ကမြောကင်းတံတားသစ်ဖွင့်ပွဲ အခမ်းအနား ကျင်းပ

ကမြောကင်းတံတားသစ်ဖွင့်ပွဲ အခမ်းအနား  ကျင်းပ

နေပြည်တော်      မတ် ၂၆

ပြည်သူများသွားလာရေး လွယ်ကူအဆင်ပြေစေရန်နှင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရန်အတွက် ထားဝယ်မြို့၊ ထားဝယ်-ကမြောကင်း-လောင်းလုံးလမ်းပေါ်ရှိ ကမြောကင်း တံတားသစ် တည်ဆောက်ရေး စီမံကိန်းကို  ဆောက်လုပ်ရေးဝန်ကြီးဌာန တံတား ဦး စီးဌာန တည်ဆောက်ရေးအဖွဲ့(၄)က  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်မှ စတင်၍ တာဝန်ယူ တည်ဆောက်လျက်ရှိရာ  ၂၀၂၃ ခုနှစ် မတ်  ၁၅ ရက်တွင် တည်ဆောက်ပြီးစီးခဲ့သဖြင့် ယနေ့ နံနက်ပိုင်း တွင် ကမြောကင်းတံတားသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားသို့       နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ် ချုပ်ကြီး အောင်လင်းဒွေး ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ခွန်စံလွင်နှင့် ဦးရန်ကျော်၊ တနင်္သာရီတိုင်းဒေသကြီး  ဝန်ကြီးချုပ်ဦးမြတ်ကို၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် စောသန်းလှိုင်၊ တနင်္သာရီတိုင်း ဒေသကြီး   ဝန်ကြီးများ ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဒေသခံတိုင်းရင်းသားပြည် သူများ နှင့် ရပ်မိရပ်ဖများ တက်ရောက်ကြသည်။

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယ ဗိုလ် ချုပ်ကြီး အောင်လင်းဒွေး က   (၇၈) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ထားဝယ်ခရိုင်၊ ထားဝယ်မြို့ နယ် ၊ ထားဝယ်-လောင်းလုံး လမ်းပေါ်ရှိ ပေ ၁၀၅၀   အရှည်ရှိသော ကမြောကင်း တံတားကြီးကို အခြားတံတား ဒီဇိုင်းများနှင့်မတူဘဲ  ထားဝယ်မြို့၏  Landmark ဖြစ်စေရန် Steel Arch Type ဖြင့် ခိုင်ခံ့လှပ ထည်ဝါစွာ တည်ဆောက် ဖွင့်လှစ်နိုင်သောကြောင့် ဒေသခံများနှင့် ထပ်တူ ဝမ်းသာကြည်နူးရပါကြောင်း။

   ပြည်ထောင်စုကြီးအတွင်းရှိ  တိုင်းဒေသကြီး နှင့် ပြည်နယ် များအားလုံး အချိုးညီ ဖွံ့ဖြိုးတိုးတက်စေရန် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး ၊ ပြည်နယ် အစိုးရအဖွဲ့တို့ ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ရန်အဓိက ကျသော လိုအပ်ချက်များထဲမှ လမ်းပန်းဆက်သွယ်ရေး လွယ်ကူ လျင်မြန် ခြင်းသည် အလွန် အရေး ကြီးသော အခန်း ကဏ္ဍတွင် ပါဝင်လျက်ရှိပါကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း ဒေသ၏ ကုန်စည်စီးဆင်းမှုလွယ်ကူ ချောမွေ့စေရန် ၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာ စေရန်၊ ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး ၊ ပဲခူးတိုင်း ဒေသကြီး၊ မွန်ပြည်နယ်တို့နှင့် ဆက်သွယ်ပေးလျက် ရှိသော ဘုရားကြီး-မော်လမြိုင်-ထားဝယ်-မြိတ်-ဘုတ်ပြင်း-ကော့သောင်းလမ်း (အာဆီယံလမ်းမကြီးအမှတ်-၁၁၂)ကို အာဆီယံလမ်းမကြီး များ ၏ လမ်းအဆင့်အတန်း သတ်မှတ်ချက် နှင့်အညီ အနည်းဆုံး ၂၄ ပေ အကျယ် နှစ်လမ်း သွား ကတ္တရာကွန်ကရစ်(AC)လမ်း ၊ ကွန်ကရစ်လမ်း ၊ ကတ္တရာ လမ်းများ အဖြစ် ရာနှုန်းပြည့် ဆောင်ရွက် ပေးနိုင် ခဲ့ ပါကြောင်း။

 ဘုရားကြီး - မော်လမြိုင် - ထားဝယ်-မြိတ် -ဘုတ်ပြင်း - ကော့သောင်း လမ်းမကြီး နှင့် ချိတ်ဆက်လျက်ရှိပြီး ထိုင်းနိုင်ငံနှင့် တိုက်ရိုက်ဆက်သွယ်ထားသော အာဆီယံလမ်းမကြီး ကွန်ရက်တွင် ပါဝင်သည့်  လေညာ-ရတနာပုံလမ်း ၊ ထားဝယ်-မေတ္တာ-ထီးခီးလမ်းတို့ကိုလည်း ကွန်ကရစ်လမ်း ၊ ကတ္တရာလမ်းများအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ပေးခြင်းဖြင့် မဟာမဲခေါင်ဒေသ စီးပွားရေး စင်္ကြန် လမ်းမ ကြီးများနှင့် ချိတ် ဆက်ပြီး အာဆီယံဒေသအတွင်း ကုန်စည်စီးဆင်းမှု လွယ်ကူလျင်မြန်စေခြင်း ၊ ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခြင်း၊ ဒေသဖွံ့ဖြိုးတိုးတက်မှုအတွက်များစွာ အထောက်အကူ ဖြစ်စေခြင်း စသည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်ပါကြောင်း။

 တနင်္သာရီတိုင်းဒေသကြီးတွင် အကောင်အထည်ဖော်မည့်  ထားဝယ် စီးပွားရေးအထူးဇုန် သည် မြန်မာနိုင်ငံ၏ အကြီးဆုံး အထူးစီးပွားရေးဇုန်တစ်ခုဖြစ်ပြီး ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံတို့နှင့် ပင်လယ်ရေကြောင်းလမ်း ၊ ရထားလမ်း ၊ ကားလမ်းတို့ဖြင့် ချိတ် ဆက်သွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် တိုင်းပြည်၏အဓိက ဝင်ငွေရရှိသော ဓာတ်ငွေ့ များထွက် ရှိရာ တိုင်းဒေသကြီး တစ်ခု ဖြစ်သည့် အတွက် ဖွံ့ဖြိုးရေးတွင် အရေးကြီးသည့် ဦးစားပေး ကဏ္ဍ၌ ပါဝင်နေပါကြောင်း။

မိမိတို့နိုင်ငံ၏ အနာဂတ်ငြိမ်းချမ်းသာယာအောင် နိုင်ငံသူနိုင်ငံသားများ၏ ဘဝ ချမ်းမြေ့ ပျော်ရွှင်အောင် နိုင်ငံတော်အစိုးရ အနေ ဖြင့် ကောင်းမွန် သည့်  ရည်မှန်းချက် ဦးတည်ချက်များကို ကြိုးပမ်းပုံဖော် လျက်ရှိပါ ကြောင်းနှင့် တိုင်းရင်းသား ညီအစ်ကိုများအနေဖြင့် နိုင်ငံတော်အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုး တက်စေရေး စသည့် လုပ်ငန်းစဉ်အပေါ် ပိုမို ပူးပေါင်းဆောင်ရွက်ပေးကြပါရန် လိုအပ်ပါကြောင်း၊   ကမြောကင်းတံတားကြီး ရေရှည်တည်တံ့စေရေးအတွက်  ဒေသခံများက ဝိုင်းဝန်းထိန်းသိမ်း စောင့် ရှောက် ပေးကြစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို က ဒေသဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍  ဒုတိယဝန်ကြီးဦးဝင်းဖေ က တံတားတည်ဆောက် ခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး  တံတားတည်ဆောက်ပေးမှုနှင့် ပတ်သက်၍ ဒေသခံပြည်သူတစ်ဦး က ကျေးဇူးတင်စကားပြောကြားကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးအား  ဒုတိယဝန်ကြီး ဉီးဝင်းဖေ က အမှတ်တရလက်ဆောင် ပေးအပ်သည်။

ယင်းနောက်  ကမြောကင်းတံတားအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင် နှင့် ဦးရန်ကျော် ၊ တိုင်းဒေသကြီး  ဝန်ကြီးချုပ် ဦးမြတ်ကို၊  တိုင်းမှူး ဗိုလ်ချုပ် စောသန်း လှိုင်နှင့် ဒုတိယဝန်ကြီးဦးဝင်းဖေတို့ က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး က ကမြောကင်းတံတား ကမ္ပည်း ကျောက်စာ အား စက်ခလုပ်နှိပ် ဖွင့်လှစ် ပေး ပြီး ဖိတ်ကြားထားသော ဧည့်သည်တော်များက အမွှေးနံ့သာရည် ပက်ဖျန်းပေးကာ တံတားပေါ်မှ  ဖြတ်သန်းကြည့်ရှု ကြသည်။

ကမြောကင်းတံတားသည်  တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်  ထားဝယ်-ကမြော ကင်း- မောင်းမကန် လမ်းပေါ်တွင်   တည်ရှိကာ  အရှေ့ဘက်ကမ်းမှာ  ထားဝယ်မြို့ဖြစ်ပြီး အနောက် ဘက် ကမ်းမှာ လောင်းလုံးမြို့နယ် ဖြစ်သည်။

တံတားအမျိုးအစားမှာ အပေါ်ထည် R.C Girder, P.C Girder, Steel  Arch Truss  နှင့် R.C  Decking  Slab  ဖြစ်ပြီး တံတားတိုင် ကိုယ်ထည် R.C Concrete  နှင့် အုတ်မြစ်ကို 1 ဒသမ 2 mØ ၊ 1 ဒသမ 5 mØ ၊ 2 ဒသမ 8 mØနှင့် Bored  Pile တို့ဖြင့် တည်ဆောက်ထားကာ   တံတား အရှည်ပေ ၁ဝ၅ဝ၊ ယာဉ်သွားလမ်းအကျယ် ၂၄ ပေ၊ လူသွားလမ်း တစ်ဖက်လျှင် ၅ ပေစီ ပါရှိသည်။ တံတား အောက် ရေလမ်း ကင်းလွတ်အကျယ် ၁၆၄ ပေ၊ အမြင့် ၁၆ ပေနှင့် တံတားခံနိုင်ဝန်မှာ  တန် ၆၀ ဖြစ်သည်။

ထားဝယ်မြစ်ကို ဖြတ်သန်းတည်ဆောက်ထားသော   ယခင်တံတားဟောင်းသည် ၁၉၇၅ ခုနှစ်မှစ၍ အသုံးပြုခဲ့သဖြင့်  တံတားတည်ဆောက်မှုကာလအတွင်း တံတားအကျယ်မှာ လုံလောက် မှု ရှိသော်လည်း ယခုအခါ တိုးမြင့်လာသောလူဦးရေနှင့် တစ်ဦးချင်း ယာဉ်အသုံးပြုမှု ပမာဏမြင့်တက် လာမှု ကြောင့် အဆိုပါနေရာတွင် နှစ်လမ်းသွား တံတား တစ်စင်း လိုအပ် မည်ဖြစ် ကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဝန်ကြီးဌာနမှ သုံးသပ်၍ နှစ်လမ်းသွား သံကူ ကွန်ကရစ် တံတားဟောင်းနှင့် ယှဉ်လျက် တံတားသစ် တစ်စင်းအား ဆောက်လုပ်ရေးဝန်ကြီးဌာနတံတားဦးစီး ဌာန တည်ဆောက်ရေးအဖွဲ့(၄)က တာဝန်ယူတည် ဆောက်ခဲ့ခြင်း ဖြစ်သည်။

 တံတားကြီး တည်ဆောက်ဖွင့်လှစ်ခဲ့ခြင်းကြောင့် ဒေသခံပြည်သူများ အပြင် အနယ်နယ် အရပ်ရပ်မှ ခရီးသွားပြည်သူများ သွားလာရေး လွယ်ကူအဆင်ပြေမည်ဖြစ် ကြောင်း သိရသည်။ 

သတင်းစဉ်