တပ်မတော်အတွက်ဆို ထာဝစဉ်နုပျိုနေမယ့် စိတ်ဓာတ်ရှိတဲ့ လေးစားရဖွယ် လွတ်လပ်ရေးမော်ကွန်းဝင်ပုဂ္ဂိုလ်ကြီးများ

တပ်မတော်အတွက်ဆို ထာဝစဉ်နုပျိုနေမယ့် စိတ်ဓာတ်ရှိတဲ့ လေးစားရဖွယ် လွတ်လပ်ရေးမော်ကွန်းဝင်ပုဂ္ဂိုလ်ကြီးများ

၂၀၂၃ ခုနှစ်  မတ်  ၂၇ ရက် နံနက်စောစော ဝေလီဝေလင်းအချိန်လေးမှာ စာရေးသူတစ်ယောက် နေပြည်တော်ရှိ (၇၈)နှစ်မြောက်  တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား ကျင်းပရာနေရာကို ရောက်လာခဲ့ပါတယ်။

စစ်ရေးပြအခမ်းအနားမှာ ပါဝင်စစ်ရေးပြကြသူများက နံနက် ၅ နာရီကတည်းက ထွက်ခွာလာပြီး လမ်းတစ်လျှောက်မှာလည်း စစ်ချီတေးသီချင်းများကို အားမာန်ပါပါနဲ့ သီဆိုလာကြတာကို အဝေးမှပင်အတိုင်းသားကြားနေရပါတယ်။

နံနက် ၆ နာရီ ၄၅ မိနစ်ခန့်မှာတော့ စစ်ရေးပြအခမ်းအနားမှာ ပါဝင်စစ်ရေးပြကြသူများအားလုံး စစ်ရေးပြကွင်းကြီးထဲ ရောက်ရှိပြီး သတ်မှတ်နေရာအသီးသီးမှာ နေရာယူထားတာကိုလည်း တွေ့ရပါတယ်။

အဲဒီနောက် နံနက် ၇ နာရီတိတိမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင် ရောက်ရှိလာပြီး စစ်ရေးပြအခမ်းအနားကို အစီအစဉ်အတိုင်း ကျင်းပသွားခဲ့ တာတွေ့ရပါတယ်။

စစ်ရေးပြအခမ်းအနားဆိုတာ တပ်မတော်သားများအတွက်တော့ အစိမ်းသက်သက်မဟုတ်တဲ့ အခမ်းအနားပါ။ ဒါပေမဲ့ စာရေးသူက ဒီနှစ်မှာမှ တပ်မတော်နေ့စစ်ရေးပြအခမ်းအနားကို တက်ရောက်ခွင့်ရတော့ အရာအားလုံးက ရင်သပ်ရှုမောဖွယ်အတိပါပဲ။

အဲဒါထက်ပိုပြီး   စိတ်ဝင်စားဖို့ကောင်းတာက စစ်ရေးပြအခမ်းအနားကို တက်ရောက်လာကြသူများထဲကမှ စစ်မှုထမ်းဟောင်းကြီးများ ဖြစ်ပုံရတဲ့ အသက် ၉၀ ကျော် အဘိုးအိုကြီးများဖြစ်ပါတယ်။ ဒီအသက်အရွယ်ရောက်နေမှ ဘာကြောင့်များ စစ်ရေးပြအခမ်းအနားကြီး ကို တက်ရောက်ရတာလဲဆိုတာ စာရေးသူရဲ့စိတ်ထဲမှာ သိချင်စိတ်တွေပြင်းပြနေပါပြီ။

ဒါကြောင့်ပဲ သူတို့အကြောင်းကို ကိုယ်တိုင်ကိုယ်ကျသွားရောက် မေးမြန်းကြည့်လိုက်ရာမှာတော့ စာရေးသူထင်ထားတာထက်ပင် ပိုတဲ့ သူတို့ရဲ့နိုင်ငံချစ်စိတ်၊  မျိုးချစ်စိတ်၊  တပ်မတော်ချစ်စိတ်များအကြောင်းကို တစ်စိတ်တစ်ပိုင်း သိခွင့်ရလိုက်ပါတယ်။ စာရေးသူ သိရှိခဲ့တဲ့ အဘိုးအိုကြီးများရဲ့အကြောင်း တစ်စိတ်တစ်ပိုင်းကို စာချစ်သူများသိရှိနိုင်အောင် မြဝတီသတင်းစာကနေတစ်ဆင့် ဝေမျှပေး လိုက်ပါတယ်။

စစ်ရေးပြအခမ်းအနားကိုတက်ရောက်သူ စစ်မှုထမ်းဟောင်းများထဲမှာ အသက် ၉၀ ကျော်တဲ့သူဆိုတာ အင်မတန်ရှားပါတယ်။ အဲဒီလို ရှားပါးလှတဲ့အထဲမှာ သူတို့ငါးဦးလည်းအပါအဝင်ပါ။ သူတို့ဆိုတာကတော့ ဦးကျော်စိန်၊ ဦးကျော်ခင်ဝင်း၊ ဦးမြင့်သိန်း၊ ဦးမောင်မောင်နဲ့ ဦးအေးသိန်းတို့ပဲ ဖြစ်ပါတယ်။ သူတို့အားလုံးဟာ သာမန်စစ်မှုထမ်းဟောင်းများတော့ မဟုတ်ပါဘူး။ လွတ်လပ်ရေး မော်ကွန်းဝင်များ ဖြစ်ပါတယ်။ သူတို့ငါးဦးထဲကမှ ဦးမောင်မောင်ဆိုရင် အသက် ၁၀၀ ပြည့်ပြီးလို့ သုံးလကျော်လေးလစွန်းနေပါပြီ။

ကျန်တဲ့သူတွေထဲမှာဆိုရင် ဦးကျော်စိန်က အသက် ၉၉ နှစ်၊ ဦးကျော်ခင်ဝင်းက အသက် ၉၇ နှစ်၊ ဦးမြင့်သိန်းက အသက် ၉၈ နှစ်၊ ဦးအေးသိန်းက အသက် ၉၄ နှစ်စီအသီးသီးရှိနေကြတာကိုလည်း တွေ့ရပါတယ်။လွတ်လပ်ရေးမော်ကွန်းဝင်ပုဂ္ဂိုလ်ကြီးများအနေနဲ့ အခုလောက်အထိ အသက်ရှည်နေတာဟာ တကယ့်ကို ကံကောင်းလှတယ်လို့ဆိုရမှာပါ။ အဲဒါထက် သူတို့ကအသက်ရှည်ရှည် နေရတဲ့အပြင် ကျန်းကျန်းမာမာနဲ့ သွားနိုင်လာနိုင်ကြသူတွေဖြစ်နေတာဟာ ကောင်းကံကိုကုသိုလ်နဲ့ဆက်ပြီး နေထိုင်နိုင်ကြသူတွေ ဖြစ်တယ်လို့ဆိုချင်ပါတယ်။

သူတို့အားလုံးဟာ မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် တပ်မတော်ရဲ့ကြိုးပမ်းမှုသမိုင်းမှာ အုတ်တစ်ချပ်၊ သဲတစ်ပွင့်အဖြစ် ကျရာအခန်း ကဏ္ဍကနေ ပါဝင်ခဲ့ကြသူတွေချည်းပါပဲ။ ဒါကြောင့်လည်း လွတ်လပ်ရေးမော်ကွန်းဝင်ဆိုတဲ့ ဂုဏ်ပြုဆုကို ထိုက်ထိုက်တန်တန်ရရှိ ထားကြတာပါ။

သူတို့ထဲကတစ်ယောက်ဆိုရင် အင်းစိန်မင်းဓမ္မကုန်းတိုက်ပွဲမှာ ကိုယ်လက်အင်္ဂါတချို့ကို စွန့်လွှတ်ခဲ့ရသူဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၁၅ ခုနှစ်ကနေစလို့ အခုအချိန်အထိ တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားကို မပျက်မကွက်တက်ရောက်လာခဲ့တာကိုလည်း တွေ့ရပါ တယ်။ ဒီလိုစိတ်သဘောထားဟာ တော်ရုံလူတွေမှာတွေ့ရဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ စာရေးသူကတော့ အတပ်ပြောနိုင်ပါ တယ်။

နောက်ထပ်ဂုဏ်ယူ လေးစားရသူတစ်ဦးကတော့ အသက် ၁၀၀ ကျော်နေပြီဖြစ်တဲ့ ဦးမောင်မောင်ပါ။ ဦးမောင်မောင်သည်   မြန်မာ့တပ်မတော်   စတင်အခြေတည်ရာ ဗမာ့လွတ်လပ်ရေးတပ်မတော်မှာ ပါဝင်အမှုထမ်းခဲ့သူတစ်ဦးဖြစ်ပါတယ်။

ထိုစဉ်အချိန်က နယ်ချဲ့များကို တွန်းလှန်တိုက်ထုတ်ရာမှာ ကျရာအခန်းကဏ္ဍကနေပါဝင်ခဲ့သလို သူတတ်ကျွမ်းတဲ့ စက်မှုလက်မှု အတတ်ပညာနဲ့လည်း မြန်မာ့တပ်မတော်နဲ့တပ်မတော်သားများကို အကျိုးပြုခဲ့သူဖြစ်ပါတယ်။

အဘိုးဦးမောင်မောင်ကတော့ အသက်ပင် ၁၀၀ ကျော်သော်ငြားလည်း သွားစရာရှိရင် ကိုယ်တိုင်ထသွား၊ လုပ်စရာရှိရင် ကိုယ်တိုင်ထ လုပ်နိုင်စွမ်းရှိသလို တပ်မတော်အကြောင်းပြောလိုက်တာနဲ့ အချိန်မရွေးလက်ခမောင်းထခတ်တဲ့ စိတ်ဓာတ်ပိုင်ရှင်လို့ပြောမယ်ဆိုရင် မမှားပါဘူး။

အလားတူ ကျန်တဲ့လွတ်လပ်ရေး မော်ကွန်းဝင်ပုဂ္ဂိုလ်များဆိုရင်လည်း သူတို့ရဲ့မျက်နှာပေါ်မှာ စစ်သားတစ်ယောက်ရဲ့ မာန်နဲ့ဌာန်ကို အထင်းသားမြင်တွေ့နေရပါတယ်။

တပ်မတော်သားနဲ့တွေ့ပြီး တပ်မတော်အကြောင်းပြောရမယ်ဆိုရင်ဖြင့် သူတို့ဖြတ်သန်းခဲ့ရတဲ့အခြေအနေတွေ၊ အတွေ့အကြုံတွေကို ထိုင်ရာမထဘဲ အာပေါင်အာရင်းသန်သန်နဲ့ပြောနိုင်စွမ်းရှိကြသူများလည်း ဖြစ်ပါတယ်။

လွတ်လပ်ရေးမော်ကွန်းဝင် ပုဂ္ဂိုလ်ကြီးများအနေနဲ့ အခုလိုအသက်အရွယ် ရောက်နေသည့်တိုင် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနား ဆိုရင် မရောက်ရောက်အောင်လာပြီး မဖြစ်ဖြစ်အောင် တက်ရောက်လေ့ရှိတာဟာ စစ်သားတစ်ယောက်ရဲ့ တပ်မတော်အပေါ် ထားရှိတဲ့ မေတ္တာတရား၊ သံယောဇဉ်တရားတို့ကို ကျွန်တော်တို့က အတိုင်းသားမြင်တွေ့လိုက်ရတာပါ။

ဒါ့အပြင် စာရေးသူက သူတို့ဆီသွားရောက်ပြီး တွေ့ဆုံမေးမြန်းမှုလေးတွေလုပ်တဲ့ အချိန်မှာတော့ တပ်မတော်အတွက် အမှတ်တရ စကားလေးများကိုလည်း စာရေးသူနဲ့အတူ ပါးလိုက်ပါသေးတယ်။

အဲဒီထဲကတချို့ကိုထုတ်နုတ်တင်ပြရရင် ဗုဒ္ဓဘာသာတည်တံ့ခိုင်မြဲရေးအတွက် တပ်မတော်က လက်ရှိလုပ်ဆောင်နေတဲ့အလုပ်ကို   လက်အုပ်ချီပြီး သာဓုအကြိမ်ကြိမ်ခေါ်ကြောင်း၊ မြတ်စွာဘုရားရဲ့ သာသနာတော်ကို ရေရှည်ထိန်းသိမ်းလိုစိတ်ရှိသူသာ ဆက်လက် အုပ်ချုပ်စေလိုကြောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးကို ဆက်လက်ဖော်ဆောင်သွားစေလိုကြောင်း အသက် ၉၀ ကျော်၊ ၁၀၀ ကျော် လွတ်လပ်ရေး မော်ကွန်းဝင်ပုဂ္ဂိုလ်ကြီးများက ဆိုပါတယ်။

ဒါတွေအားလုံးကို ခြုံငုံကြည့်မယ်ဆိုရင် တစ်ခါစစ်သားဖြစ်ဖူးရုံနဲ့ ထာဝရစစ်သားဖြစ်နေမယ်ဆိုတဲ့ စကားလေးတစ်ခွန်းကို သွားပြီး အမှတ်ရမိစေပါတယ်။

ဆိုလိုတာက ဘဝမှာတစ်ကြိမ် တစ်ခါစစ်သားဖြစ်ဖူးပြီဆိုရင် အကြောင်းအမျိုးမျိုးကြောင့် တပ်မတော်ကနေနုတ်ထွက်ပြီးနောက် ဒါမှမဟုတ် အငြိမ်းစားယူသွားပြီးတဲ့နောက်ပိုင်းမှာ တပ်မတော်အကြောင်းပြောလိုက်တာနဲ့ စစ်သားတစ်ယောက်ရဲ့ ဇာတိသွေး ဇာတိမာန်တွေ ထက်သန်လာလေ့ရှိတယ်ဆိုတာကို ရည်ညွှန်းတာပါ။

ဒါကြောင့် လွတ်လပ်ရေးမော်ကွန်းဝင်ပုဂ္ဂိုလ်ကြီးများဟာ အသက်ပင်ကြီးသွားသော်ငြား တပ်မတော်နဲ့ပတ်သက်လာရင် စိတ်အစဉ်က တော့ ထာဝစဉ်နုပျိုနေကြမယ့်သူများဖြစ်ကြောင်း စစ်မှုထမ်းဟောင်းများကို တန်ဖိုးထားဂုဏ်ယူလေးစားစွာ ရေးသားတင်ပြလိုက် ရပါတယ်။  ။

ထက်မြတ်