အမျိုးသားရေး စဉ်မနှေး ထမ်းရွက်သည်မှာ တပ်မတော်ပါ

အမျိုးသားရေး စဉ်မနှေး ထမ်းရွက်သည်မှာ တပ်မတော်ပါ

မြန်မာ့တပ်မတော်သည်  ပြည်သူလူထုကြားမှ ပေါက်ဖွားလာသည့်အတွက် ပြည်သူ့တပ်မတော် ဖြစ်သည့်အပြင် ပြည်ထောင်စုဖွား တိုင်းရင်းသားများဖြင့် ပေါင်းစည်းဖွဲ့စည်းထားသည့်အတွက် ပြည်ထောင်စုတပ်မတော်လည်းဖြစ်သည်။ ထို့အတူ နိုင်ငံတော်တွင် ကြီးမားသည့်အရေးကိစ္စများ ပေါ်ပေါက်သည့်အခါတိုင်း စနစ်တကျရှိပြီး ခိုင်မာသည့်တစ်ခုတည်းသော အဖွဲ့အစည်းအဖြစ်ရပ်တည်ကာ နိုင်ငံနှင့်ပြည်သူကို ကာကွယ် စောင့်ရှောက်သူ (Guardian) လည်းဖြစ်သည်။

အတိတ်သမိုင်းကိုလေ့လာကြည့်သော် မြန်မာ့တပ်မတော်သည် လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ ပြည်သူလူထုကြားမှ ပေါက်ဖွားလာပြီး  ဖက်ဆစ်တော်လှန်ရေး၊ အရင်းရှင်နယ်ချဲ့လက်အောက်မှ လွတ်မြောက်ရေးတို့တွင် ပြည်သူနှင့်အတူလက်တွဲတွန်းလှန်ခဲ့ရာ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် လွတ်လပ်ရေး ပြန်လည်ရရှိခဲ့သည်။ နယ်ချဲ့ဗြိတိသျှတို့ ဖန်တီးခဲ့သော သွေးခွဲမှုများကြောင့်  ပြည်ထောင်စုဖွား တိုင်းရင်းသား အချင်းချင်းအကြား ယုံကြည်မှု လျော့နည်းလာခဲ့ရာ နိုင်ငံရေးအယူအဆနှင့် အယူဝါဒကွဲပြားမှု အမျိုးမျိုးတို့ကြောင့်  လွတ်လပ်ရေးရပြီး မကြာမီတွင် ပြည်တွင်းသောင်းကျန်းမှု စစ်မီးကြီး ပေါ်ပေါက်လာခဲ့သည်။

တပ်မတော်သည် ပြည်တွင်းသောင်းကျန်းမှုများကို ရှိသည့်အင်အား၊ ချို့ငဲ့သည့် လက်နက်ခဲယမ်း၊ စစ်ယာဉ် ယန္တရားများကိုစုစည်းကာ နိုင်ငံတော်မပြိုကွဲအောင်၊ ရပြီးစ   လွတ်လပ်ရေးပြန်လည ်မဆုံးရှုံးအောင် တိုက်ခိုက်နှိမ်နင်းခဲ့ရသည်။ လွတ်လပ်ရေးကြိုးပမ်းမှုမှသည် လွတ်လပ်ရေးရရှိပြီးနောက် ခေတ်အဆက်ဆက် တွင် ပြည်တွင်းပြည်ပရန်များကို ကာကွယ်ရန်အတွက် အသက်၊ သွေး၊ ချွေးများစွာရင်းနှီး ပေးဆပ်ခဲ့ရခြင်းဖြစ်သည်။ အလားတူစွာ ၁၉၅၀ ပြည့်နှစ်မှ ၁၉၆၁ ခုနှစ်အထိ ကူမင်တန်များ၏ ကျူးကျော်မှုကို မဲခေါင်စစ်ဆင်ရေးကြီးအပါအဝင် စစ်ဆင်ရေးကြီး အကြိမ် ၃၀ နှင့် စစ်ဆင်ရေးငယ်များစွာ ဆင်နွှဲပြီး နိုင်ငံတော်ကို ပြည်ပကျူးကျော်မှုအန္တရာယ်မှ ကာကွယ်စောင့်ရှောက်ပေးခဲ့ရသည်။

တပ်မတော်သည် ၁၉၅၈ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သော နိုင်ငံရေးအကျပ်အတည်း၊ ၁၉၆၂ ခုနှစ်ပြည်ထောင်စု ပြိုကွဲမည့်အန္တရာယ်၊ ၁၉၈၈ ခုနှစ် ဒီမိုကရေစီတောင်းဆိုမှု အရေးအခင်းနှင့် အုပ်ချုပ်ရေး ယန္တရားပျက်ပြားမှုစသော နိုင်ငံတော်အတွက် အန္တရာယ်ကြီးမားသည့် အရေးကိစ္စများနှင့် ကြုံတွေ့ရသော အချိန်အခါများတွင်လည်း မှန်ကန်သည့်ရပ်တည်ချက်၊ အမျိုးသားရေးခံယူချက်များနှင့်အတူ  နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ပေးခဲ့သည်။  ၁၉၈၈ ခုနှစ်နောက်ပိုင်း ကာလများတွင်လည်း နိုင်ငံတော် အချုပ်အခြာအာဏာကို   အန္တရာယ်ပြုလာသည့် သောင်းကျန်းမှုများကို အောင်မြင်စွာ ချေမှုန်း တိုက်ခိုက်နိုင်ခဲ့သည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သော ပါတီစုံဒီမိုကရေစီ  အထွေထွေရွေးကောက်ပွဲတွင် အာဏာရပါတီမှ ရည်ရွယ်ချက်ရှိရှိဖြင့် ဆောင်ရွက်ခဲ့သော အလွန်ဆိုးရွားသည့် မဲစာရင်းမှားယွင်းမှုအပေါ် တပ်မတော်အနေဖြင့် ဖြေရှင်းပေးရန် အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း ဖြေရှင်းပေးခြင်း မရှိသည့်အပြင် တတိယအကြိမ်လွှတ်တော်ခေါ်ယူပြီး နိုင်ငံတော်၏ အာဏာအရပ်ရပ်ကို မသမာသောနည်းလမ်းဖြင့် အဓမ္မရယူရန်ကြံစည်ကြိုးပမ်းခဲ့မှုကြောင့် နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဖွဲ့စည်းကာ   နိုင်ငံတော်၏တာဝန်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တာဝန်ယူထိန်းသိမ်းဆောင်ရွက်ခဲ့ရသည်။

တပ်မတော်အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတာဝန်ယူစဉ် အစပိုင်းကာလက ဆူပူမှုများ၊ ကန့်ကွက်မှုများ၊ ထောက်ခံမှုများ မျိုးစုံတွေ့ကြုံရသည်။ နောက်ပိုင်းတွင် သာမန်ဆန္ဒပြမှုကတစ်ဆင့် အကြမ်းဖက်မှု၊ ဖောက်ခွဲမှု၊ လုယက်မှု၊ မီးရှို့ဖျက်ဆီးမှု၊ သတ်ဖြတ်မှုများ ကျူးလွန်လာသည်အထိ ကြုံတွေ့ခဲ့ရသည်။ တစ်ဖက်တွင်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နိုင်ငံတော်အတွင်း စီးပွားရေးနှင့်ပတ်သက်၍ ထိခိုက်ခံရမှုများရှိလာသည့်အတွက် တပ်မတော်အနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဒီမိုကရေစီလမ်းကြောင်းပေါ်တွင်  ဆက်လက်လျှောက်လှမ်းနိုင်ရေး ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ခဲ့ရသည်။

မြန်မာနိုင်ငံ  လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများကြောင့် နိုင်ငံတော် အချုပ်အခြာ အာဏာခိုင်မာမှုနှင့်    တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် ရှိသင့်သလောက်မရှိဘဲ  စွမ်းအားများ ဆုံးရှုံးခဲ့ရပြီး ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ဖွံ့ဖြိုးတိုးတက်မှုနောက်ကျခဲ့ရသည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကအဟန့်အတား ဖြစ်စေသော ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများကို ဖြေရှင်းနိုင်ရေးအတွက် တပ်မတော်သည် ခေတ်အဆက်ဆက်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးခဲ့သည်။

၂၀၁၀ ပြည့်နှစ်တွင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် တပ်မတော်က ကမကထပြု ဆောင်ရွက်ပေးခဲ့ပြီး နောက်ပိုင်း ပါတီစုံဒီမိုကရေစီအစိုးရများ ကာလတွင် ငြိမ်းချမ်းရေး ဖိတ်ခေါ်ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့သည်။ ကိုယ်စားလှယ် အသီးသီးတို့ အဆင့်ဆင့်ဆွေးနွေးခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၀ ဖွဲ့နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)  ချုပ်ဆိုနိုင်ခဲ့သည်။

ငြိမ်းချမ်းရေးကို လက်တွေ့ကျကျအကောင်အထည်ဖော်နိုင်ရေး လိုအပ်သည့်အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ခေါင်းဆောင်များကို ကိုယ်တိုင်ကိုယ်ကျဆွေးနွေးနိုင်ရန် ၂၀၂၂ ခုနှစ်ဧပြီ ၁၂ ရက်တွင် ကမ်းလှမ်းဖိတ်ခေါ်ခဲ့ရာ NCA လက်မှတ်ရေးထိုးထားပြီးဖြစ်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၇) ဖွဲ့၊ လက်မှတ်မရေးထိုးရသေးသည့်အဖွဲ့ (၃) ဖွဲ့ စုစုပေါင်း (၁၀) ဖွဲ့တို့ဖြင့် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်နိုင်ခဲ့ပါသည်။

တပ်မတော်အနေဖြင့် နိုင်ငံတော်၏တာဝန်များကို ခေတ္တတာဝန်ယူဆောင်ရွက်နေချိန်တွင် ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက်(၁၂)ရပ်ချမှတ်ကာ နိုင်ငံတော်တည်ငြိမ်အေးချမ်းပြီး    ကဏ္ဍပေါင်းစုံဖွံ့ဖြိုး တိုးတက်လာစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ အထူးသဖြင့် တရားဥပဒေစိုးမိုးပြီး တည်ငြိမ်အေးချမ်းရေးကို အကောင်အထည်ဖော်လျက် လူမှုဘဝများ   တိုးတက်မြင့်မားစေရန်   ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်  နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အထူးအလေးထားကြိုးပမ်းနေပေသည်။ အလားတူစွာ အမျိုးသားရေးလုပ်ငန်းစဉ်(၂)ရပ်ဖြစ်သော တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး၊ နိုင်ငံရေးလုပ်ငန်းစဉ်(၂)ရပ်ဖြစ်သော စစ်မှန်စည်းကမ်းပြည့်ဝသော   ပါတီစုံဒီမိုကရေစီ စနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်    ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ခြင်း    အပါအဝင် ငြိမ်းချမ်းရေးနှင့်အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး လုပ်ငန်းများကို အောင်မြင်အောင် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

ပြည်သူ့တပ်မတော်သည် စနစ်တကျ ဖွဲ့စည်းထားပြီး အမြဲအသင့်ရှိသော အဖွဲ့အစည်းဖြစ်သည်နှင့်အညီ မမျှော်မှန်းနိုင်သော  သဘာဝဘေးအန္တရာယ်များ ကျရောက်လာတိုင်း လူသားချင်းစာနာထောက်ထားမှုအရ ဘေးအန္တရာယ်ကယ်ဆယ်စောင့်ရှောက်ရေး လုပ်ငန်းများကို လူ့အသက်ထက် အရေးကြီးတာဘာမှမရှိ ဆိုသော ခံယူချက်နှင့်အညီ   အမိန့်စောင့်ဆိုင်းဖို့ မလိုဘဲ အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးမြဲဖြစ်သည်။ ပြည်သူတို့၏ ကျန်းမာရေး စောင့်ရှောက်မှုအနေဖြင့် ပြီးခဲ့သည့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုပြင်းထန်သော ကာလများတွင် တိုင်းရင်းသားပြည်သူအားလုံးမည်သူ့ကိုမျှမခွဲခြားဘဲ တပ်မတော်ဆေးရုံများ၌ အခမဲ့ကုသပေးလျက်ရှိသည်။ ထိုနည်းတူစွာ ဝေးလံခေါင်ဖျားဒေသများရှိ တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးကို စောင့်ရှောက်ပေးရန်အတွက်  တပ်မတော်ဆေးကုသရေး အထူးအဖွဲ့များ စေလွှတ်ကုသခြင်း၊    တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်များစေလွှတ်၍  ကမ်းရိုးတန်း ဒေသများရှိ ပြည်သူများကျန်းမာရေးအတွက်  စောင့်ရှောက်ပေးခြင်းများ မပြတ်ပြုလုပ် ဆောင်ရွက်လျက်ရှိသည်။ ထိုဆောင်ရွက်ချက်များသည် တပ်နှင့်ပြည်သူတစ်သားတည်းဖြစ်စေသည့် တပ်ပြင်စည်းရုံးရေးလုပ်ငန်းများ ဖြစ်သဖြင့် ပြည်သူများကလည်း အားရကြည်ဖြူကြိုဆိုကြသည်။

၂၀၂၃ ခုနှစ် မတ် ၂၇ ရက်သည် (၇၈)နှစ်မြောက် တပ်မတော်နေ့ဖြစ်သည်။ မြန်မာ့တပ်မတော်သည် တိုင်းရင်းသားပေါင်းစုံနှင့် ဖွဲ့စည်းထားသည့် တစ်ခုတည်းသော တပ်မတော်ဖြစ်သည့်အားလျော်စွာ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးခြင်းနှင့် နေ့စဉ်လူမှုဘဝ လုံခြုံရေးအတွက် ကူညီပေးခြင်းတို့ကို စဉ်ဆက်မပြတ်အကောင်အထည်ဖော်လျက်ရှိသည်။ (၇၈)နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်များကို  ဒို့တာဝန်အရေး(၃)ပါးကို အပြည့်အဝအောင်မြင်စွာ ထိန်းသိမ်းစောင့်ရှောက်ရေး၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရေးနှင့် စစ်မှန်ပြီး စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကာကွယ်စောင့်ရှောက်ရေး တို့အား    တပ်မတော်၏ အဓိကတာဝန်အဖြစ် ထမ်းဆောင်ရေး အပါအဝင် ဦးတည်ချက်(၄)ရပ် ချမှတ်ထားသည်။

သမိုင်းအစဉ်အလာကြီးမားသော   ပြည်သူ့တပ်မတော်သည် မြန်မာ့သမိုင်းစဉ်တစ်လျှောက်လုံးတွင် နိုင်ငံတော်နှင့်ပြည်သူ၏ အကျိုးစီးပွားကို ဦးထိပ်ထားလျက် တစ်မျိုးသားလုံးကောင်းစားရေးကို  အစဉ်ရှေးရှုခဲ့သည်။   ဆက်လက်၍လည်း အမျိုးသားအကျိုးစီးပွားကို   ဦးထိပ်ထား ဆောင်ရွက်သွားမည်ပင် ဖြစ်သည်။ လက်ရှိကာလသည် ကျွနု်ပ်တို့ နိုင်ငံတော်အတွက် အလွန်အရေးကြီးသည့် အခြေအနေတစ်ရပ်ကို ဖြတ်သန်းနေရချိန်၊  ပြည်တွင်းပြည်ပအဖျက်အင်အားစုများက မိမိတို့နိုင်ငံကို အလုံးစုံပျက်သုဉ်းအောင် အစွမ်းကုန်ကြိုးစားနေချိန်၊ အစိုးရ၊ တပ်မတော်နှင့် ပြည်သူကြားတွင် နည်းမျိုးစုံဖြင့် သွေးခွဲသပ် လျှိုနေချိန်ဖြစ်သည်။

တိုင်းရင်းသား  ပြည်သူတစ်ရပ်လုံးအနေဖြင့် မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်အပြည့်ဖြင့် နိုင်ငံ၏ပကတိ အခြေအနေများကို ဆင်ခြင်တုံတရားထားရှိကာ ရှုမြင်သုံးသပ်ကြရန်နှင့် နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းရေး၊   တရားဥပဒေစိုးမိုးရေး၊ ထာဝရငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေး၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးနှင့် လူမှုဘဝများမြင့်မားရေးတို့အတွက် အစိုးရ၊ တပ်မတော်နှင့်ပြည်သူကြည်ဖြူစွာ လက်တွဲပူးပေါင်းဆောင်ရွက်ကြရန် (၇၈) နှစ်မြောက် တပ်မတော်နေ့ ကို  ဂုဏ်ပြုရေးသားလိုက်ရပါသည်။  ။

လင်းအရုဏ် ဦး(ပဲခူး)