လေထုညစ်ညမ်းမှုနှင့် ကျန်းမာရေးအန္တရာယ်

လေထုညစ်ညမ်းမှုနှင့် ကျန်းမာရေးအန္တရာယ်

လူတချို့အနေဖြင့် ခြံတွင်း၊ ခြံပြင်သစ်ရွက်ကြွေများကို မီးရှို့ရာတွင် အိမ်ရှိစွန့်ပစ်အမှိုက်တို့ကိုပါထည့်၍  မီးရှို့တတ်ကြသည်။ ထိုသို့  အမှိုက်မီးရှို့ရာတွင် စွန့်ပစ်ပလတ်စတစ်များ၊ အဝတ်အထည်အဟောင်း အဆွေးများ ပါဝင်သဖြင့် မီးခိုးငွေ့များနှင့်အတူ အနံ့ဆိုးများပါ ထွက်ရှိလာကြသည်။ အမှန်စင်စစ်  အမှိုက် စွန့်ပစ်ရာတွင် အမှိုက်အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ကာ  စွန့်ပစ်ရန်  အရေးကြီးသည်။ လေထု ညစ်ညမ်းမှုသည် လူတို့၏ကျန်းမာရေးအတွက် အဆိုးရွားဆုံးသော ပတ်ဝန်းကျင်ခြိမ်းခြောက်မှု ဖြစ်သည်ကို သိရှိနားလည်သူ နည်းပါးနေသေးသည်။

ကမ္ဘာပေါ်ရှိ မြို့များအနက် လေထုညစ်ညမ်းမှု အများဆုံးဖြစ်ပေါ်လျက်ရှိသော ထိပ်ဆုံး ၁၀ မြို့၌ ရန်ကုန်မြို့ပါဝင်ကြောင်း   ဆွစ်ဇာလန်အခြေစိုက် လေထုအရည်အသွေး နည်းပညာကုမ္ပဏီ  IQ Air က နောက်ဆုံး ထုတ်ပြန်လိုက်သည့် လေထုအရည်အသွေး အဆင့်သတ်မှတ်ချက်စစ်တမ်းတွင် ယခုကဲ့သို့ ဖော်ပြ ထားသည်။ ရန်ကုန်မြို့၌ PM 2.5 ပါဝင်မှုသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏   နှစ်စဉ်လေထုအရည်အသွေး လမ်းညွှန်ချက်တန်ဖိုးထက် ၁၅ ဒသမ ၄ ဆ ပိုမိုဖြစ်နေကြောင်း ဖော်ပြထားသည်။ မတ် ၄ ရက်က လေထု အရည်အသွေးညွှန်းကိန်း 157 US AQI၊ မတ်  ၅ ရက်က 154 US AQI၊ မတ် ၆ ရက်က 162 US AQI  တို့ဖြစ်ပေါ်ခဲ့ပြီး  ယင်းညွှန်းကိန်းများသည် ကျန်းမာရေးနှင့်မညီညွတ်သော  ညွှန်းကိန်းများဖြစ် ကြောင်း သိရသည်။

လေထုညစ်ညမ်းခြင်းအဆင့်ဆင့်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏မှတ်တမ်းများအရ ကမ္ဘာ့လူသားများသည် ညစ်ညမ်းသောလေကို ရှူရှိုက်မိလျက်ရှိပြီး နှစ်စဉ် လူခုနစ်သန်းခန့် သေဆုံးနေရကြောင်း၊ ယင်းတို့အနက် ၃ ဒသမ ၈ သန်းသော သေဆုံးသူများသည် မီးဖိုမှထွက်လာသော မီးခိုးငွေ့ ကြောင့်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ကမ္ဘာ့လူဦးရေ ထူထပ်သောနေရာများ၏ ၉၁ ရာခိုင်နှုန်းသည်  WHO ကသတ်မှတ်ထားသော လေထုညစ်ညမ်းမှုစံညွှန်းထက် ပို၍  ညစ်ညမ်းနေသည်ကိုတွေ့ရကြောင်း  လေ့လာမှတ်သားရသည်။ လေထုညစ်ညမ်းမှုကြောင့် ကျန်းမာ ရေး၊ ပညာရေး၊ စီးပွားရေး၊ ဇီဝမျိုးစုံမျိုးကွဲများ၊ အခြေခံ အဆောက်အအုံများ၊ ရေအရင်းအမြစ်နှင့် ရာသီဥတု များ စသည်တို့ထိခိုက်ပျက်စီးစေသည်။

လေထုအရည်အသွေးညွှန်းကိန်း  (AIO)  နိုင်ငံ တကာသတ်မှတ်ချက်အရ -

ညွှန်းကိန်း သုညမှ ၅၀ အထိသည် ကောင်းမွန် သောအခြေအနေ (အစိမ်းရောင်) ဖြစ်သည်။

ညွှန်းကိန်း ၅၁ မှ ၁၀၀ သည် လေထုအရည်အသွေး အလယ်အလတ်အခြေအနေ (အဝါရောင်) ဖြစ် သည်။

ညွှန်းကိန်း ၁၀၁ မှ ၁၅၀ သည် ကိုယ်ခံအားနည်း သူများ၊ အဆုတ်ရောင်ရောဂါရှိသူများ၊ ကလေးနှင့် သက်ကြီးရွယ်အိုများတွင် ကျန်းမာရေးထိခိုက်နိုင် သည့်အခြေအနေ (လိမ္မော်ရောင်) ဖြစ်သည်။

ညွှန်းကိန်း ၁၅၁ မှ ၂၀၀ သည် လူတိုင်းကျန်းမာ ရေးထိခိုက်နိုင်သည့်အခြေအနေ (အနီရောင်) ဖြစ်သည်။

        ညွှန်းကိန်း၂၀၁ မှ ၃၀၀ သည် အလွန်ဆိုးရွားသည့် အခြေအနေ (ခရမ်းရောင်) ဖြစ်သည်။

        ညွှန်းကိန်း ၃၀၁ မှ ၅၀၀ သည်  ဘေးအန္တရာယ် ကျရောက်သည့်အခြေအနေ  (နီညိုရောင်)  ဖြစ် သည်။

ဆောက်လုပ်ရေးလုပ်ငန်းများနှင့် တခြားစီးပွားရေး ဆိုင်ရာအသုံးပြုသည့် မီးစက်ကြီးများမှ ထွက်ရှိသော ကာဗွန်ဓာတ်ငွေ့များက  လေထုကို  ပိုမိုညစ်ညမ်းစေ သည်။ မော်တော်ယာဉ်များတွင် -

        ဓာတ်ဆီတစ်လီတာအသုံးပြုလျှင်  ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့ ၂ ဒသမ ၃၂၂ ကီလိုဂရမ် ထွက်ရှိသည်။

        ဒီဇယ်တစ်လီတာအသုံးပြုလျှင် ကာဗွန်ဒိုင်အောက် ဆိုက်ဓာတ်ငွေ့ ၂ ဒသမ ၆၅ ကီလိုဂရမ်ထွက်ရှိ သည်။

        LPG  တစ်လီတာအသုံးပြုလျှင်  ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့ ၁ ဒသမ ၄၉၂ ကီလိုဂရမ် ထွက်ရှိသည်။

        CNG တစ်ကီလိုဂရမ်အသုံးပြုလျှင် ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့ သုည ဒသမ ၀၅၄၄ ကီလို ဂရမ်ထွက်ရှိသည်။

        မော်တော်ယာဉ်များတွင် CNG အသုံးပြုပါကကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ထွက်ရှိနှုန်း နည်းပါးသည်။

လေထုညစ်ညမ်းခြင်းနှင့် ကျန်းမာရေးအန္တရာယ်

လေထုညစ်ညမ်းမှုသည် သဘာဝပတ်ဝန်းကျင်နှင့် သက်ရှိသတ္တဝါအားလုံးကို ဘေးအန္တရာယ်ကြီးမားစွာ သက်ရောက်စေသည်။   လေထုညစ်ညမ်းမှုကြောင့် လူ ၁၀ ဦးတွင် ကိုးဦးသည် အသက်ရှူမဝဖြစ်ကြရပြီး နောက်ဆက်တွဲအနေဖြင့်  အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ၊ နှလုံးရောဂါ၊ အဆုတ်ရောဂါ၊ ကင်ဆာ ရောဂါ စသည်တို့ ခံစားရကြောင်း  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က လေထုညစ်ညမ်းမှုဆိုင်ရာအစီရင် ခံစာတွင် ဖော်ပြထားသည်။ လေထုညစ်ညမ်းမှုသည် အထက်ဖော်ပြပါ သစ်ရွက်ခြောက်များနှင့် မိမိတို့အိမ် ရှိ စွန့်ပစ်ပစ္စည်းများကို မဆင်မခြင်မီးရှို့ခြင်းကြောင့်အပြင် စက်ရုံအလုပ်ရုံမှထွက်ရှိသော မီးခိုးငွေ့များ၊ ကျောက်မှုန့်အပါအဝင် အမှုန်အမွှားများ၊ ယာဉ်မောင်း နှင်ရာမှထွက်ရှိသောကာဗွန်ဓာတ်ငွေ့များ၊ စက်ရုံများ ၏ စွန့်ပစ်အမှိုက်ပုံမှထွက်ရှိသော မီသိန်းဓာတ်ငွေ့များ စသည်တို့ကြောင့် လေထုညစ်ညမ်းမှုကို ဖြစ်စေသည်။

စက်ရုံ၊  အလုပ်ရုံများနှင့်  လူနေရပ်ကွက်များတွင် စွန့်ပစ်အမှိုက်များကို   အလွယ်တကူမီးရှို့မှုကြောင့် လေထုညစ်ညမ်းကာ အနီးဝန်းကျင်တွင်နေထိုင်ကြသူများ အသက်ရှူမဝဖြစ်ကြရသည်။ ပုံမှန်ကျန်းမာ သန်စွမ်းသူပင် ညစ်ညမ်းသောလေနှင့် မီးခိုးငွေ့များကိုရှူမိ လျှင် ချက်ချင်းခေါင်းကိုက်ခြင်း၊ ကိုယ်လက် မအီမသာ ဖြစ်ခြင်း၊   မျက်စိယားယံခြင်းတို့ကို ခံစားရသည်။ ယင်းအနံ့ဆိုးများကို အချိန်ကြာကြာ သို့မဟုတ် မကြာခဏ ရှူရှိုက်နေရပါက အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ နှလုံးသွေးကြောဆိုင်ရာရောဂါ၊ အဆုတ်ရောင် ရောဂါနှင့် မျက်ခမ်းစပ်ရောဂါတို့ကို မလွဲမသွေခံစား ရစေနိုင်သည်။

ထို့ပြင် ပန်းနာရင်ကျပ်ရောဂါရှိသူ၊ ကင်ဆာရောဂါရှိသူ၊ အဆစ်အမျက်ရောင်ရမ်းနာရှိသူများက ညစ်ညမ်း သောလေနှင့် မီးခိုးငွေ့များ၊ အထူးသဖြင့် ပလတ်စတစ် မီးရှို့ရာမှ ထွက်လာသောအဆိပ်ငွေ့တစ်မျိုးကြောင့် ရောဂါပိုမိုဆိုးရွားလာပြီး သတိလစ်မေ့မြောမှုများပင် ဖြစ်စေကာ အပြင်းထန်ဆုံးအခြေအနေ၌ အသက် ဆုံးရှုံးရသည်အထိ ဖြစ်ပေါ်နိုင်သည်။ ကိုယ်ခံအားနည်းသော  ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများ အတွက်လည်း   မမျှော်မှန်းနိုင်သောဆိုးကျိုးများစွာ ခံစားရစေသည်။

မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုပြဿနာ

စာရှုသူများအတွက် သုတတစ်ရပ်အနေဖြင့် စာရေးသူက ဤဆောင်းပါးနှင့်အတူ  မှန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုပြဿနာအကြောင်းကို အကြံပြုရေးသား ဖော်ပြလိုက်ပါသည်။

ကမ္ဘာ့နိုင်ငံများအနက် မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု ပမာဏ အများဆုံးဖြစ်သည့် တရုတ်နိုင်ငံသည် ၂၀၁၉ ခုနှစ်က ဘီလီယံပေါင်း ၁၀ ဒသမ ၁၇၅ tCO2e ထုတ်လွှတ်ခဲ့ပြီး ဒုတိယအများဆုံးဖြစ်သည့် အမေ ရိကန် ပြည်ထောင်စုသည် ဘီလီယံပေါင်း ၅ ဒသမ ၄၉၁ tCO2e ထုတ်လွှတ်ခဲ့ကြောင်း မှတ်တမ်းများအရ လေ့လာသိရှိရသည်။  tCO2e ဆိုသည်မှာ Tonnes of  Carbondioxide Equivalent ၏ အတိုကောက်ဖြစ် သည်။   မှန်လုံအိမ်ဓာတ်ငွေ့များ  (Greenhouse Gases-GHGs) ၏ ထုတ်လွှတ်မှုပမာဏနှင့်ညီမျှသော ကာဗွန်ဒိုင်အောက်ဆိုက်၏ ပမာဏကို tonne မက်ထရစ်တန်ဖြင့် ဖော်ပြထားခြင်းဖြစ်သည်။

ဖော်ပြပါဖြစ်စဉ်များအတွင်း တန်ချိန်သန်းပေါင်းများစွာရှိသော ဓာတ်ငွေ့နှင့်အမှုန်များကို လေထုအတွင်း သို့ နှစ်စဉ်ထုတ်လွှတ်နေခြင်းသည် အများပြည်သူတို့၏ ကျန်းမာရေးကိုထိခိုက်စေသည့်အပြင် ကမ္ဘာကြီးပူနွေး လာမှု၏ အကျိုးဆက်များကိုလည်း ဖြစ်ပေါ်စေသည်။ ယင်းနိုင်ငံတို့သည်     ဖွံ့ဖြိုးပြီးနိုင်ငံများဖြစ်သည့် အလျောက် လေထုညစ်ညမ်းမှုကိုဖြစ်ပေါ်စေသည့် အကြောင်းရင်းခံမှာ ယာဉ်များ၏ လောင်စာလောင် ကျွမ်းမှုနှင့် ရုပ်ကြွင်းလောင်စာများဖြင့် မီးရှို့လည်ပတ် နေသော စက်ရုံ၊ အလုပ်ရုံများမှ ထုတ်လွှတ်သည့် ဓာတ်ငွေ့တို့ကြောင့်ဖြစ်ကြောင်း   ပညာရှင်များက သုံးသပ်ထားသည်။

ထို့ပြင်   လေထုအတွင်းသို့   နှစ်စဉ်ဝင်ရောက်နေ သည့် မှန်လုံအိမ်ဓာတ်ငွေ့သည် ယခုအခါ တန်ချိန် ၅၂ ဘီလီယံရှိနေပြီဖြစ်ကြောင်း၊ ကမ္ဘာကြီးပူနွေးလာမှု ကိုရပ်တန့်၍ ရာသီဥတုပြောင်းလဲခြင်း၏အဆိုးရွားဆုံး အကျိုးဆက်များကိုရှောင်လွှဲရန် ယင်းသို့ဝင်ရောက်နေသည့်  မှန်လုံအိမ်ဓာတ်ငွေ့ပမာဏကို   သုညအထိ လျှော့ချရန်လိုအပ်ကြောင်းနှင့်  ဆိုလာ၊  လေအား စွမ်းအင်တို့ကို အမြန်ဆုံးနှင့်အကျိုးရှိဆုံးပိုမိုအသုံးပြု လာနိုင်အောင် ပြုလုပ်ရမည်ဖြစ်ကြောင်း၊ နည်းပညာ အသစ်များ အမြန်ဆုံးရအောင်ဖန်တီး၍ သုညဖြစ်ရေး အတွက် အခက်အခဲများ၊ စိန်ခေါ်မှုများရှိမည်ဖြစ်သော် လည်း  စုပေါင်းအားဖြင့် ဝိုင်းဝန်းညှိနှိုင်းကြရမည်ဖြစ် ကြောင်း ကျွမ်းကျင်သူများက နှိုးဆော်ထားသည်။

ယခင်က  ပြီးစီးသွားသည့်ဂလက်စဂို  COP26 အစည်းအဝေးသည် ကမ္ဘာ့နိုင်ငံပေါင်း ၂၀၀ နီးပါးက ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ သမိုင်းဝင်အစည်းအဝေးကြီးဖြစ် သည်။ အဆိုပါအစည်းအဝေး၏ဆုံးဖြတ်ချက်များတွင် လျှပ်စစ်စွမ်းအင်ထုတ်လွှတ်မှုအပိုင်း၌   ကာဗွန်ဒိုင် အောက်ဆိုက်ထုတ်လွှတ်မှုအတွက် များစွာအရေးပါသောအရင်းအမြစ်ဖြစ်သည့် ကျောက်မီးသွေးအသုံးပြု မှုလျှော့ချရန် သဘောတူညီခဲ့ကြသည်။ သို့ရာတွင် ၂၀၅၀ ပြည့်နှစ်အရောက်တွင် ကာဗွန်ထုတ်လွှတ်မှုကို သုညအဆင့်လျှော့ချရန် ကတိပြုကြရေး ရည်မှန်း ချက်ကို မပြည့်မီခဲ့ပေ။

မည်သို့ပင်ဆိုစေကာမူ COP26 အစည်းအဝေးမှ လေထုညစ်ညမ်းမှုထိန်းချုပ်ရေးအတွက် အရေးပါသော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ခဲ့ခြင်းအပေါ် ကြိုဆိုရမည် ဖြစ်သည်။  လေထုညစ်ညမ်းမှုကိုထိန်းချုပ်ခြင်းသည် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ  ကာကွယ်တားဆီးရေး လုပ်ဆောင်ချက်ဖြစ်သကဲ့သို့    အများပြည်သူတို့၏ ကျန်းမာရေးကိုကာကွယ်ပေးသည့် လုပ်ငန်းစဉ်လည်း ဖြစ်သည်။ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏အဆိုအရ ကမ္ဘာတစ်ဝန်းတွင် လူ ၁၀ ဦးလျှင် ကိုးဦးသည် ညစ်ညမ်းသောလေ ကို  ရှူရှိုက်မိလျက်ရှိပြီး  နှစ်စဉ်  လူခုနစ်သန်းခန့်  သေဆုံးနေရကြောင်း သိရသည်။ ထို့ကြောင့် လေထု ညစ်ညမ်းမှုလျှော့ချရေးကို  အရေးပေါ်လုပ်ဆောင်ရန် လိုအပ်နေပြီး ဆေးလိပ်သောက်ခြင်းနှင့် ကျန်းမာရေး နှင့်ညီညွတ်မှုမရှိသည့် အစားအစာများစားသုံးခြင်းကို လည်း ရှောင်ကြဉ်သင့်ကြောင်း၊ ၂၀၀၅ ခုနှစ်ကချမှတ် ထားသော  လေထုအရည်အသွေးဆိုင်ရာလမ်းညွှန်ချက်များကို လိုက်နာမှသာ အများပြည်သူတို့၏အသက် ကို   ကယ်တင်နိုင်မည်ဖြစ်ကြောင်း   သတိပေးထားသည်။

အချုပ်အားဖြင့်ဆိုရသော်   လေထုညစ်ညမ်းမှုက လူအများကို အဆုတ်ရောင်ရောဂါနှင့် အသက်ရှူလမ်း ကြောင်းဆိုင်ရာရောဂါအမျိုးမျိုး ဖြစ်ပွားစေတတ်ရာ ယခုကဲ့သို့ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေချိန် တွင်  မိမိတို့အဆုတ်ကျန်းမာရေးအတွက်  လေထု ညစ်ညမ်းမှုအန္တရာယ်က တစ်ပူပေါ်တစ်ပူဆင့်ကဲဖြစ် နေသည်။ သို့ပါ၍ ထွက်ရှိလာမည့်စွန့်ပစ်အမှိုက်များ ကို စနစ်တကျစွန့်ပစ်ပြီး မိမိနှင့် မိမိပတ်ဝန်းကျင်တွင်   နေထိုင်သူများ ကျန်းမာသက်ရှည်စေနိုင်ရန် အမှိုက်မီးရှို့ခြင်းကို ရှောင်ကြဉ်သင့်ပါကြောင်း အကြံပြုရေးသား လိုက်ရပါသည်။

လူသားတို့နေထိုင်ရာဒေသ၌     လူတို့၏စွန့်ပစ်အမှိုက်များသည် နေ့စဉ်ရှိနေဦးမည်ဖြစ်သည်။ ထို့ အတွက်   သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့က ကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။ စွန့်ပစ်အမှိုက်မီးရှို့ ခြင်းမပြုရန် တာဝန်ရှိသူများက ပြောဆိုတားမြစ်ရုံမျှဖြင့်  မပြီးပေ။ တစ်ဦးချင်းစီက အသိကိုယ်စီဖြင့် အပြုအမူများ ပြောင်းလဲပြီး အမှိုက်မီးရှို့ခြင်းကို ရှောင် ကြဉ်နိုင်မည်ဆိုပါက ပတ်ဝန်းကျင်တွင် လေထုသန့်စင် စေမည်ဖြစ်ပါကြောင်း၊ ထိုအခါ မိမိနှင့်တကွ ပတ်ဝန်း ကျင်ရှိ နေထိုင်သူများလည်း လေထုညစ်ညမ်းမှုကြောင့် ရရှိခံစားရမည့်ဆိုးကျိုးများမှ ကင်းဝေးစေမည်ဖြစ်ပါ ကြောင်း ထပ်ဆင့်သတိပေးလိုက်ရပါသည်။

ပေါက်ပေါက်