(၇၈)နှစ်မြောက် တပ်မတော်နေ့ ဂုဏ်ပြုဆောင်းပါး
တကယ့်ကိုပဲအောင်အောင်မြင်မြင် ခမ်းခမ်းနားနားကြီးကျယ်စည်ကားလွန်းပါပေတယ်
(၇၈)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားသို့ ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ပီတိနဲ့ မြင်တွေ့ခဲ့ရတဲ့ မြင်ကွင်းတွေကို မျှဝေချင်ပါတယ်။ ရေးသားချက်တွေက ပြည့်စုံချင်မှ ပြည့်စုံပေမယ့် မြင်တွေ့ရ တဲ့မြင်ကွင်းတွေကတော့ ပြည့်စုံရုံမက တကယ့်ကို ကြီးကျယ်ခမ်းနားလွန်းပါတယ်။ စိတ်ထဲရှိတာပြောရရင် (၇၈)နှစ်မြောက် တပ်မတော်နေ့အခမ်းအနားကို အခုလိုမျိုး အောင်အောင် မြင်မြင်ခမ်းခမ်းနားနား ကျင်းပနိုင်လို့ တက်ရောက်သူတွေရဲ့ အံ့သြမှုဟာလူတိုင်းမှာ တူညီစွာခံစားကြရပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ကာကွယ်ရေး စွမ်းအားတောင့်တင်းခိုင်မာနေတာကို ကိုယ်တွေ့မျက်မြင်တွေ့လိုက်ရတဲ့အတွက် နိုင်ငံ့ရဲ့အနာဂတ်အရေး မြော်တွေးပြီး ဝမ်းသာပီတိဖြစ်ရပါတယ်။
မြန်မာနိုင်ငံမှာ ကျင်းပတဲ့အခမ်းအနားအားလုံးမှာ တပ်မတော်နေ့စစ်ရေးပြအခမ်းအနားဟာ စည်းကမ်းစနစ် အကောင်းဆုံး ဖြစ်ပါတယ်။ မိမိဝင်ရောက်ရမယ့်လမ်းကြောင်းကို မြေပုံနဲ့စနစ်တကျရေးဆွဲ သတ်မှတ်ပေးထားခြင်း၊ ရောက်ရှိရမယ့် အချိန်သတ် မှတ်ပေးထားခြင်း၊ ယာဉ်ဝင်ခွင့်လက်မှတ်၊ တက်ရောက်ခွင့်ဖိတ်စာကြိုတင်ပေးထားခြင်းတို့အပြင် ထူးခြားတဲ့သတ်မှတ်ချက်မှာ ဝတ်စုံဖြစ်ပါတယ်။ စစ်ဘက်-တပ်မတော်(ကြည်း၊ ရေ၊ လေ)အခမ်းအနားဝတ်စုံ(၁)။ အရပ်ဘက်(အမျိုးသား) အမျိုးသားဝတ်စုံ (ခေါင်းပေါင်းပါ) တိုက်ပုံအဖြူ၊ ရှပ်အင်္ကျီအဖြူလက်ရှည်(လည်ကတုံး) ဝတ်ဆင်ရပါတယ်။ အမျိုးသမီးတွေကတော့ ရင်ဖုံးအင်္ကျီ (ပဝါပါ) ဝတ်ဆင်ကြရပါတယ်။ တိုင်းရင်းသားများဆိုရင် တိုင်းရင်းသားဝတ်စုံ ဝတ်ဆင်ကြရပါတယ်။ ဒါ့ကြောင့်လည်း စစ်ရေးပြ အခမ်းအနား တက်ရောက်ကြသူအားလုံး ကြည့်လိုက်ရင် ဣန္ဒြေသိက္ခာရှိရှိမြင်တွေ့နေရတာပါပဲ။
စာရေးသူတို့အဖွဲ့ မနက်စောစောကတည်းက တည်းခိုတဲ့နေရာကနေ စစ်ရေးပြကွင်းဆီကို သတ်မှတ်လမ်းကြောင်းအတိုင်း သွားရပါ တယ်။ လမ်းတစ်လျှောက်မီးတွေထိန်လင်းပြီး တပ်မတော်နေ့ဂုဏ်ပြုရောင်စုံဆိုင်းဘုတ်များကို အထင်းသားမြင်တွေ့နေရတာကိုက အားတက်စရာပါပဲ။ စစ်ရေးပြကွင်းထဲမှာနေရာချထားမှုကလည်း စနစ်တကျပါပဲ။ မိမိတို့ထိုင်ရမယ့် ထိုင်ခုံတိုင်းမှာနာမည်ကပ်ပေး ထားတဲ့အတွက် တွေ့မြင်ရာခုံ ဝင်ထိုင်လို့မရပါဘူး။ လုံခြုံရေးအဖွဲ့တွေကလည်း လုံခြုံရေးဆိုင်ရာစစ်ဆေးပါတယ်။ ကြိုဆိုရေး အဖွဲ့တွေကလည်း ဖိတ်စာတွေ၊ ပါရမယ့်စာရွက်စာတမ်းတွေကြည့်ရှုပြီး မိမိတို့ထိုင်ရမယ့် ထိုင်ခုံတွေဆီ အရောက်ပို့ဆောင်ပေး ကြပါတယ်။
စစ်ရေးပြကွင်းကြီးထဲရောက်တဲ့အခါမှတော့ စစ်ရေးပြကွင်းကြီးရဲ့နံဘေးကုန်းမြင့်ထက်မှာ ပထမမြန်မာနိုင်ငံတော်ကြီးကို စုစည်း တည်ထောင်ခဲ့တဲ့ ပုဂံခေတ်အနော်ရထာဘုရင်မင်းမြတ်၊ ဒုတိယမြန်မာနိုင်ငံတော်ကြီးကို ပေါင်းစည်းထူထောင်ခဲ့တဲ့ တောင်ငူခေတ် ဘုရင့်နောင် ကျော်ထင်နော်ရထာနှင့် တတိယမြန်မာနိုင်ငံတော်ကြီးကို စည်းရုံးတည်ထောင်ခဲ့တဲ့ ကုန်းဘောင်ခေတ် အလောင်းမင်း တရားဟူသောဘုရင်မင်းမြတ်သုံးပါးတို့ရဲ့ ရုပ်တုကြီးများကို မီးရောင်စုံနဲ့အတူ ကြွားကြွားတင့်တင့်၊ ဝင့်ဝင့်ထည်ထည် အားမာန် တက်ဖွယ် တည်ရှိနေတာကို မြင်တွေ့ရတာဟာမြန်မာတို့ရဲ့ ဘုန်းကံကြီးမားအင်အား များပြားခဲ့ပုံတွေကို ဖော်ညွှန်းနေခြင်းပါပဲ။
မြန်မာတို့ရဲ့ဂုဏ်ကို မြင့်မားစေတဲ့မင်းမြတ်သုံးပါး၊ မြန်မာတို့ခေတ်အဆက်ဆက် အတုယူဖွယ်ကောင်းတဲ့ စည်းလုံးညီညွတ်ခြင်း အင်အား၊ ကျစ်လျစ်ခိုင်မာအင်အားတောင့်တင်းတဲ့ တပ်မတော်ကြီးတွေကို ပိုင်ဆိုင်ထားတဲ့အတွက် အင်ပါယာနိုင်ငံတော်တွေအဖြစ် ဂုဏ်ရှိန်မြင့်မားခဲ့တဲ့ ကာလများကို အတုယူပြီး မြန်မာဆိုတာဒီလိုပါလားဆိုတဲ့ ဇာတိမာန်စိတ်ကို ပွားများစေပါတယ်။ တပ်မတော်နေ့ မီးရှူးတိုင်နဲ့ (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်တံဆိပ်ကြီးကို ဝင့်ထည်စွာတွေ့မြင်နိုင်ရပါတယ်။ ဒါ့အပြင် ဗမာ့လွတ်လပ် ရေး တပ်မတော်အလံ၊ ဗမာ့ကာကွယ်ရေးတပ်မတော်အလံ၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)အလံများ၊ တိုင်းစစ်ဌာနချုပ်၊ တပ်မ ဌာနချုပ် အသီးသီးနဲ့ တပ်ရင်းတပ်ဖွဲ့များရဲ့ အမှတ်တံဆိပ်ပါ ရောင်စုံအလံများတလွင့်လွင့် လွှင့်ထူထားတာကိုလည်း ထင်ထင်ရှားရှား တွေ့မြင်ရပါတယ်။
စစ်ရေးပြကွင်းအတွင်းကို ကြည့်လိုက်မိတော့ မီးရောင်စုံထိန်ထိန်လင်းနေတဲ့ မြင်ကွင်းတွေဟာ မြင်ရသူတိုင်းရဲ့စိတ်ကို တက်ကြွ ရွှင်လန်းစေပါတယ်။ ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ပန်ဆင်ပြီး နိုင်ငံတော်ရဲ့ပိုင်နက်မြေထု၊ ရေထု၊ လေထုတွေကို ကာကွယ်ခြင်း၊ တိုင်းရင်းသားပြည်သူများရဲ့ အမျိုးသားအကျိုးစီးပွားကို အမြဲတမ်းကာကွယ် စောင့်ရှောက်ပေးလျက်ရှိတဲ့ မြန်မာ့တပ်မတော်ရဲ့ (၇၈)နှစ်မြောက်တပ်မတော် နေ့စစ်ရေးပြ အခမ်းအနားကျင်းပနေတာကို တွေ့မြင်ရသူတွေအဖို့ ဇာတိသွေး၊ ဇာတိမာန်စိတ်တွေ တဖွားဖွားဖြစ်ပေါ်လာပြီး အနာဂတ်မှာ ခေတ်မီမျိုးချစ်တပ်မတော်အတွက် ဂုဏ်ယူဝင့်ကြွားစိတ်တွေ ပြည့်လျှံ လျက်ရှိပါတယ်။
စစ်ရေးပြစစ်ကြောင်းကြီးများ ချီတက်လာနေချိန်မှာတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်၏ ဇနီးဒေါ်ကြူကြူလှ၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ဇနီး ဒေါ်သန်းသန်းနွယ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ၏ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၏ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၏ ဇနီးများက ဂုဏ်ပြုပန်းကုံးများစွပ်၍ ကြိုဆိုကြပါတယ်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှအရာရှိ၊ စစ်သည်၊ မိသားစုများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်နှင့် တပ်နယ် အသီးသီးတို့မှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ရုပ်ရှင်အနုပညာရှင်များ၊ ဒေသခံမိဘပြည်သူများကလည်း စစ်ကြောင်းကြီးများ ချီတက်ရာ လမ်းတစ်လျှောက် သောင်းသောင်းဖြဖြကြိုဆိုကာ ဂုဏ်ပြုပန်းကုံးများစွပ်၍ ကြိုဆိုခဲ့ကြပါတယ်။ တပ်မတော်သားများနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကလည်း ဇာတိသွေး၊ ဇာတိမာန်အပြည့်နဲ့ စစ်ချီတေးများ သံပြိုင်ဟစ်ကြွေး သီဆိုချီတက်လာကြကာ စစ်ရေးပြကွင်းအတွင်းသို့ ရောက်ရှိနေရာယူကြပါတယ်။ အခမ်းအနားအစီအစဉ်တွေကလည်း အချိန်နာရီတွေနဲ့ တိတိကျကျပါပဲ။ နံနက် ၆ နာရီခွဲမှာ အရေးကြီးပုဂ္ဂိုလ်များ၊ ဧည့်သည်တော်များ တပ်မတော်နေ့ စစ်ရေးပြကွင်းသို့ ရောက်ရှိခြင်း၊ ၆ နာရီ ၄၅ မိနစ်မှာ စစ်ကြောင်းကြီးများ တပ်မတော်နေ့ စစ်ရေးပြကွင်းသို့ ရောက်ရှိနေရာယူခြင်း၊ ၇ နာရီမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တပ်မတော်နေ့ စစ်ရေးပြကွင်းသို့ ရောက်ရှိခြင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား စစ်ကြောင်းများက အလေးပြုခြင်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံ စစ်ရေးပြမှူးကြီးက တန်းအပ်ခြင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်ကိုစစ်ဆေးခြင်း၊ နိုင်ငံတော် အလံအားအလေးပြုခြင်း၊ ကျဆုံးလေပြီးသော တပ်မတော်သားများအား အလေးပြုခြင်း၊ သစ္စာလေးချက်ဆိုခြင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မိန့်ခွန်းမြွက်ကြားခြင်း၊ စစ်ရေးပြမှူးကြီးက ချီတက်အလေးပြုခွင့် တောင်းခံခြင်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား စစ်ရေးပြမှူးကြီး ဦးဆောင်သောစစ်ကြောင်းများက အစီအစဉ်အတိုင်း ချီတက်အလေးပြု၍ ပြန်လည် ထွက်ခွာခြင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပြန်လည်ထွက်ခွာခြင်း၊ အရေးကြီးပုဂ္ဂိုလ်များပြန်လည်ထွက်ခွာခြင်း၊ ဧည့်သည်တော် များပြန်လည်ထွက်ခွာခြင်း စတဲ့အစီအစဉ်တွေအတိုင်း ကျင်းပပါတယ်။
မီးရောင်စုံထိန်ထိန်လင်းနေတဲ့ စစ်ရေးပြကွင်းအတွင်းက မြင်ကွင်းတွေဟာ မြင်တွေ့ရသူတိုင်းက စိတ်ကိုတက်ကြွ ရွှင်လန်းစေ ပါတယ်။ အနော်ရထာစစ်ကြောင်း၊ ကျန်စစ်သားစစ်ကြောင်း၊ ဘုရင့်နောင်စစ်ကြောင်း၊ အောင်ဇေယျစစ်ကြောင်း၊ ဆင်ဖြူရှင် စစ်ကြောင်း၊ဗန္ဓုလစစ်ကြောင်းနဲ့အောင်ဆန်း စစ်ကြောင်းတွေဟာ သစ်တပ်ကွင်းအတွင်းကနေ စစ်ရေးပြကွင်းအတွင်းသို့ တပ်မတော် စစ်တီးဝိုင်းအဖွဲ့များရဲ့တီးခတ်မှုနှင့်အတူ စစ်ချီသီချင်းများသီဆို၍ ညီညာစွာချီတက်လာကြပါတယ်။ တပ်မတော်(ကြည်း၊ ရေ၊ လေ)နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှအရာရှိ၊ စစ်သည်များ၊ စစ်သမီးများ၊ အမျိုးသမီး အထူးတပ်ဖွဲ့ဝင်များ၊ ယန္တရား စစ်ကြောင်းများ စစ်ရေးပြကွင်းအတွင်း သတ်မှတ်နေရာတွေကို ရောက်ရှိလာကြတဲ့ မြင်ကွင်းတွေ၊ စစ်ချီသီချင်းသံတွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ စစ်ရေးပြ ကွင်းအတွင်း ဝင်ရောက်လာကြတဲ့မြင်ကွင်းတွေဟာ တက်တက်ကြွကြွနဲ့ ညီညာလှပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရောက်ရှိချိန်မှာတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အလေးပြုချိန်၊ နိုင်ငံတော်အလံအား အလေးပြုချိန်၊ ကျဆုံးလေပြီးသော တပ်မတော်သားများအား အလေးပြုချိန်၊ သစ္စာအဓိဋ္ဌာန် ၄ ချက်ရွတ်ဆိုချိန်နဲ့ အနော်ရထာစစ်ကြောင်း အလံတော်အဖွဲ့မှာပါဝင်တဲ့ နိုင်ငံတော်အလံအားအလေးပြုချိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြန်လည်ထွက်ခွာချိန်တွေမှာတော့ တက်ရောက်လာသူ အားလုံး မတ်တတ်ရပ်ကြပါတယ်။ ဒါတွေဟာ မိမိတို့နိုင်ငံတော်၊ မိမိတို့နိုင်ငံတော်အကြီးအကဲကို ရိုသေလေးစားမှုပြခြင်းပါပဲ။
နိုင်ငံတော်အလံကိုအလေးပြုပြီး သစ္စာအဓိဋ္ဌာန် ၄ ချက်ရွတ်ဆိုချိန်မှာ ခံစားရတာကတော့ “သြော်.. ငါတို့နိုင်ငံဟာ အချုပ်အခြာ အာဏာပိုင်နိုင်ငံတစ်ခုဖြစ်လို့.. ငါတို့နိုင်ငံတော်မှာ နိုင်ငံတော်ကိုချစ်တဲ့ တပ်မတော်သားတွေရှိနေလို့ ငါတို့ ဒီလိုခမ်းခမ်းနားနား ကျင်းပနိုင်တာပဲ။ တက်ရောက်ခွင့်ရတာပဲ” လို့တွေးမိပါတယ်။
စစ်ရေးပြကွင်းထဲမှာ စစ်ရေးပြစစ်ကြောင်းတွေအားလုံး စုံလင်နေချိန်မှာတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင် ရောက်ရှိလာပြီး အလေးပြုခံစင်မြင့်မှာနေရာယူပါတယ်။ စစ်ကြောင်းကြီးများမှ တပ်မတော်သားများနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက အလေးပြု ကြပါတယ်။ အဲ့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စစ်ရေးပြစစ်ကြောင်းတွေကို လိုက်လံစစ်ဆေးပါတယ်။ ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်၊ စစ်ရေးပြစစ်ကြောင်းကြီးမှ တပ်မတော်သားများနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက နိုင်ငံတော်အလံနှင့်ကျဆုံးလေပြီးသော တပ်မတော်သားအား အလေးပြုကြပြီး သစ္စာလေးချက်ကို သံပြိုင်ရွတ်ဆိုကြပါတယ်။
သစ္စာလေးချက် ရွတ်ဆိုတဲ့အသံဟာ စစ်ရေးပြကွင်းကြီးတစ်ခုလုံးဟိန်းထွက်သွားတဲ့အပြင် ကမ္ဘာတစ်ဝန်းလုံးကပင် ကြားနိုင် လောက်ပါတယ်။ လေးလေးနက်နက် ပီပီသသရွတ်ဆိုတဲ့ အသံများဟာ ကြားရသူတွေကို အားမာန်တွေဖြစ်စေပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိ သုဓမ္မမင်းအောင်လှိုင် မိန့်ခွန်းပြောကြားအပြီးမှာတော့ စစ်ရေးပြမှူးကြီး ဦးဆောင်တဲ့ စစ်ကြောင်းကြီးများမှတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက အစီအစဉ်အတိုင်း ယာဉ်တင်ယန္တရားကြီးများကပါ စစ်ကြောင်းပုံဖြင့် ချီတက်အလေးပြုကြပြီး စစ်ရေး ပြကွင်းကြီးအတွင်းမှ ပြန်လည်ထွက်ခွာကြပါတယ်။ အဲဒီအချိန်မှာပဲ တပ်မတော်(လေ)မှ လေယာဉ်၊ ရဟတ်ယာဉ်၊ တိုက်ခိုက်ရေး လေယာဉ်တွေက ကောင်းကင်ယံကနေ သရုပ်ပြပျံသန်းပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ကို ချီတက်အလေးပြုကြပါတယ်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တက်ရောက်လာကြတဲ့ ဧည့်သည်တော်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး စစ်ရေးပြကွင်းကြီးမှ ပြန်လည်ထွက်ခွာ သွားခဲ့ပါတယ်။
ဒီလောက်ကြီးကျယ်တဲ့ အခမ်းအနားကြီးကို ပြီးပြည့်စုံအောင် လုပ်ဆောင်ဖို့ဆိုတာတွေးကြည့်ရင် တကယ်တော့မလွယ်လှပါဘူး။ ပါဝင်ဆောင်ရွက်သူတွေအားလုံးမှာ နိုင်ငံတော်ကိုချစ်တဲ့ စိတ်အရင်းခံကြောင့် အရာရာအောင်မြင်တာ ဖြစ်ပါတယ်။ အခုလို ကြီးကျယ်ခမ်းနားတဲ့ စစ်ရေးပြအခမ်းအနားကြီးမှာ ပါဝင်ခဲ့ကြတဲ့ စစ်ရေးပြစစ်ကြောင်းကြီးတွေအလိုက် စစ်သည်၊ စစ်သမီးများရဲ့ အားမာန်အပြည့်ဖြင့် ညီညီညာညာ လှုပ်ရှားမှု၊ ယန္တရားတပ်ခွဲများရဲ့ တပ်ခွဲအလိုက် အချိန်ကိုက်မောင်းနှင်ချီတက်မှု၊ တပ်မတော် လေယာဉ်၊ ရဟတ်ယာဉ်များနဲ့ အချိန်ကိုက်မောင်းနှင်ချီတက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်အား အလေးပြုခဲ့ခြင်းတို့ဟာ စစ်သည်၊ စစ်သမီးများရဲ့ သစ္စာစောင့်သိမှု၊ အမိန့်နာခံတတ်မှု၊ စိတ်ဓာတ်ခိုင်မာမှုနှင့်ဇွဲသတ္တိပြည့်ဝမှု၊ စစ်စည်းကမ်းကောင်းမွန်မှု၊ လေ့ကျင့်သားပြည့်ဝမှု၊ တိုက်ရည်ခိုက်ရည်ပြည့်ဝမှု၊ ကျန်းမာကြံ့ခိုင်မှု၊ အချင်းချင်းရဲဘော် စိတ်ထားရှိမှု၊ စွန့်လွှတ်စွန့်စားမှု၊ သန္နိဋ္ဌာန်စိတ်ဖြင့် ရည်မှန်းချက်ပြီးမြောက်အောင် ဆောင်ရွက်မှုဆိုတဲ့ အားဆယ်ပါးနဲ့ပြည့်စုံလို့ပါပဲ။ စစ်ရေးပြ အခမ်းအနားကြီး တစ်ခုလုံးကို အချိန်ကိုက်ထောင့်စေအောင် ဆောင်ရွက်နိုင်ခြင်းမှာ စီမံကြီးကြပ်ကွပ်ကဲခဲ့တဲ့ တာဝန်ရှိသူများရဲ့ စီမံခန့်ခွဲမှု အားကောင်းခြင်းတို့ကြောင့်ဖြစ်ပါတယ်။
ဂုဏ်ပြုထိုက်သူများကို ဂုဏ်ပြုခြင်းဟာ မြန်မာတို့ရဲ့ကောင်းမြတ်တဲ့ယဉ်ကျေးမှုအစဉ်အလာဖြစ်ပါတယ်။
(၇၈)နှစ်မြောက်တပ်မတော်နေ့ ဂုဏ်ပြုဇာတ်လမ်းမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ အနုပညာရှင်များနဲ့ ဂုဏ်ပြုစစ်ချီသီချင်း၊ စစ်သည် တေးသီချင်း၊ ကဗျာနဲ့ဝတ္ထုစာမူဆုရရှိသူ စာပေပညာရှင်တွေကို ဂုဏ်ပြုဆုနဲ့ဂုဏ်ပြုမှတ်တမ်းလွှာတွေပေးခဲ့ပါတယ်။ (၇၈)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမှာဆုရရှိကြတဲ့ စစ်ရေးပြတပ်ခွဲများ ဂုဏ်ပြုဆုချီးမြှင့်ပွဲကို နေပြည်တော်ရှိ စုရပ်သစ်တပ် စစ်ရေးပြကွင်းမှာ ကျင်းပပါတယ်။ ဒါတွေက နံနက်ပိုင်းနဲ့နေ့လယ်ပိုင်းရဲ့ အစီအစဉ်ဆောင်ရွက်ချက်တွေပဲဖြစ်ပါတယ်။
(၇၈)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကိုတော့ နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်မှာ ကျင်းပပါတယ်။ ဒီဂုဏ်ပြုညစာစားပွဲကလည်း အလွန်ပဲကြီးကျယ်ခမ်းနားပြီး စည်ကားလှတဲ့ ညစာစားပွဲဖြစ်ပါတယ်။
ညပိုင်းမှာတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေ စည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့က (၇၈)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် ဧည့်ခံပွဲနှင့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်လာကြသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ပါတယ်။
ဂုဏ်ပြုညစာစားပွဲ ကျင်းပနေချိန်မှာတော့(၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် တပ်မတော်နေ့စစ်ရေးပြကွင်းနဲ့ ဘုရင့်နောင်ရိပ်သာတို့မှာ မီးရှူးမီးပန်းတွေပစ်ဖောက်ကြပါတယ်။
ညစာမသုံးဆောင်မီနဲ့ ညစာသုံးဆောင်နေစဉ်အတွင်းမှာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့မှ အနုပညာရှင်တွေက သီဆိုဖျော်ဖြေကြပါတယ်။ အခမ်းအနား အောင်မြင်ခြင်းအထိမ်းအမှတ်အဖြစ် မီးရှူးမီးပန်းများ ပစ်ဖောက်ကြပါတယ်။ အဲ့နောက်မှာတော့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှနဲ့ အခမ်းအနား တက်ရောက်ကြသူတွေဟာ ဇေယျာသီရိဗိမာန်သဘင်ဆောင်အတွင်းမှာ စစ်သည်၊ စစ်သမီးများ၊ နိုင်ငံကျော်အနုပညာရှင်များက မြဝတီတေးဂီတအဖွဲ့နဲ့ တွဲဖက်ပြီး မြန်မာသံစဉ်တေးသီချင်းများနဲ့ ဖျော်ဖြေမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ဂုဏ်ပြုပန်းခြင်းပေးအပ်ချီးမြှင့်ခဲ့ကြပါတယ်။ ဒါတွေကတော့ (၇၈)နှစ်မြောက် တပ်မတော် နေ့ စစ်ရေးပြ အခမ်းအနားကျင်းပပုံနဲ့ ဆက်စပ်တဲ့ ဆောင်ရွက်ချက်များဖြစ်ပါတယ်။
(၇၈)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမှာ ချီတက်လာတဲ့စစ်ကြောင်းကြီးများအား ပြည်သူတွေက သောင်းသောင်း ဖြဖြကြိုဆိုကြတဲ့မြင်ကွင်းတွေ၊ စစ်ချီတေးတွေသံပြိုင်သီဆိုပြီး ညီညီညာညာလျှောက်လှမ်းချီတက်နေတာတွေ၊ တပ်မတော်နေ့ အခမ်းအနား ကျင်းပပုံကို တိုက်ရိုက်ထုတ်လွှင့်မှုမြင်ကွင်းတွေ စတာတွေဟာ တစ်နှစ်မှာ တစ်ကြိမ်သာမြင်တွေ့ရတာမို့ ၂၀၂၃ ခုနှစ် မတ် ၂၇ ရက်မှာ တော့ (၇၈) နှစ်မြောက်တပ်မတော်နေ့ အခမ်းအနားကြီးဟာ တပ်မတော်နဲ့ပြည်သူတို့ရဲ့ အောင်မြင်မှုကို ကမ္ဘာက သိအောင် ဖော်ထုတ်ပြလိုက်တာပဲဖြစ်ပါတယ်။ တကယ့်ကိုပဲ အောင်အောင်မြင်မြင်ခမ်းခမ်းနားနားနဲ့ ကြီးကျယ်စည်ကားလွန်းပါပေ တယ်လို့ပဲ မော်ကွန်းတင်လိုက်ချင်ပါတယ်။ ။
ဘုန်းမောင်ဝင်း(ဖျာပုံ)