လားရှိုးမြို့မှ ပြေးဆွဲနေသည့် ခရီးသည်တင် ယာဉ်ငယ်များ ကြားယာဉ်လိုင်းကြောင့် ခရီးသည်ရရှိမှု နည်းပါးနေ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ မန်ဆူကားလေးဝင်းမှ ဒေသအသီးသီးသို့ ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်လိုင်း ၅၂ လိုင်းရှိပြီး ခရီးသည်များ တင်ဆောင်၍  ပြေးဆွဲနေသော်လည်း လက်ရှိတွင် ကြားကားများပါ   ဝင်ရောက်ပြေးဆွဲနေသောကြောင့် ဂိတ်ဝင်လိုင်းကားများ၌ ခရီးသည်ရရှိမှု နည်းပါးနေကြောင်း လားရှိုး-လောက်ကိုင် ပြေးဆွဲနေသည့်   ယာဉ်မောင်း စိုင်းမွန်းဖထံမှ သိရသည်။

''ကျွန်တော်တို့ ယာဉ်လိုင်းတွေက ဂိတ်ပတ်နဲ့ ထွက်ရတာ၊ ကြားကားတွေကတော့ ခရီးသည်ရတာနဲ့ အလွတ်ပြေးဆွဲနေကြတာ၊ နောက်တစ်ခုက ကျွန်တော်တို့ လိုင်းဝင်ကားတွေက ကားဝင်းအတွင်းကနေပြီး ခရီးသည်တင်ရတာ၊ ကြားကားတွေကတော့ ကားဝင်းအနီး လားရှိုး-သိန်းနီလမ်းကနေဖြတ်ပြီး ခရီးသည် တင်ကြရတာဆိုတော့ ကားဝင်းထဲအထိ ခရီးသည်အရောက်

နည်းတယ်။ အဲဒီလို ကြားဖြတ်ပြီး ခရီးသည်တင်နေတဲ့ ကြားကားတွေကြောင့် ဂိတ်ပတ်နဲ့ထွက်တဲ့ ကျွန်တော်တို့လို ကားတွေက ခရီးသည် ရရှိမှု နည်းပါးနေတာဖြစ်ပါတယ်''ဟု ယာဉ်မောင်းစိုင်းမွန်းဖ ကပြောသည်။

လားရှိုးမြို့မှတစ်ဆင့် သိန်းနီ၊  ကွတ်ခိုင်၊ ကွမ်းလုံ၊ မူဆယ်၊ တန့်ယန်း၊ မိုင်းရယ်၊ ပန်ဆန်း၊ လောက်ကိုင်၊  ချင်းရွှေဟော်နှင့် တခြားမြို့နယ်များဖြစ်သည့်  သီပေါ၊ ကျောက်မဲ၊  နောင်ချို၊ပြင်ဦးလွင်၊ မန္တလေး အစရှိသည့်မြို့နယ်တို့နှင့် အခြားဒေသများသို့   ပြေးဆွဲလျက်ရှိသည်။

ဂိတ်ပတ်ဖြင့်   ပြေးဆွဲနေသည့် ယာဉ်လိုင်းများအနေဖြင့် ခရီးသည်ရရှိမှု နည်းပါးနေသောကြောင့်    စီးပွားရေး အဆင်မပြေကြောင်း   ယာဉ်မောင်းများထံမှ သိရသည်။