်လွှတ်စွန့်စားသည့် စိတ်ဓာတ်ဖြင့် ရဲရဲဝံ့ဝံ့ထမ်းဆောင်ခဲ့သော  မြန်မာ့တပ်မတော်ဖြစ်သည်။

လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင်လည်း နယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်မှုတို့ကြောင့် လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်ခဲ့သော ပြည်တွင်း ရောင်စုံသောင်းကျန်းမှုတို့ကိုလည်း ရင်ဆိုင်တွန်းလှန်ခဲ့ပြန်သည်။

အလားတူ ပြည်တွင်းမငြိမ်သက်မှုကို အခွင့်ကောင်းယူပြီး မြန်မာနိုင်ငံအတွင်းသို့ ကျူးကျော်ဝင်ရောက်ခဲ့ကြသော ကူမင်တန် တပ်များနှင့် ရောင်စုံသူပုန်များ ဆူပူထကြွနေသော ဒေသများကို ကျိုင်းတုံစစ်ဆင်ရေး၊ပင်လုံစစ်ဆင်ရေး၊ မိုးကြိုးစစ်ဆင်ရေး၊ နဂါးနိုင် စစ်ဆင်ရေး၊ ဗန္ဓုလစစ်ဆင်ရေး အစရှိသော စစ်ဆင်ရေးကြီးများဖြင့်လည်းကောင်း၊ မဲခေါင်၊ အောင်မာဃ၊ ကွမ်းလုံ၊ စီစီဝမ်တာပန်၊ မိုးဟိန်း၊ ရွှေလင်းယုန်၊ ထော်ပိုင်၊ သိလ္လာ စသောစစ်ဆင်ရေးကြီးများဖြင့် ဆင်နွှဲအနိုင်ယူကာ အနက်ရောင်နယ်မြေများမှ အဖြူရောင် နယ်မြေများဖြစ်အောင် ပြည်သူ့ရှေ့မှာ မားမားမတ်မတ်ရပ်ကာ ပြောင်းလဲပေးနိုင်ခဲ့သည်။

တိုင်းပြည်အတွက် အရေးကြုံလာတိုင်း မြန်မာ့တပ်မတော်သည် အတိတ်ကဖြစ်ရပ်များကို သင်ခန်းစာယူပြီး တိုင်းပြည်ကို အစွန်း ထင်းမခံခဲ့ပါ။ အမျိုးဂုဏ်၊ ဇာတိဂုဏ်အချိုးမခံဘဲ သမိုင်းစဉ်ဆက် ခေတ်အဆက်ဆက်ပြည်သူ့ရှေ့မှာ ရဲဝံ့ပြောင်မြောက်စွာ ရပ်တည် ကာကွယ်စောင့်ရှောက်နေခြင်းပင် ဖြစ်သည်။ ပြည်သူ့အရေးအစဉ်တွေးပြီး ကာကွယ်စောင့်ရှောက်နေသော မြန်မာ့တပ်မတော်သည် ပြည်သူတို့၏ လိုလားချက်နှင့် ဖြစ်ပေါ်လာသောသမိုင်း၏ တောင်းဆိုချက်များအရ ၁၉၅၈ ခုနှစ် နိုင်ငံရေးအကျပ်အတည်းကာလတွင် အိမ်စောင့်အစိုးရကို ဖွဲ့စည်းကာ တရားမျှတသောရွေးကောက်ပွဲကျင်းပနိုင်ရန်တာဝန်ယူခဲ့သည်။  ၁၉၆၀ ပြည့်နှစ် ဇန်နဝါရီ ၂၀ ရက်တွင် တရုတ်-မြန်မာနယ်နိမိတ် သတ်မှတ်မှု သဘောတူစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည်။ မတရားသိုလှောင်ထားသော ကုန်ပစ္စည်း များကို စုစည်းပြီး ပြည်သူလူထုကို ညီညွတ်မျှတစွာ ဝေငှပေးခဲ့သည်။ အဓိကသွင်းကုန်များဖြစ်သော ထောက်ပံ့ရေးဌာန၊ သမဝါယမနှင့်  ဖက်စပ်ကော်ပိုရေးရှင်းများ၏မူနှင့်လုပ်ငန်းစဉ်များကို ပြည်သူလူထုနှင့်ကိုက်ညီအောင် ပြုပြင်ဆောင်ရွက်ပေးခဲ့သည်။ ထို့ပြင် ၁၉၅၈ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် မြူနီစီပယ်အုပ်ချုပ်ရေး အဖွဲ့သစ်ကိုဖွဲ့စည်းခဲ့ပြီး ရန်ကုန်မြို့တော်ကြီးအား မြို့တော် အင်္ဂါရပ်နှင့်ညီအောင် ဆောင်ရွက်ခဲ့သည်။ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပနှင့် သာကေတမြို့သစ်တို့ကို တိုးချဲ့တည်ထောင် ပေးခဲ့ပြီး အခြေခံလူတန်းစားများ၏ဘဝများကို   လူနေမှုဘဝမြင့်မားအောင် လုပ်ဆောင်ပေးခဲ့သည်။ အိမ်စောင့်အစိုးရအနေဖြင့် ၁၉၆၀  ပြည့်နှစ်  ဖေဖော်ဝါရီ ၆ ရက်တွင်  လွတ်လပ်၍တရားမျှတသော  အထွေထွေရွေးကောက်ပွဲတွင်    အနိုင်ရရှိခဲ့သော သန့်ရှင်း ဖဆပလအဖွဲ့သို့ ၁၉၆၀ ပြည့်နှစ် ဧပြီ ၄ ရက်၌ နိုင်ငံတော်အာဏာကို   ပြန်လည်လွှဲပြောင်းပေးခဲ့သည်။ တပ်မတော်သည် စနစ်ကျစွာ နိုင်ငံတော်အာဏာကို လွှဲပေးခဲ့သော်လည်း အာဏာရပါတီ၏ မညီညွတ်မှုကြောင့် ပြည်ထောင်စုပြိုကွဲမည့် အခြေအနေသို့ ရောက်ရှိခဲ့ပြန်သည်။

ထို့ကြောင့် ၁၉၆၂ ခုနှစ် ပြည်ထောင်စုကြီးပြိုကွဲတော့မည့်အရေးတွင် မြန်မာ့တပ်မတော်သည် နိုင်ငံတော်အာဏာကို ပြန်လည် လွှဲပြောင်းရယူခဲ့ပြီး တစ်မျိုးသားလုံး၏စည်းလုံးညီညွတ်မှုကို ပြန်လည်တည်ဆောက်ခဲ့သည်။ အမျိုးသား စည်းလုံးညီညွတ်ရေးကို ကာကွယ်သည့် ဥပဒေတစ်ရပ်ကိုလည်း ထုတ်ပြန်ခဲ့သည်။ တောင်သူလယ်သမား၊ အလုပ်သမားများ၏ ဘဝအခက်အခဲများကို ဦးစားပေး ဆောင်ရွက်ခဲ့ပြီး နှီးနှောဖလှယ်ပွဲများကိုပါ ကျင်းပပေးခဲ့သည်။ ၁၉၆၂ ခုနှစ် ဇူလိုင် ၄ ရက်တွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီကို ထူထောင်ပြီး ၁၉၇၂ ခုနှစ်မှစ၍ ဖွဲ့စည်းပုံအခြေခံဥပဒေကို စတင်ရေးဆွဲခဲ့ကာ လူထုထဲသို့  မူကြမ်းသုံးကြိမ်ချပြခဲ့သည်။ ၁၉၇၃ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်မှ ၃၁ ရက်အထိ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပပြီး ၁၉၇၄ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုခဲ့သည်။ အတည်ပြုပြဋ္ဌာန်းခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ၁၉၇၄ ခုနှစ် မတ် ၂ ရက် တွင် နိုင်ငံတော်အာဏာကို မူလပိုင်ရှင်အစစ်ဖြစ်သူ တိုင်းရင်းသားပြည်သူများအား ကိုယ်စားပြုသည့် ပြည်သူ့လွှတ်တော်သို့ ပြန်လည် အပ်နှင်းခဲ့သည်။

၁၉၈၈ ခုနှစ် ပြည်တွင်းဆူပူမှုကာလတွင် နိုင်ငံတော်လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာဆုံးရှုံးရမည့်အန္တရာယ်ကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရန်အတွက် ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်တွင် မြန်မာ့တပ်မတော်သည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ကိုဖွဲ့စည်း၍ နိုင်ငံတော်အာဏာအရပ်ရပ်ကို တာဝန်ယူခဲ့ရပြန်သည်။

ဒို့တာဝန်အရေးသုံးပါးကို အမျိုးသားရေးတာဝန်အဖြစ် သတ်မှတ်ကာ တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်းရေး၊ အများပြည်သူ လုံခြုံရေး၊ လမ်းပန်းဆက်သွယ်မှု အဆင်ပြေစေရေးနှင့် ပြည်သူတို့၏ စားဝတ်နေရေးချောင်လည်စေရန် အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက် ပေးခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူများအချိန်နှင့်တစ်ပြေးညီ အဆင်ပြေစွာ သွားလာနိုင်စေရန် အတွက် လမ်းဖောက်ခြင်း၊ တံတားဆောက်ခြင်းနှင့် မြို့သစ်များကိုပါ တိုးချဲ့တည်ဆောက်ပေးခဲ့သည်။ မြန်မာနိုင်ငံ အနှံ့ပြည်နယ် နှင့်တိုင်း များတွင်   စိုက်ပျိုးရေဖူလုံစေရန် ဆည်မြောင်းတာတမံများကိုလည်း အဆင့်မြင့်မားစွာ တည်ဆောက်ပေးခဲ့သည်။

နိုင်ငံတော်အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်ကြီးအဖြစ် ကြိုးပမ်းရင်း ဈေးကွက်စီးပွားရေးစနစ်ကိုပါ အကောင်အထည်ဖော် ဆောင်ပေးခဲ့သည်။ ထို့ပြင် နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၇ ဖွဲ့အား တရားဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာနိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့သည်။ ထို့နောက်   ၁၉၉၇  ခုနှစ် နိုဝင်ဘာ ၁၅ ရက်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဟု ပြောင်းလဲပြင်ဆင်ပြီး အမျိုးသား စွမ်းအားကို ထူထောင်ပေးခဲ့သည့်အပြင် အချုပ်အခြာအာဏာနှင့်ပြည်ထောင်စုအကျိုးစီးပွားကိုပါ ကာကွယ်စောင့်ရှောက်ပေးခဲ့သည်။ တပ်မတော်သည်နိုင်ငံတော်တာဝန်ယူနေစဉ်အတွင်း အဘက်ဘက်က ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးခဲ့ပြီး ၂၀၁၁ ခုနှစ်မတ် ၃၁ ရက်တွင် ပါတီစုံဒီမိုကရေစီစနစ်အရ ပေါ်ပေါက်လာသောအစိုးရထံ နိုင်ငံတော်အာဏာကို ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့သည်။

ပြည်သူ့အရေးဆို ခေတ်အဆက်ဆက် တာဝန်ကျေပွန်ခဲ့သော မြန်မာ့တပ်မတော်သည် မည်သို့သော အကြောင်းတရားများနှင့် ရင်ဆိုင်ကြုံတွေ့ပါစေ စနစ်မှန်၊ နည်းလမ်းမှန်စွာနှင့်ပြည်သူ့အရှေ့မှ မားမားမတ်မတ်ရပ်တည်ပေးလျက်ရှိသည်။ ထို့ကြောင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများ ရှိခဲ့သည့်အတွက် ၂၀၀၈ ခုနှစ် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၄၁၈ ပုဒ်မခွဲ(က)နှင့်အညီ နိုင်ငံတော်တာဝန်အရပ်ရပ်ကို လက်ခံရယူပြီး  ဖေဖော်ဝါရီ ၁ ရက်မှစ၍ အမျိုးသား နိုင်ငံရေး တွင်  ဦးဆောင်ပါဝင်ခဲ့ရပြန်သည်။

မြန်မာ့တပ်မတော်သည် စစ်ရေး၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးကိစ္စများကို တစိုက်မတ်မတ် အားသွန်ကြိုးပမ်းဆောင်ရွက်ရင်း ပြည်သူ့အကျိုးပြုလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် လုပ်ဆောင်ပေးလျက်ရှိသည်။ နာဂစ်မုန်တိုင်း၊ ဂီရိမုန်တိုင်း၊ မဟာစင် မုန်တိုင်း၊ တာလေငလျင်၊ စစ်ကိုင်းငလျင်၊ ပုဂံငလျင်၊ ဧရာဝတီရေဘေး၊ ကလေးရေဘေး အစရှိသည့် မြန်မာနိုင်ငံအနှံ့အပြားတို့တွင်  ဖြစ်ပေါ်ခဲ့သော ပြည်သူလူထုအပေါ်ကျရောက်လာသည့် သဘာဝဘေးအန္တရာယ်များကိုလည်း လူသားချင်းစာနာစိတ် အပြည့်အဝ ထားပြီး အချိန်နှင့်တစ်ပြေးညီ ကာကွယ်စောင့်ရှောက်ကူညီဆောင်ရွက်ခဲ့သည်။

တပ်မတော်သည် ဒို့တာဝန်အရေးသုံးပါးကို ပြည်သူနှင့်လက်တွဲပြီး ကာကွယ်စောင့်ရှောက်လျက်ရှိသလို ပြည်သူတို့၏ အသက် အိုးအိမ်၊ စည်းစိမ်ဥစ္စာကိုလည်း အသက်သွေးချွေးပေါင်းများစွာတို့ဖြင့် ပေးဆပ်စောင့်ရှောက်ခဲ့သည်မှာ ခေတ်အဆက်ဆက်ပင် ဖြစ်သည်။ အလားတူ ယနေ့ ကမ္ဘာကိုခြိမ်းခြောက်နေသော ကိုဗစ်-၁၉ကိုရိုနာဗိုင်းရပ်ရောဂါဆိုးမှ ကင်းဝေးအောင် ဌာနဆိုင်ရာ အသီးသီးနှင့် ပူးပေါင်း၍ ပြည်သူလူထုနှင့်လက်တွဲကာ အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိနေသည်မှာ မျက်ဝါးထင်ထင် တွေ့မြင် ရမည်ဖြစ်သည်။

တပ်မတော်အနေနှင့် ယနေ့မျက်မှောက်ကာလ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုကြောင့်ဖြစ်ပေါ်လာသော ဆူပူအကြမ်းဖက်မှုများအား အချိန်နှင့်တစ်ပြေးညီ ဖယ်ရှားရှင်းလင်းလျက်ရှိသည်။ ပြည်သူလူထုအတွက် လုံခြုံမှုရှိစေရန်ကာကွယ်ရေးတာဝန်ကို အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိသည်။ တပ်မတော်အနေဖြင့်နိုင်ငံနှင့်လူမျိုးကောင်းကျိုးအတွက် မှန်ကန်သည့်ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်နေ ကြောင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က (၇၆)နှစ်မြောက် တပ်မတော်နေ့ မိန့်ခွန်းတွင် အောက်ပါအတိုင်း ပြောကြားခဲ့သည်။

“ဒို့တပ်မတော်ဟာ  မှန်ကန်မွန်မြတ်တဲ့ရည်ရွယ်ချက်နဲ့  ဖွဲ့စည်းတည်ဆောက်ခဲ့ပြီးဂုဏ်ယူဖွယ်ရာကောင်းတဲ့ သမိုင်းကြောင်းတွေကို လည်း  ပိုင်ဆိုင်ခဲ့ပြီးဖြစ်တယ်။  အမိနိုင်ငံတော်နဲ့ လူမျိုးအပေါ်မှာ ဘယ်လိုသစ္စာဖောက်မှု မျိုးကိုမှမကျူးလွန်ဘဲ  သစ္စာစောင့်သိခဲ့တဲ့ တပ်မတော်ဖြစ်တာကြောင့် နိုင်ငံနှင့် လူမျိုးအပေါ်မှာ  အကျိုးအမြတ်ရယူဖို့ မကြိုးပမ်းဘဲ ပေးဆပ်ဖို့ကိုသာ အစဉ်တစိုက် ဦးတည် လုပ်ဆောင်ခဲ့တာဖြစ်တယ်။ မိမိလူမျိုးကို ကိုယ်ပိုင်နိုင်ငံ၊ ကိုယ်ပိုင်နိုင်ငံတော်အလံနှင့် ကိုယ်ပိုင်နိုင်ငံတော်သီချင်း   သီဆိုနိုင်တဲ့ လူမျိုးအဖြစ် ကာကွယ်ပို့ဆောင်ပေးခဲ့ပြီးလည်း ဖြစ်တယ်။  ဒို့တပ်မတော်ဟာ အတိတ်ကာလက နိုင်ငံနှင့်လူမျိုးအပေါ် တာဝန် ကျေပွန်မှု၊ သစ္စာစောင့်သိမှု၊ ပေးဆပ်မှုအမျိုးမျိုးတွေကို မညည်းမညူလုပ်ဆောင်ခဲ့ပြီးဖြစ်သလို ယခုပစ္စုပ္ပန်ကာလမှာလည်း  နိုင်ငံနှင့် လူမျိုးအတွက် တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကြီး တည်ဆောက်ရေးကို တည့်မတ်ထိန်းသိမ်း ဆောင်ရွက်ပေးလျက်ရှိတယ်။ တပ်မတော်ရဲ့ ကြိုးပမ်းဆောင်ရွက်မှုမှန်သမျှဟာ ဒို့တပ်မတော်အတွက်မဟုတ်ဘဲ အမိနိုင်ငံနှင့် တိုင်းရင်းသားပြည်သူလူထုကောင်းကျိုးဖြစ်ထွန်းပြီး အချုပ်အခြာအာဏာပိုင်ဆိုင်တဲ့ နိုင်ငံနှင့်လူမျိုးအဖြစ်  ကမ္ဘာ့အလယ်မှာ ဆက်လက်ရပ်တည်သွားနိုင်ဖို့ ကိုယ်ကျိုးမငဲ့ မွန်မြတ်တဲ့စိတ်ရင်းစေတနာနဲ့ လုပ်ဆောင် နေတာဖြစ်ကြောင်း ပြောကြားလိုတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။

အချုပ်အားဖြင့်ဆိုရသော် မြန်မာ့တပ်မတော်သည် စတင်သန္ဓေတည်ပေါ်ပေါက်လာစဉ်ကတည်းက ပြည်သူနှင့်အတူလက်တွဲ၍ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ လွတ်လပ်ရေးရရှိအောင်ကြိုးပမ်းမှု၊ ပြည်တွင်းငြိမ်းချမ်းရေးဆောင်ရွက်မှု၊ ပြည် ပကျူးကျော်မှုကို နှိမ်နင်းခြင်းနှင့် တိုင်းရင်းသားရင်ကြားစေ့ရေး လုပ်ငန်းများကို ဖော်ဆောင်ခဲ့သည်။  ထို့ပြင် ပါတီစုံဒီမိုကရေစီ စနစ် ဖော်ဆောင်ခြင်းနှင့်အတူ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိသည်။ သို့ဖြစ်ပါသောကြောင့် တိုင်းပြည်တွင် အရေးကိစ္စကြုံလာတိုင်း “အသက်သွေးချွေး၊ စဉ်မနှေး၊ ပေးဆပ်သည်မှာ တပ်မတော်ပါ” ဆိုသည့်အတိုင်း အစဉ်အလာ ကောင်းများဖြင့် ပြည်သူ့အရှေ့ အမြဲအသင့်ရှိနေမည့် “ခေတ်အဆက်ဆက်ပြည်သူ့အတွက် တပ်မတော်” ပင်ဖြစ်ပါကြောင်း (၇၈)နှစ်မြောက် တပ်မတော်နေ့အား  ဂုဏ်ပြုရေးသားတင်ပြရပါသည်။  ။

မနောဖြူ