Covid-19 ရောဂါဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများအား ဆက်လက် လက်ခံပြီး လိုအပ်သည့်ဆေးဝါးကုသပေးမှုများ ဆောင်ရွက်

နေပြည်တော်၊ အောက်တိုဘာ - ၂၉

တပ်မတော်အနေဖြင့် Coronavirus Disease 2019(COVID-19) ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသနိုင်ရေး တို့ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ Covid-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာများကို လက်ခံကုသပေးနိုင်ရန်အတွက် ကုသရေးနေရာများ ပြင်ဆင် ဆောင်ရွက်ထားရှိလျက်ရှိပြီး စက်တင်ဘာ ၂၅ ရက်မှစတင်၍ အတည်ပြုလူနာများကို လူမျိုး၊ ဘာသာမရွေးလက်ခံကာ လိုအပ်သည့် ဆေးဝါးကုသပေးမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။  ယနေ့အထိ မှော်ဘီမြို့နယ်ရှိ နယ်မြေခံ ဆေးတပ်ရင်းတွင် ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ သာသနာနွယ်ဝင်သီလရှင် ၄ ပါး၊ အင်းစိန်မြို့နယ်ရှိ သီရိမင်္ဂလာမဟာသာသနာ့ဗိမာန်တော်တွင် ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ သံဃာတော် ၉၇ ပါး၊  လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းတွင် ဓာတ်ခွဲ အတည်ပြု ပိုးတွေ့ လူနာအရပ်သား ၅၆၁ ဦးနှင့် လှည်းကူးမြို့နယ်၊ ရဲမွန်မြို့၊ နယ်မြေခံသင်တန်းကျောင်းမှ အတည်ပြုလူနာ အရပ်သား ၂၀၂ ဦးတို့ကို အသီးသီးဆက်လက်လက်ခံကုသပေးလျက်ရှိပြီး အဆိုပါဓာတ်ခွဲအတည်ပြု လူနာများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို တပ်မတော်က စီစဉ် ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့လက်ခံကုသမှုများဆောင်ရွက်ပေးပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်လာ သည့် ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းမှ အတည်ပြုလူနာ အရပ်သား ၈၁ ဦးကို ယနေ့တွင် သက်ဆိုင်ရာ ရပ်ကွက်များသို့ တပ်မတော်နှင့် တာဝန်ရှိသူများက စီစဉ်ပေးသည့် မော်တော်ယာဉ် များဖြင့် လိုက်လံ ပို့ဆောင်ပေးကြသည်။

ထို့ပြင် သီးသန့်စောင့်ကြည့်ရမည့်သူများကိုလည်း လက်ခံလျက်ရှိရာ ယနေ့တွင် နေပြည်တော်စစ်ကြောရေး နှင့်တည်းခိုရေးစခန်း၌ သီးသန့်စောင့်ကြည့်ရမည့်သူ ၆၉၄ ဦး၊ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပ မြို့နယ်ရှိ နယ်မြေခံတပ်ရင်း၌ ၃၈ ဦးတို့ကို အသီးသီးလက်ခံထားရှိကြောင်းနှင့် စောင့်ကြည့်သူများအားလုံးမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး အဆိုပါသီးသန့်စောင့်ကြည့်ရမည့်သူများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်အလိုက် စီစဉ်ဆောင်ရွက်ပေး လျက်ရှိသည်။

ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အတည်ပြုပိုးတွေ့လူနာများ၏ နေထိုင်စားသောက်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေနှင့် အဖွဲ့ဝင်များက သွားရောက် ကြည့်ရှု၍ လိုအပ်သည်များညှိနှိုင်း ဆောင်ရွက် ပေးသည်။