စွန့်စွန့်စားစား မြန်မာအမျိုးသမီး လေထီးစစ်သမီးများ

စွန့်စွန့်စားစား မြန်မာအမျိုးသမီး လေထီးစစ်သမီးများ

ဆရာရှင့်...

    သမီးရိုသေလေးစားစွာဖြင့် စာရေးသားအပ်ပါသည်ရှင့်။ သမီးဘွဲ့ရအမျိုးသမီး ဗိုလ်သင်တန်း တက်ရောက်အောင်မြင်ပြီးခဲ့တာကို ဆရာလည်း သိပြီးဖြစ်လို့ မပြောပြတော့ပါဘူး။

အခုသမီးပြောပြချင်တာက ဘွဲ့ရအမျိုးသမီး ဗိုလ်သင်တန်းဆင်းပြီးတာနဲ့ သမီးအဖြစ်ချင်ဆုံး အလွတ်ခုန်လေထီး(FREE FALL) သင်တန်းတက်ရောက် သင်ကြားလေ့ကျင့်အောင်မြင် ပြီးဆုံးခဲ့တဲ့အကြောင်းပါ။

ဆရာလည်း လေထီးစစ်သား(အငြိမ်းစား) တစ်ဦးဖြစ်တော့ လေထီးစစ်သည်များရဲ့ လေ့ကျင့်မှုဆိုင်ရာ ကိစ္စရပ်တွေကို အထူးတင်ပြစရာလိုမည် မထင်ပါ။ ဒါကြောင့် ဆရာသိချင်နေတဲ့ အလွတ်ခုန်လေထီး သင်တန်း အတွေ့အကြုံတွေကိုပဲ အဓိကထား ရေးသားလိုက်ပါတယ်။

ဆရာတို့ခေတ် လေထီးစစ်သားဘဝက အလွတ်ခုန်လေထီး (FREE FALL) ခုန်တာမရှိဖူးသေးတော့ ဆရာသိချင်တဲ့ သမီးတို့ခေတ်မှာ သင်ကြားလေ့ကျင့် လက်တွေ့ကိုယ်တိုင် ကိုယ်တွေ့ခုန်ခဲ့တဲ့ အလွတ်ခုန်လေထီး (FREE FALL) သင်တန်းနဲ့ပတ်သက်လို့ တတ်နိုင်သမျှ ပြည့်ပြည့်စုံစုံဖြစ်အောင် ကြိုးစားပြီး ရေးသား တင်ပြလိုက်ပါတယ်။

ဘွဲ့ရအမျိုးသမီး ဗိုလ်သင်တန်းဆင်းပြီးတော့  သမီးစိတ်ဝင်စားတဲ့ အလွတ်ခုန် လေထီး(FREE FALL)  သင်တန်းကို ဆက်ပြီးတက်ခဲ့ပါတယ်။

ပထမဆုံးလေထီးခုန်ခြင်းနဲ့ပတ်သက်ပြီး အတွေ့အကြုံရှိစေရန် မြေပြင်/စင်မြင့် သင်ခန်းစာများကို အခြေခံအဖြစ် သင်ယူလေ့ကျင့်ရပြီး စစ်သုံးလေထီးများနဲ့ နေ့/ည ၁၂ ကြိမ် လက်တွေ့ လေ့ကျင့်ခုန်ဆင်းရပါတယ်။ အခြေခံသင်တန်း အောင်မြင်ပြီးမှ အလွတ်ခုန်လေထီး  (FREE FALL) သင်တန်းကို တက်ရောက်ခွင့် ရရှိပါတယ်။

အခုအချိန်ထိဆိုရင် လေထီးအလွတ်ခုန် အမျိုးသမီးသင်တန်းက    သမီးတို့ သင်တန်းအမှတ်စဉ်(၄)အထိ    ရှိလာပြီး လေ့ကျင့်သင်ကြား အောင်မြင်ပြီးတဲ့ အလွတ်ခုန်လေထီး (FREE FALL)စစ်သမီး အရာရှိ ၄၂ ဦး၊ အခြားအဆင့် စစ်သမီး ၆၅ ဦး စုစုပေါင်း ၁၀၇ ဦးရှိပြီး (ကြည်း၊ရေ၊ လေ) တပ်ရင်းတပ်ဖွဲ့ အသီးသီးမှာ တာဝန်ထမ်းဆောင်လျက် ရှိနေကြပြီဖြစ်သလို  တပ်မတော်က  ပေးအပ်လာမယ့် တာဝန်များကို ထမ်းဆောင်ဖို့ အသင့်ရှိနေကြပြီဖြစ်ပါတယ်။

အလွတ်ခုန်လေထီးနဲ့   ပတ်သက်တဲ့ သင်ခန်းစာတွေကိုတော့ စာရှည်နေမှာစိုးလို့ အသေးစိတ်ပြီး  မရေးလိုက်တော့ပါဘူး။

သင်ခန်းစာတွေ သင်ကြားလေ့ကျင့်ပြီးလို့ လက်တွေ့စတင် အလွတ်ခုန်ကြတဲ့ အတွေ့အကြုံတွေကိုပဲ ရေးသား တင်ပြလိုက်ပါမယ်။

ပထမဆုံးအကြိမ်အဖြစ်    စတင်ပြီး အလွတ်ခုန်လေထီး  (FREE FALL) ခုန်ဆင်းကြမယ့်  သမီးတို့စစ်သမီးများ အလွတ်ခုန်ဆင်းရမယ့် လေယာဉ်ပေါ် ရောက်ရှိပြီးချိန်မှာ နည်းပြအရာရှိ၊ နည်းပြဆရာကြီးများက သမီးတို့ကိုယ်ပေါ်မှာ ဝတ်ဆင်ထားတဲ့ လေထီးများကို စနစ်တကျ ရှိ၊ မရှိနဲ့ အန္တရာယ် မရှိစေရန် စစ်ဆေးကြပါတယ်။ ဒါဟာ အလွတ်ခုန်ဆင်းကြမယ့် သမီးတို့အတွက် ဆရာသမားတွေရဲ့ မေတ္တာ စေတနာအပြည့်နဲ့ ခုန်မဆင်းမီအချိန်ပိုင်း အထိ ကြည့်ရှုစောင့်ရှောက် ပေးမှုဖြစ်ပါတယ်။ ရှေ့ဆက်ကြုံတွေ့ လာရမယ့် အခြေအနေတွေကတော့ မိမိကိုယ်သာ ကိုးကွယ်ရာဆိုတဲ့အတိုင်း  ဆက်လက်လုပ်ဆောင်ကြရမှာဖြစ်ပါတယ်။

သမီးတို့အားလုံးလည်း ကောင်းကင်ယံမှာ ပေ ၁၀၀၀၀ အမြင့်အထိ တစ်ခါမှ မတက်ရောက်ခဲ့ဘူးတော့ ပေ ၁၀၀၀၀ အထိ ပျံတက်မည့်လေယာဉ်ပေါ်မှာ အသည်းတထိတ်ထိတ် ရင်တဖိုဖို အတွေးကိုယ်စီနဲ့ လိုက်ပါခဲ့ပါတယ်။ လေယာဉ်က ပေ ၁၀၀၀၀ အမြင့်ထိ    ရောက်အောင်ပျံသန်းပြီး ပေ  ၁၀၀၀၀ အမြင့်မှာ   ပျံသန်းနေတဲ့လေယာဉ်ပေါ်က  လေထီးအသုံးမပြု (လေထီးမဖွင့်သေး)ဘဲ နည်းပြဆရာ အမိန့်နဲ့အတူ ပျံသန်းနေတဲ့လေယာဉ်ပေါ်မှ အလွတ်ခုန်ထွက်ကြရမှာ   ဖြစ်ပါတယ်။

ခုန်ထွက်ရမယ့် လေယာဉ်တံခါးဝအရောက် ကောင်းကင်ယံထဲမှာ ထက်အောက်ဝဲယာဘေးဘယ်ညာကို သတိထားကြည့်လိုက်တဲ့အခါမှာ တိမ်စိုင်တိမ်လိပ်တွေနဲ့ မြူတွေဆိုင်းနေတဲ့ သဘာဝလောကကောင်းကင်ပြင်ကြီးကိုသာ မြင်တွေ့နေရစဉ် မကြာမတင်မှာဘဲ...

“ခုန်”

ဆိုတဲ့နည်းပြဆရာ လေထီးလေကြောင်းမှူးရဲ့ အမိန့်သံနဲ့အတူ ပျံသန်းနေတဲ့လေယာဉ်ပေါ်ကနေ အလွတ်ခုန်ထွက်လိုက်ပါတယ်။

ဒါကိုသမီးတို့ အနေနဲ့  ပထမဆုံးစွန့်စားမှု တစ်ရပ်လို့ပဲခံယူမိပါတယ်။

အတားအဆီးမဲ့    ကောင်းကင်ယံ  လဟာပြင်ထဲကို ကျရောက်သွားတဲ့အချိန်မှာ သမီးရင်ထဲမှာ “အေးခနဲ”ခံစားလိုက်ရပါတယ်။ အတွယ်အတာ အတားအဆီး ကင်းမဲ့စွာနဲ့ ကောင်းကင်ယံလဟာပြင်ထဲကို ကျဆင်းနေချိန်မှာ ခန္ဓာကိုယ် အနေအထား မပျက်အောင် ငှက်တစ်ကောင်ပမာ ပျံဝဲပြီး လက်မှာတပ်ဆင်ထားတဲ့     အမြင့်ပေ တိုင်း ကိရိယာ(Altimeter))ကို  သတိမပြတ်ကြည့်နေရပါတယ်။

လေယာဉ်မှခုန်ထွက်ပြီး ကောင်းကင်ယံ လဟာပြင်ထဲမှာ လေထီးမပါသေးဘဲ တွယ်ရာမဲ့အနေအထားနဲ့ လွင့်မျောကျဆင်းနေတာက ပေပေါင်း ၅၅၀၀ အထိဖြစ်ပါတယ်။ ကြားကာလ အချိန်အတိုင်းအတာ အတွင်းမှာ သည်းထိတ်ရင်ဖိုစွာနဲ့ ကိုယ်နေဟန်ထား မပျက်အောင် ထိန်းကျောင်းရင်း မြေပြင်သို့ရောက်ရှိ ဆင်းသက်ရန် ပေ ၄၅၀၀ အလိုရောက်မှ ကျောမှာပိုးထားတဲ့ လေထီးမှ ဆွဲဖွင့်ကွင်းကို ဆွဲပြီးဖွင့်လိုက်တဲ့အချိန်မှာတော့ လေထီးပွင့်သွားပါတယ်။ ပွင့်သွားတဲ့လေထီးနဲ့အတူ အန္တရာယ်ကင်းပြီး ချောမောစွာမြေပြင်သို့ ဆင်းသက်နိုင်ရန် ပြင်ဆင်ရပြန်ပါတယ်။

တဖြည်းဖြည်း ကျဆင်းနေရာမှ မြေပြင်နဲ့ ခြေဖဝါးစုံထိတွေ့လိုက်တဲ့ အသိခံစားလိုက်ရမိတော့မှ “ဟင်း”ခနဲသက်ပြင်းချနိုင်ပါတော့တယ်။

ပေ ၁၀၀၀၀ အမြင့် ကောင်းကင်ယံ ဝေဟင်ထက်မှာ ပျံသန်းနေတဲ့ လေယာဉ်ပေါ်က အလွတ်ခုန်ထွက်ခဲ့ပြီး မြေပြင်သို့ ရောက်ရှိကာ ခြေဖဝါးစုံနဲ့ထိတွေ့လိုက်ရတဲ့ ကြားကာလ ကြာချိန်ဟာ အချိန်အားဖြင့် ၂ မိနစ်ကျော် ၃ မိနစ်ခန့်ပဲကြာပါတယ်။

စာလည်းရှည်သွားပြီ ဆရာရေ။ အဲဒီတော့ သမီးတို့ရဲ့ စွမ်းဆောင်နိုင်မှုတွေကို ဆရာ့အနေနဲ့ သုံးသပ်ရှုမြင်ပေးတာကို သိချင်ပါတယ်လို့ ပန်ကြားရင်း သမီးစာကိုနိဂုံးချုပ်လိုက်ပါတယ်။

သမီး ဗိုလ်ဒေါ်သီတာအောင်ကြည်

    အမျိုးသမီးအလွတ်ခုန် လေထီးသင်တန်း အမှတ်စဉ်(၄)မှ သင်တန်းသူ ဗိုလ်ဒေါ်သီတာအောင်ကြည်ထံမှ ပြန်ကြားလာသည့်စာကိုဖတ်ရင်း  စာရေးသူများစွာ ပီတိဖြစ်ရပါသည်။

အလွတ်ခုန်လေထီး (FREE  FALL)စစ်သမီးသင်တန်း အမှတ်စဉ်(၄)မှ လေထီးစစ်သမီးများ ကောင်းကင်ယံဝေဟင်ထက် အမြင့်ပေ ၁၀၀၀၀ တွင် ပျံသန်းနေသော လေယာဉ်ပေါ်မှ လေထီးကို အသုံးမပြု (လေထီးမဖွင့်သေး)ဘဲ အလွတ်ခုန်ဆင်းလာကြသည့် လေထီးစစ်သမီးလေးများ၏ စွန့်စွန့်စားစား စွမ်းဆောင်ပြကြမှုများကို အခွင့်ကြုံခိုက် လေ့လာသိရှိခွင့်ရသည် များအား စိတ်ပါဝင်စားသူ စာဖတ်ပရိသတ်များအတွက် ဗဟုသုတအဖြစ် လက်ဆောင်ပါးလိုက်ပါသည်။

မြန်မာအမျိုးသမီးများနှင့် လေထီးသမိုင်း ဒုတိယအကြိမ် အမျိုးသားအားကစား ပွဲတော်ကို   ၁၉၉၂  ခုနှစ်   ပထမအကြိမ်   အမျိုးသားအားကစား ပွဲတော်ကျင်းပစဉ်ကထက်    တစ်မူထူးခြားစွာ ကျင်းပရန် နိုင်ငံတကာ အဆင့်မီ   ဆောင်ရွက်ရန် နိုင်ငံတော်အစိုးရမှ   စီစဉ်ဆောင်ရွက်ရာတွင် တပ်မတော်သား လေထီးစစ်သည်များက  အလွတ်ခုန်လေထီး(FREE  FALL) ဆင်းသက်ကာ နိုင်ငံတော်အလံကို လေထီးဖြင့် ခုန်ဆင်းသယ်ဆောင်၍   သုဝဏ္ဏအားကစားကွင်း ထိပ်ထက်စိုက်ထူထားသော အလံတိုင်ထိပ်၌ နိုင်ငံတော်အလံလွှင့်ထူ၍ လည်းကောင်း၊ တိုင်းရင်းသူ အလွှာပေါင်းစုံပါဝင်သော တိုင်းရင်းသူ မြန်မာအမျိုးသမီးလေးများကလည်း

ဒုတိယအကြိမ် ကျင်းပသည့်   အမျိုးသား အားကစားပွဲတော်ဖွင့်ပွဲတွင် ဖွင့်ပွဲအထိမ်းအမှတ် မီးရှူးတိုင်ကို ပျံသန်းနေသော လေယာဉ်ပေါ်မှ လေထီးဖြင့် ခုန်ဆင်းသယ်ဆောင်၍ သုဝဏ္ဏအားကစားကွင်းထိပ်ထက်ရှိ မီးရှူးတိုင်ကြီးတွင်း ထွန်းညှိဖွင့်လှစ်ပေးမည့် အစီအစဉ်ကိုပါ ထည့်သွင်းခဲ့ရာမှ မြန်မာနိုင်ငံတွင်    အစုအဖွဲ့အလိုက် တိုင်းရင်းသူမြန်မာအမျိုးသမီးများ ပထမဆုံး စတင်၍   လေထီးခုန်ခဲ့ကြခြင်းဖြစ်သည်။

ဒုတိယအကြိမ် အမျိုးသား အားကစား ပွဲတော်ကျင်းပရေး နာယကကြီးကလည်း ဒုတိယအကြိမ်အမျိုးသား အားကစားပွဲတော် ဖွင့်ပွဲတွင် တစ်တပ်တစ်အား ပါဝင်ဆင်နွှဲကြမည့် အမျိုးသမီးအထူး လေထီးသင်တန်း အမှတ်စဉ်(၁)ဖွင့်ပွဲနေ့တွင် အမျိုးသမီး သင်တန်းသူများအား    တွေ့ဆုံဂုဏ်ပြု အမှာစကားပြောကြားရာတွင်   “ဒုတိယအကြိမ်အမျိုးသား အားကစားပွဲတော်ကြီးကို ပထမအကြိမ်ကထက် ထူးထူးခြားခြား အစီအစဉ်များ  ထည့်သွင်းထားရာတွင် ထည့်သွင်းထားသည့် အစီအစဉ်၌ တစ်တပ်တစ်အား ပါဝင်ဆင်နွှဲမည်၊ ကျရာတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်မည်ဆိုသည့်ခံယူချက် အဓိဋ္ဌာန်ဖြင့်   အမျိုးသမီး လေထီးအထူးသင်တန်းကို တက်ရောက်ကြမည့်    သမီးတို့ရဲ့ ဆုံးဖြတ်ချက်ကို နိုင်ငံတော်အစိုးရ ကိုယ်စား  ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ကြိုဆိုဂုဏ်ပြုကြောင်း ဦးစွာပြောကြားလိုပါကြောင်း၊ သမီးတို့ အမျိုးသမီးငယ်များအနေဖြင့် မိမိတို့၏ ကိုယ်ပိုင်ဆန္ဒဖြင့်   အမျိုးသားများနှင့် ရင်ပေါင်တန်းပြီး   “လေထီးခုန်မည်” ဆိုသည့်စိတ်ဓာတ်နှင့် ဆုံးဖြတ်ချက်ကို မြန်မာတို့အနေဖြင့်   ဂုဏ်ယူဖွယ်ဖြစ်ကြောင်း။

လေထီးခုန်သင်တန်း တက်ရောက်ရာတွင် လေထီးခုန်သင်တန်းသည် လေ့ကျင့်ရာတွင် ပင်ပန်းကြောင်း၊ ဇွဲလုံ့လဝီရိယဖြင့် တိကျသောစည်းကမ်းများကို လိုက်နာ လုပ်ဆောင်ရမည်ကိုလည်း သင်တန်းကာလ တစ်လျှောက်တွင် မျက်မြင်ကိုယ်တွေ့ သိရှိရမည်ဖြစ်ကြောင်း၊ ကြုံတွေ့ရမည့် ကိစ္စရပ်အားလုံးကို   နဖူးတွေ့ဒူးတွေ့ရင်ဆိုင်ပြီး    ဒုတိယအကြိမ် အမျိုးသား အားကစားပွဲတော်ကြီးတွင်   တစ်တပ်တစ်အား ပါဝင်ဆင်နွှဲမည်ဆိုသည့် စိတ်ဓာတ်ကို ချီးကျူးရမည်ဖြစ်ကြောင်း။

သူမတူအောင် ထူးထူးခြားခြား ပါဝင်ဆင်နွှဲလိုသည့် စိတ်ဓာတ်သည် ယနေ့လူငယ်များကြားတွင် စံနမူနာပြဖြစ်လာ မည်ဟု ပြောကြားလိုကြောင်း၊ အမိမြန်မာနိုင်ငံတော်အတွက် ထူးထူးချွန်ချွန် တာဝန်ထမ်းဆောင်ကြမည့် အမျိုးသမီးလေထီး သူရဲကောင်းများ ပေါ်ထွန်းလာစေရန် ယနေ့အချိန်မှစပြီး မိမိတို့၏ အစွမ်းအစ စွမ်းဆောင်နိုင်မှုကို သင်တန်းပြီးဆုံး အောင်မြင်သည်အထိ စိတ်ဓာတ်အပြည့်၊ အားအင်အပြည့်၊ အားမာန်အပြည့်၊ စည်းကမ်းလိုက်နာမှု အပြည့်ဖြင့် စွမ်းဆောင်ကြပါ”ဟု တိုက်တွန်းအားပေး ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ပါသည်။

မြန်မာအမျိုးသမီးများ လေထီးခုန်ခြင်းနှင့် ပတ်သက်၍ နိုင်ငံတကာနှင့် ရင်ပေါင်တန်းပြီး ကမ္ဘာ့အဆင့်မီရုံမျှမက  ထိုအဆင့်ထက်ကျော်လွန်၍ တစ်ဆင့်ထက် တစ်ဆင့် မြင့်သည်ထက်မြင့်လာသော နည်းပညာရပ်များနှင့်အညီ  မြန်မာအမျိုးသမီး လေထီးစစ်သမီးများ လိုက်ပါ လုပ်ဆောင်နိုင်ခဲ့ကြသည်မှာ အမျိုးသမီး အလွတ်ခုန်လေထီးသင်တန်း အမှတ်စဉ်(၁)မှ (၄)သို့ပင် ရောက်ခဲ့ပြီး သင်ကြားလေ့ကျင့် အောင်မြင်ပြီးသော လေထီးစစ်သမီးအရာရှိ ၄၂ ဦးနှင့် အခြားအဆင့် လေထီးစစ်သမီး ၆၅ ဦး စုစုပေါင်း ၁၀၇ ဦး ရှိပြီဖြစ်သည်။

အလွတ်ခုန်လေထီး စစ်သမီးသင်တန်းမှ သင်တန်းသူလေထီး စစ်သမီးများသည် ကောင်းကင်ယံဝေဟင်ထက် အမြင့်ပေ ၁၀၀၀၀(ပေတစ်သောင်း)တွင် ပျံသန်းနေသော လေယာဉ်ပေါ်မှ လေထီးအသုံးမပြု (လေထီးမဖွင့်ဘဲ) အလွတ်ခုန်ထွက်လိုက်ကြစဉ် ကောင်းကင်ယံလဟာပြင်ထဲ၌ သူတို့လေးတွေ၏ ပုံသဏ္ဌာန်ကို မှုန်ဝါးဝါးသာ မြင်တွေ့ရသည်။ မည်းမည်းသဏ္ဌာန် အရိပ်(သို့)  ပစ္စည်းတစ်ခု ကောင်းကင်ဝေဟင်ထဲမှ ကျလာသကဲ့သို့ မြင်တွေ့နေရသည်။ စစ်သုံးမှန်ပြောင်းဖြင့် ကြည့်ရာ လူပုံသဏ္ဌာန် သဲကွဲစွာ  မြင်တွေ့ရသည့် အချိန်/အမြင့်ပေ   အရောက်တွင်မှ ကောင်းကင်ယံလဟာပြင်ထဲတွင်  ငှက်သွင်ပျံကြွနေသကဲ့သို့ ဝဲကာပျံကာမျောပါနေရာ မြေပြင်သို့ ဆင်းသက်ရောက်ရှိရန်  ပေပေါင်း ၄၅၀၀ အထိ လေထဲတွင်  မျောပါနေကြသည်ကို တွေ့မြင်ရမည်ဖြစ်သည်။

ပေ ၁၀၀၀၀ ထက်တွင် ပျံသန်းနေသော လေယာဉ်ပေါ်မှ အလွတ်ခုန်ထွက်ပြီး မြေပြင်သို့ ဆင်းသက်ရန် ပေ ၄၅၀၀ အလိုသို့ရောက်မှ မိမိတို့ကျောပေါ်တွင် ပိုးထားသော လေထီးများကိုဖွင့်၍ မြေပြင်သို့ ဆင်းသက်ကြရမည်ဖြစ်သည်။ လေထီးနှင့်ဖွင့်ဆင်းရန်ပေ ၄၅၀၀ သို့မရောက်မီ အမြင့်ပေ ၅၅၀၀ အထိ  လေထဲတွင် ငှက်သွင်ပျံကြွနေသကဲ့သို့  ဝေ့ကာဝဲကာ ပျံဝဲနေသည်ကို ကြည့်မြင်နေရသည်မှာ  သည်းထိပ်ရင်ဖိုဖွယ်ရာ    ကောင်းလှပါသည်။

စွန့်စွန့်စားစား မြန်မာအမျိုးသမီး လေထီးစစ်သမီးများ စွမ်းဆောင်နိုင်မှုများကို လေထီးစစ်သည်(အငြိမ်းစား) တစ်ဦးအနေဖြင့် ကြည့်ရှုကျေနပ်အားရစွာ  ခံစားမိရာမှ အတွေးတစ်ရပ် ဦးခေါင်းထဲတွင်ပေါ်လာသည်။

နိုင်ငံ့ဂုဏ်ဆောင် အမျိုးသမီးများအဖြစ် အလွတ်ခုန်လေထီး သင်တန်းအမှတ်စဉ်(၁)မှ (၃)အထိ စီနီယာလေထီးစစ်သမီးများ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ (မင်္ဂလာအခါသမယနေ့)တွင် နိုင်ငံတော်အလံ၊ တပ်မတော်(ကြည်း၊ ရေ၊ လေအလံများ)၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ကိုယ်စားပြု အလံများနှင့်   ဝန်ကြီးဌာနပေါင်းစုံတို့၏ အလံများနှင့် ရောင်စုံအလံများကို လေထီးဖြင့် သယ်ဆောင်ခုန်ဆင်း၍ စိန်ရတုလွတ်လပ် ရေးနေ့ကိုကြိုဆိုဂုဏ်ပြုခဲ့ပုံများကို စာဖတ်ပရိသတ်များ မြင်တွေ့ခဲ့ရပြီးဖြစ်ပါသည်။

ယနေ့မြန်မာ့တပ်မတော်တွင်လည်း မူလတာဝန်ကြီး(၃)ရပ်ရှိပြီးဖြစ်ပါသည်။

ထိုတာဝန်ကြီး(၃)ရပ်မှာ-

(၁)     စစ်တိုက်ရန်

(၂)     စစ်တိုက်ရန်မရှိက လေ့ကျင့်ရန်

(၃)     စစ်တိုက်ရန်နှင့်လေ့ကျင့်ရန်မရှိက ပြည်သူ့အကျိုးပြုလုပ်ငန်း လုပ်ရန်ဟူသော  တာဝန်ကြီး(၃)ရပ်ဖြစ်သည်။

အဆိုပါတာဝန်ကြီး(၃)ရပ်မှ ဒုတိယတာဝန်ဖြစ်သော   စစ်တိုက်ရန်မရှိက လေ့ကျင့်သား ပြည့်ဝနေစေရန်နှင့် တိုက် ရည်ခိုက်ရည် ပြည့်ဝနေစေရန် လေ့ကျင့် နေရမည်ဖြစ်သည်။

ထိုသို့လေ့ကျင့်ရာတွင် ရန်သူ၏စခန်း (ရန်သူနှင့်အနီးဆုံးနေရာ)သို့  အမြန်ဆုံး ရောက်ရှိချေမှုန်းနိုင်ရန် လေကြောင်းချီ စစ်ဆင်ရေးသည် လိုအပ်လာပြီဖြစ်သည်။

လေကြောင်းချီစစ်ဆင်ရေးတွင် အထူးလေ့ကျင့်ထားသော လေထီးတပ်ဖွဲ့ဝင်များသည် ရန်သူနှင့် အနီးဆုံးနေရာသို့ လေထီးဖြင့်ခုန်ဆင်းပြီး   ချေမှုန်း တိုက်ခိုက်ရန်ဖြစ်သည်။   ထိုသို့ကျရောက်လာမည့် တာဝန်များကို ထမ်းဆောင်ရန် ယခုဆိုလျှင်  တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ အရာရှိ (စစ်သမီး)၊   အခြားအဆင့်(စစ်သမီး)များသည်   နိုင်ငံတော်ကာကွယ်ရေးအတွက်   အလွတ်ခုန်လေထီး စစ်သမီးများအဆင့်ဖြင့် မြင့်သည်ထက်မြင့်သော တာဝန်များကို ထမ်းဆောင်ရန် အသင့်ရှိနေပြီဖြစ်သည်။

နိုင်ငံတော်ဂုဏ်ဆောင် အလွတ်ခုန် လေထီးသင်တန်း အမှတ်စဉ်(၁)မှ(၃)အထိ စီနီယာလေထီးစစ်သမီးများ အနေဖြင့် စီနီယာအလွတ်ခုန်  လေထီးအရာရှိ/ စစ်သည်များနှင့်အတူ ပူးပေါင်းပါဝင်၍ စုစုပေါင်း ၇၅ ဦးသည် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ (မင်္ဂလာအခါသမယနေ့)တွင် အမြင့်ပေ ၇၅၀၀ မှ အလွတ်ခုန်၍  နိုင်ငံတော်အလံ(ကြည်း၊ ရေ၊ လေ) တပ်မတော်အလံများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြု အလံများ၊ ဝန်ကြီးဌာနပေါင်းစုံမှ အလံများနှင့် ရောင်စုံအလံများ သယ်ဆောင်ကာ ဝေဟင်ထက်မှမြေပြင်သို့  သယ်ဆောင် ဆင်းသက်ကာ ချီတက် အလေးပြုကြပုံများကို ဂုဏ်ပြုမှတ်တမ်းတင်ရင်း   အလွတ်ခုန်လေထီး အမျိုးသမီးသင်တန်း   အမှတ်စဉ်(၄)မှ မျိုးဆက်သစ် အလွတ်ခုန်လေထီး စစ်သမီးများနှင့် အလွတ်ခုန်လေထီးစစ်သမီးအပေါင်းအား ကြိုဆိုဂုဏ်ပြုလိုက်ပါသည်။  ။

ဗမော်(အငြိမ်းစားလေထီးစစ်သည်)