နိုင်ငံအတွက်မရှိမဖြစ် တပ်မတော်

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ မတ် ၃၀ ရက်)

နိုင်ငံအတွက်မရှိမဖြစ် တပ်မတော်

မြန်မာနိုင်ငံအတွက် မရှိမဖြစ်အရေးပါလိုအပ်သော အဖွဲ့အစည်းမှာ တပ်မတော်ဖြစ်သည်။ တပ်မတော်တစ်ရပ်ရှိနေသည့်အတွက်  ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန် အရေးသုံးပါးတည်တံ့ခိုင်မြဲနေခြင်းဖြစ်သည်။ တပ်မတော်သည် နိုင်ငံ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းနှင့်အတူ ပေါ်ပေါက်လာခဲ့သည်။  နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေးမှသည် လွတ်လပ်ရေးရရှိရေးအထိ ပြည်သူတစ်ရပ်လုံးကိုဦးဆောင်ပါဝင်ခဲ့သည်။ ပြည်သူတို့နှင့် တစ်သားတည်းရှိနေခဲ့သည့်အတွက် နိုင်ငံတော်တွင် အခက်အခဲနှင့်ကြုံလေတိုင်း ပြည်သူတို့က တပ်မတော်ကိုပင် အားကိုးအားထားပြုကြသည်။

တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်ဟူသော ဆောင်ပုဒ်သည် ပကတိအမှန်တရားတစ်ခုဖြစ်သကဲ့သို့ ထာဝစဉ်မှန်ကန် နေသည့်အရာဖြစ်သည်။ အင်အားမရှိက သူတစ်ပါးအနိုင်ကျင့်ခြင်း၊ ဗိုလ်ကျလွှမ်းမိုးခြင်းကို ခံရမည်မှာသေချာသည်။ မြန်မာ့ နိုင်ငံရေးတွင် ပြည်ပကျူးကျော်မှု၊ ပြည်တွင်းလက်နက် ကိုင်သောင်းကျန်းမှုမှန်သမျှကို  တပ်မတော်က အောင်မြင်စွာ တိုက်ထုတ် နိုင်ခဲ့သည်မှာ တပ်မတော်အင်အား တောင့်တင်းခိုင်မာနေခြင်းကြောင့်ဖြစ်သည်။ လွတ်လပ်ရေးရပြီးနောက် ခေတ်အဆက်ဆက်တွင် ပြည်သူများ၏ လိုအင်ဆန္ဒများကိုသာ တပ်မတော်က ဦးစားပေးဆောင်ရွက်ခဲ့သည်။

မြန်မာ့သမိုင်းတွင် အထင်အရှားဖြစ်ပွားခဲ့သောဖြစ်ရပ်များ၊ တိုင်းပြည်ပြိုကွဲပြီး အချုပ်အခြာအာဏာ ဆုံးရှုံးမည့် အခြေအနေများ ကြုံရလေတိုင်း တပ်မတော်ကပင်ဦးဆောင်ဖြေရှင်းခဲ့ရသည်။ ၁၉၅၈ ခုနှစ်၊ ၁၉၆၂ ခုနှစ်၊ ၁၉၈၈ ခုနှစ်တို့တွင် ကြုံတွေ့ခဲ့ရသော ဖြစ်ရပ်များမှာ တိုင်းပြည်တွင် အားကိုးအားထားပြုဖွယ်ရာ တပ်မတော်တစ်ရပ်ရှိခြင်းကြောင့်သာ မြန်မာနိုင်ငံသည် ယနေ့တိုင် အချုပ်အခြာ အာဏာပိုင်နိုင်ငံအဖြစ် တည်ရှိနေခြင်းဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိ သုဓမ္မမင်းအောင်လှိုင်သည် ၂၀၂၃ ခုနှစ် မတ်၂၇ ရက်တွင်ကျင်းပသော (၇၈)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် “အင်အားကြီးနိုင်ငံများရဲ့ အားပြိုင်မှုများမှတစ်ဆင့် ဖြစ်ပေါ်လာနိုင်ဖွယ်ရှိတဲ့ပဋိပက္ခများဟာ “တောင်လဲရာ မြက်ပြတ်” ဆိုတဲ့ စကားပုံအတိုင်း နိုင်ငံငယ်များအပေါ်သက်ရောက်မှုများ ဖြစ်ပေါ်လာနိုင်တဲ့အတွက် နိုင်ငံတကာရေးရာများကို မျက်ခြည်မပြတ် လေ့လာပြီး ကိုယ့်နိုင်ငံရှင်သန်ရပ်တည်နိုင်ဖို့ ကြိုတင်ပြင်ဆင်မှုများအမြဲလုပ်ဆောင်နေရမှာဖြစ်တယ်။ တို့နိုင်ငံအနေနဲ့လည်း ကာကွယ်ရေး ကဏ္ဍမြှင့်တင်နိုင်ရေးအတွက် တပ်မတော်ကို သမားရိုးကျစစ်ပွဲဆင်နွှဲ နိုင်ပြီး တိုက်စွမ်းရည်နဲ့တိုက်စွမ်းအားရှိတဲ့ ခေတ်မီတပ်မတော် (Standard Army) အဖြစ် ရည်မှန်းချက်ထားဖွဲ့စည်းတည်ဆောက်လျက်ရှိတယ်။ အနာဂတ်တပ်မတော်ကို (Standard Army) အဖြစ်တည်ဆောက်ရာမှာ တပ်များကို ခေတ်နဲ့ကိုက်ညီအောင် လုပ်ဆောင်လျက်ရှိတယ်။   တပ်မတော်သား အဆင့်အတန်းအားလုံး အနေနဲ့လည်း လက်ဝယ်ပိုင်ဆိုင်ထားတဲ့ ခေတ်မီစစ်လက်နက်ပစ္စည်းများကို ကျွမ်းကျင်ပိုင်နိုင်စွာကိုင်တွယ် အသုံးပြုနိုင်ဖို့နဲ့ သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်မှာ ကျွမ်းကျင်ဖို့အတွက် လေ့ကျင့်ရေးကိုစဉ်ဆက်မပြတ် ဆောင်ရွက်နေကြရမှာ ဖြစ်တယ်” ဟူ၍ ထည့်သွင်းမိန့်ကြားခဲ့သည်။

တပ်မတော်၏အရည်အချင်းမှာ တပ်မတော်သားတစ်ဦးချင်းစီ၏ စွမ်းရည်ပေါ်တွင် အခြေခံပြီး စစ်လက်နက်ပစ္စည်းများနှင့် ပေါင်းစပ် ရခြင်းဖြစ်သည်။ တပ်မတော်သားတစ်ဦးချင်းအနေဖြင့် စိတ်ဓာတ်၊ စည်းကမ်း၊ သစ္စာ၊ စည်းလုံးမှု၊ စွမ်းရည်သုံးရပ်ပြည့်စုံမှုဟူသော အခြေခံအရည်အချင်း ငါးပါးနှင့်ပြည့်စုံစေရန် လေ့ကျင့်ဖြည့်ဆည်းနေခြင်းမှာ နိုင်ငံတော်နှင့်ပြည်သူအတွက်သာ ဖြစ်သည်။

“ပြည်သူသာအမိ၊ ပြည်သူသာအဖ”  ဟူသောခံယူချက်နှင့်အညီ  ပြည်သူတို့၏ လူမှုစီးပွားဘဝလုံခြုံရေး  တိုးတက်မြင့်မားရေးကို အလေးထားဆောင်ရွက်လျက်ရှိသည်။ ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည် ဆိုသည့်အတိုင်း တပ်မတော်နှင့် ပြည်သူတို့ တစ်သားတည်းရှိနေကြရမည်ဖြစ်သည်။ တပ်မတော်အနေဖြင့် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှု အပြည့်ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကိုတည်ဆောက်လျက်ရှိသည်။ ဒီမိုကရေစီဆိုသည်မှာ ပြည်သူတစ်ရပ်လုံး အကြားအလပ်မရှိ ပါဝင်ဖော်ဆောင်ရခြင်းဖြစ်သည့်အတွက် ကဏ္ဍအသီးသီးတွင် တည်ငြိမ်အေးချမ်းမှုရှိနေစေရန် လိုအပ်သည်။ တည်ငြိမ်အေးချမ်းမှုရှိစေရန်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆက်လက် ဆောင်ရွက်လျက်ရှိရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)တို့အပေါ်မှာ ခိုင်ခိုင်မာမာရပ်တည်လျက်ရှိသည်။

တပ်မတော်အနေဖြင့်  နိုင်ငံတော်ကို  ပါတီစုံဒီမိုကရေစီစနစ်ပေါ်မှာ ခိုင်ခိုင်မာမာရပ်တည်နိုင်ဖို့ အတွက် ထိန်းသိမ်း စောင့်ရှောက် ပေးသူနှင့် ပြည်သူလူထုအကျိုးအတွက် ကာကွယ်စောင့်ရှောက်နေသူ Guardian အဖြစ် အစဉ်အမြဲဆက်လက်တည်ရှိနေပါသည်။ မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်း တစ်ရာကျော်နေထိုင်လျက်ရှိကြသည်။ ထိုတိုင်းရင်းသားများ၊ ပြည်သူများ စိတ်ချမ်းမြေ့စွာ နေထိုင်နိုင်ရေးအတွက် တပ်မတော်က ဘက်ပေါင်းစုံတွင် ပါဝင်ဆောင်ရွက်လျက်ရှိပေရာ တပ်မတော်သည် နိုင်ငံတော်အတွက် မရှိမဖြစ် တပ်မတော်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။     ။