ရေလုံလောက်မှုရှိစေရေး အမျိုးသားရေးကိစ္စအဖြစ်ဆောင်ရွက်

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ မတ် ၃၁ ရက်)

ရေလုံလောက်မှုရှိစေရေး အမျိုးသားရေးကိစ္စအဖြစ်ဆောင်ရွက်

အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မတ် ၂၂ ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II) ၌ကျင်းပ ပြုလုပ်သည့် ကမ္ဘာ့ရေနေ့ ၂၀၂၃ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားရာတွင် “မိမိတို့နိုင်ငံအနေဖြင့် ရာသီဥတု ပြောင်းလဲမှု၏ သက်ရောက်မှုများနှင့် ရေဆိုင်ရာအခက်အခဲပြဿနာများကို ဖြေရှင်းနိုင်ရန် အမျိုးသားအဆင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲရေး ဗဟိုကော်မတီ၊ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ၊ အမျိုးသားသဘာဝ ဘေးစီမံခန့်ခွဲမှုကော်မတီတို့ကို စနစ်တကျဖွဲ့စည်းပြီး ရေနှင့်ဆက်နွှယ်သည့်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပမှ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာမှု၏ အကျိုးသက်ရောက်မှုများကို ကမ္ဘာတစ်ဝန်းလုံး ကြုံတွေ့နေကြသည်။ ကောင်းကျိုးထက် ဆိုးကျိုးများ ကြုံတွေ့နေရသည့်အတွက် ဆိုးကျိုးသက်ရောက်မှုများ လျော့ပါးသက်သာစေရန်နိုင်ငံတိုင်းက ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိသည်။ ရာသီဥတုပြောင်းလဲမှုကြောင့် ရေရှားပါးမှုဖြစ်ပေါ်လာသည်။ ကမ္ဘာကြီးပူနွေးလာခြင်း၊ စိမ်းလန်း စိုပြည်မှု မရှိခြင်း၊ သစ်ပင်သစ်တောများ ပြုန်းတီးခြင်း စသည့်သဘာဝ ဝန်းကျင်ပျက်စီးယိုယွင်းမှုသည် ရေရှားပါးမှုနှင့်ဆက်စပ်လျက်ရှိပြီး အပြန်အလှန်သက်ရောက်မှုကိုဖြစ်စေသည်။

သစ်တောသစ်ပင်ရှားပါး ကွယ်ပျောက်လာသည်နှင့်အမျှ ရာသီဥတုဆိုးရွားခြင်း၊ မိုးခေါင်ခြင်း၊ ရေရှားခြင်းများ ဖြစ်လာသည်။ ရာသီဥတုကို သဘာဝက ဖန်တီးခြင်းဖြစ်သောကြောင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ သစ်ပင်သစ်တောများ ထူထောင်ရေးကို အလေးထားဆောင်ရွက်ကြရန် လိုအပ်လာသည်။ ရေဝေရေလဲဒေသများနှင့် သစ်တောများကို ထိန်းသိမ်းစောင့် ရှောက်ကြမည်ဆိုပါက ရေရှားပါးမှုအခက်အခဲများ သက်သာစေပြီး ရာသီဥတုနှင့် ကျန်းမာရေးကိုပါ အထောက်အကူဖြစ်စေပေမည်။ ရေသယံဇာတသည် သက်ရှိအားလုံးအတွက် အခြေခံအကျဆုံး သဘာဝအရင်းအမြစ်များဖြစ်ပြီး လူသားများအတွက် စားရေရိက္ခာ၊ သောက်သုံးရေနှင့် ဇီဝမျိုးစုံမျိုးကွဲများအပါအဝင် ဂေဟစနစ်ကို အထောက်အပံ့ပြုလျက်ရှိသည်။

“ရေအသက်တစ်မနက်” ဆိုသည့်စကားနှင့်အညီ   ရေသည်လူများ၏ အသက်တမျှ အဓိကကျလှသည်။ ရေလုံလောက်စွာမရရှိပါက လူသားများ၏ စားဝတ်နေရေး၊ ကျန်းမာရေး၊ စီးပွားရေးတို့မှအစ ဘက်ပေါင်းစုံတွင် ထိခိုက်ဆုံးရှုံးစေမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတိုင်းသည် မိမိတို့ပြည်သူပြည်သားများအတွက် အန္တရာယ်ကင်းသည့် ရေကောင်းရေသန့် လုံလုံလောက်လောက်ရရှိရန် ကြိုးပမ်းလျက်ရှိ နေခြင်းဖြစ်သည်။ ရောဂါဖြစ်စေသည့် ပစ္စည်းများကင်းစင်ပြီး အန္တရာယ်ရှိသည့် ဓာတုပစ္စည်းများလုံးဝမပါဘဲ အရောင်အဆင်း အနံ့အရသာကင်းသည့် ရေမဟုတ်ပါက ညစ်ညမ်းသည့်ရေ၊ သုံးစွဲရန်မသင့်သည့်ရေဟု သတ်မှတ်ရမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် သဘာဝရေအရင်းအမြစ် ကြွယ်ဝသော်လည်း အချို့ဒေသများတွင် သောက်သုံးရေ အခက်အခဲမလုံလောက်သည့် ပြဿနာများရှိနေသည်။ မိုးခေါင်ရေရှားဒေသတွင် နွေရာသီကာလ၌ သောက်သုံးရေ အခက်အခဲကြုံတွေ့ရသည်များ ရှိသည်။ ကျေးလက်ဒေသနေပြည်သူများ၏ စီးပွားရေးမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများဖြစ်ပေရာ ထိုလုပ်ငန်းများအတွက် ရေလိုအပ်သည်။ “ရွှေကိုမလို၊ ရေကိုသာလိုသည်” ဆိုသည့်စကားအတိုင်း ရေကိုရွှေကဲ့သို့ တန်ဖိုးထားကြရမည် ဖြစ်သည်။ မိုးရွာသွန်းမှု များပြားသည့် ပင်လယ်ကမ်းရိုးတန်းဒေသများတွင်လည်း မိုးရာသီတွင် ရေချိုပေါများပြီး နွေရာသီတွင်  ရေချိုရှားပါးမှု အခက်အခဲရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် ပြည်သူလူထု ဗဟိုပြု ဖွံ့ဖြိုးရေးလုပ်ငန်းများကို လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရန်ဆောင်ရွက်သွားမည်” ဟု ဆိုသည့်အတိုင်း ရှေ့လုပ်ငန်းစဉ်နှင့်အညီ ပြည်သူလူထုအတွက် ရေရရှိရေးနှင့် ရေအရင်းအမြစ်ထိန်းသိမ်းရေးများကို ဦးစားပေးဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်အစိုးရ အနေဖြင့် ရေရှားပါးသည့်ဒေသများတွင် သောက်သုံးရေအတွက် စိမ့်စမ်းရေကိုသွယ်တန်းပေးခြင်း၊ အဝီစိတွင်းများ တူးဖော်ပေးခြင်း၊ ဆည်တာတမံများ ဆောက်လုပ်၍ ထိန်းသိမ်းပေးခြင်း၊ မြစ်ရေတင်စီမံကိန်းများ ဖော်ဆောင်ပေးခြင်း၊ မြေအောက်ရေထိန်းတမံများ ဆောက်လုပ်ပေးခြင်း စသည့်ရေရရှိနိုင်မည့် နည်းလမ်းမျိုးစုံဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။

မြန်မာနိုင်ငံသည် မြစ်ချောင်းများ၊ အင်းအိုင်များ၊ သဘာဝရေထွက်များ စသည့်ပုံစံအမျိုးမျိုးဖြင့် ရေချိုအရင်းအမြစ်များ များပြား ခြင်းကြောင့် တစ်ကမ္ဘာလုံး ရေချိုပိုင်ဆိုင်မှု၏ ၁ ဒသမ ၇ ရာခိုင်နှုန်းရှိကြောင်းသိရသည့်အတွက် ရေချိုပေါများသောနိုင်ငံဖြစ်သည်။ အချို့သောနိုင်ငံများတွင် ရေချိုမလုံလောက်သဖြင့် ပင်လယ်ရေငန်ကို ပြုပြင်သုံးစွဲခြင်း၊ စွန့်ပစ်ရေဆိုးကို ပြန်လည်ပြုပြင် သုံးစွဲနေရခြင်းများ လုပ်ဆောင်နေကြရသည်။ အနှစ်ချုပ်ဆိုရသော် ရေလုံလောက်မှုရှိစေရေး အမျိုးသားရေးကိစ္စအဖြစ် ဆောင်ရွက် ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။  ။