နိုင်ငံတော်အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးနှင့်သာယာဝပြောရေး
မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှု၊ ဒို့တာဝန်အရေး (၃) ပါး ကာကွယ်စောင့်ရှောက်ခဲ့မှု၊ နိုင်ငံတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခဲ့မှု သမိုင်းကြောင်းများနှင့် အတူယှဉ်တွဲ ပေါ်ပေါက်ကာ အစဉ်အလာကြီးမားစွာ ရပ်တည်ခဲ့သော မြန်မာ့တပ်မတော်သည် ယနေ့ဆိုလျှင် (၇၈) နှစ်မြောက်ကာလရှိပြီဖြစ်သည်။ ဆက်လက်၍လည်း ပြည်ထောင်စုကြီးထာဝစဉ်တည်တံ့ခိုင်မြဲအောင် ကာကွယ်စောင့်ရှောက်ပြီး နိုင်ငံတော်နှင့်ပြည်သူကိုအလုပ်အကျွေးပြုနေမည်သာဖြစ်သည်။ တပ်မတော်ကို စတင်ဖွဲ့စည်းစဉ်က အင်္ဂလိပ်နယ်ချဲ့တို့လက်အောက်မှလွတ်မြောက်ရေးအတွက် အသက်စွန့်တိုက်ယူမည် ဟူသည့် ခံယူချက်အပြည့်အဝရှိသော ဒေါင်ဒေါင်မြည် နိုင်ငံရေးသမားများ ဦးဆောင်ဖွဲ့စည်းခြင်း ဖြစ်သည်။ ပင်ပန်းဆင်းရဲကြမ်းတမ်းစွာ ရုန်းကန်လှုပ်ရှားရမည်ကို သိလျက်နှင့် မိမိနိုင်ငံလွတ်လပ်ရေးအတွက်ဟူသော ရည်မှန်းချက်ဖြင့် ဗမာ့လွတ်လပ်ရေးတပ်မတော်သို့ ဝင်ရောက်ခဲ့ကြသည်။
တပ်မတော်သည် နယ်ချဲ့အင်္ဂလိပ်တို့ကို မြန်မာ့မြေမှတိုက်ထုတ်ခဲ့ပြီးသော်လည်း နိုင်ငံ့လွတ်လပ်ရေး အလှမ်းဝေးနေသည့် အခြေအနေနှင့်ရင်ဆိုင်ရပြန်သည်။ တစ်ချိန်တည်းမှာပင် တပ်မတော်ကို ဗမာ့လွတ်လပ်ရေး တပ်မတော်အဖြစ်မှ ဗမာ့ကာကွယ်ရေးတပ်အဖြစ်သို့ အမည်ပြောင်းလဲကာ တပ်အင်အားကိုများစွာလျှော့ချခြင်းနှင့် ကြုံရပြန်သည်။ မည်သည့်အခြေအနေဆိုးနှင့် ကြုံတွေ့ရပါစေ တပ်မတော်သည် နိုင်ငံ့လွတ်လပ်ရေးဟူသော ဦးတည်ချက်ကို အပျောက်မခံခဲ့ပေ။ ဗမာ့ကာကွယ်ရေး တပ်မတော်သည် ပြည်သူလူထုနှင့်လက်တွဲကာ ဖက်ဆစ်တော်လှန်ရေးကိုဆင်နွှဲရပြန်သည်။ ဖက်ဆစ်တော်လှန်ရေး စတင်ဆင်နွှဲခဲ့သော ၁၉၄၅ ခုနှစ် မတ် ၂၇ ရက်ကို တပ်မတော်နေ့အဖြစ် သတ်မှတ်ခဲ့သည်။
တပ်မတော်သည် စတင်သန္ဓေတည်သည်မှစ၍ မြန်မာ့နိုင်ငံရေးသမိုင်းတစ်လျှောက်ကို ပြန်ကြည့်လျှင် တိုင်းပြည်ကာကွယ်ရေးသာမက နိုင်ငံတော်နှင့်နိုင်ငံသားများ အကျိုးစီးပွားကို ဦးလည်မသုန်ထမ်းရွက်ခဲ့သည် ကိုတွေ့ရမည်ဖြစ်သည်။ နိုင်ငံတော်တွင် လွတ်လပ်ရေးအချုပ်အခြာအာဏာကိုတိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ဆုံးရှုံးမည့်အခြေအနေနှင့်ကြုံလေတိုင်း တပ်မတော်ကဦးဆောင်ကာ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ခဲ့ရသည်။ ထိုသို့ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် တပ်မတော်သည် တပ်တွင်းစည်းလုံးညီညွတ်ရေး ခိုင်မာအင်အားတောင့်တင်းသည်။ စွမ်းရည်သုံးရပ်နှင့်ပြည့်စုံသည်။
တပ်မတော်၏ ခိုင်မာသောအင်အားသည် နိုင်ငံ၏တိုးတက်ကောင်းမွန်သောအပြောင်းအလဲများကို ဆောင်ရွက်ပေးနိုင်ခဲ့သည်။ လက်ရှိအနေအထားမှာလည်း တိုးတက်ကောင်းမွန်သော အပြောင်းအလဲများကို ဆောင်ရွက်ပေးလျက်ရှိသည်။ တိုင်းပြည်ကာကွယ်ရေးသာမက အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိသည်မှာ တိုင်းပြည်နှင့်လူမျိုးအကျိုးစီးပွားအတွက်ဖြစ်သည်။ စစ်မှန်၍စည်းကမ်း ပြည့်ဝသောပါတီစုံ ဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့်ကျင့်သုံးပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကိုတည်ဆောက်နိုင်ရေးသည် ပြည်သူတို့၏ ဆန္ဒဖြစ်သည်။ တပ်မတော်သည် ပြည်သူတို့၏ဆန္ဒကို အကောင်အထည်ဖော်ပေးလျက်ရှိသည်။ မြန်မာနိုင်ငံတွင် တပ်မတော်ဖြစ်တည်ပေါ်ထွန်းလာသည်မှာ နှစ်ပေါင်း(၇၈)နှစ်ရှိလာခဲ့ပြီဖြစ်သည်။ မျက်မှောက်ကာလ တပ်မတော်၏အမျိုးသားရေးတာဝန်များကို၂၀၂၃ ခုနှစ် (၇၈)နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်များတွင် အထင်အရှား တွေ့မြင်နိုင်ပါသည်။
-ဒို့တာဝန်အရေး(၃)ပါးကို အပြည့်အဝအောင်မြင်စွာ ထိန်းသိမ်းစောင့်ရှောက်ရေး၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရေးနှင့် စစ်မှန်ပြီးစည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကာကွယ်စောင့်ရှောက်ရေးတို့အား တပ်မတော်၏အဓိကတာဝန်အဖြစ်ထမ်းဆောင်ရေး။
-ပါတီစုံဒီမိုကရေစီစနစ်လမ်းကြောင်းကို လျှောက်လှမ်းရာတွင် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးသည် ပကတိလိုအပ်ချက် ဖြစ်သည့်အတွက် တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရေး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)ပါ သဘောတူညီချက်များအပေါ် အခြေခံ၍ ဖြစ်နိုင်သမျှ အလေးထားဆောင်ရွက်ရေး။
-နိုင်ငံတော်၏အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန်၊ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန်နှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်ချိန်တိုင်းတွင် ကျရာအခန်းကဏ္ဍများမှ အားသွန်ခွန်စိုက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရေး။
-ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီး ပေါ်ထွန်းလာစေရေး အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီဆောင်ရွက်ပြီးစီးပါက လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး တပ်မတော်က လိုအပ်သည်များ ကူညီဆောင်ရွက်ပေးရေးဟူသည့် အမျိုးသားနိုင်ငံရေးတာဝန်များကို ထမ်းဆောင်လျက်ရှိပါသည်။ အနှစ်ချုပ်ဆိုရသော် တပ်မတော်သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးနှင့် သာယာဝပြောရေးအတွက် (၇၈)နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်များနှင့်အညီ ပြည်သူတို့နှင့်အတူ လက်တွဲကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ရေးသားလိုက်ရပေသည်။ ။