ကိုယ်ကျန်းမာမှ စိတ်ချမ်းသာမည်

ကိုယ်ကျန်းမာမှ စိတ်ချမ်းသာမည်

လူသားဟူသည်ကား အသွေးအသားတို့ဖြင့် ဖွဲ့စည်းတည်ဆောက်ထားခြင်းဖြစ်သည်။ ခန္ဓာကိုယ်အားတောင့်တင်းသန်မာရန် အရိုးငြမ်းများ၊ အသားစိုင်များဖြင့် ဖွဲ့စည်းထားသည်မှန်သော်လည်း အသက်ရှင်သန်နေထိုင်ရေးအတွက်   သွေးလည်ပတ်ခြင်းသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်သည်။  

လူ့ခန္ဓာကိုယ်၏ သွေးလည်ပတ်မှု စနစ်မမှန်ကန်ပါက ကျန်းမာရေးချို့တဲ့ ခြင်းခံစားရမည်သာဖြစ်သည်။ ထိုသွေးကြောများသည် သွေးအတွင်းအောက်ဆီဂျင်ရရှိမှု အားကောင်းမှသာလျှင် သွေးသားသန့်စင်၍ ကျန်းမာရောဂါကင်းခြင်း ရလဒ်ကိုရရှိမည်ဖြစ်သည်။ ထို့ကြောင့်ကျန်းမာခြင်းအတွက် အစားအသောက်ကိုဆင်ခြင်ရုံသာမက တချို့သော ကိုယ်လက်လှုပ်ရှား အားကစားခြင်းများကို ပြုလုပ်ကြရမည်ဖြစ်သည်။

ကျန်းမာခြင်း

“အာရောဂျံ ပရမံ လာဘံ” ကျန်းမာခြင်းသည်လာဘ်တစ်ပါးဟု မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးမှ ဟောကြားတော်မူခဲ့သည်။ လူသားအတွက် ကျန်းမာခြင်းရလဒ်သည် ဘုရားပေးသောဆုဟူ၍ပင် ရှေးလူကြီးများ ဆိုလေ့ရှိသည်။ ကျန်းမာခြင်း အကျိုးတရားနှင့် ပြည့်စုံသောသူသည် အမြဲတမ်းရွှင်လန်းတက်ကြွနေမည်သာဖြစ်သည်။ စိတ်သွားတိုင်းကိုယ်ပါ၍ စေလိုရာစေနိုင်ကြသူများဖြစ်သည်။ မကျန်းမာသောသူသည် စိတ်သွားတိုင်းကိုယ်မပါနိုင်ချေ။ မိမိအလိုရှိရာကိုလည်း စိတ်ထင်တိုင်းပေါက်မြောက်အောင် ဆောင်ရွက် နိုင်မည်မဟုတ်ချေ။ လောကီ၊ လောကုတ္တရာနှစ်ဖြာသော တာဝန်များကိုလည်း အလိုရှိတိုင်း ဆောင်ရွက်နိုင်ရန် ခက်ခဲလှပေမည်။  စီးပွားရေး၊ လူမှုရေး၊ ပညာရေး မည်မျှပင်ပြည့်စုံစေကာမူ ကျန်းမာခြင်းမရှိပါက ပြည့်စုံသူဟူ၍ သတ်မှတ်မရပါ။

စိတ်ချမ်းသာမှုမရှိလေသမျှ ပြီးပြည့်စုံသူဟူ၍ ဤလောကတွင် အသိအမှတ်ပြု၍မရနိုင်ပေ။ ကျန်းမာခြင်းသည် လူသားတိုင်း အတွက် အလွန်အရေးကြီးသည်။ ကျန်းမာရေးဝန်ဆောင်မှုများဖြင့် အမြဲမပြတ်စောင့်ကြည့်၍ မိမိကိုယ်ကို ဂရုစိုက်ခြင်းသည် အစစ်အမှန် ကျန်းမာခြင်းမဟုတ်ပေ။ ခေတ်မီဆေးဝါးများဖြင့် ဆေးကုသမှုခံယူ၍လည်းကောင်း၊ ကြိုတင်ကာကွယ်မှု ပြုလုပ်ခြင်းသည်လည်း ကောင်းကျန်းမာခြင်းဟူ၍ မခေါ်မည်ထိုက်ပေ။ အမှန်တကယ် ကျန်းမာခြင်းဟူသည်ကား မည်သည့်ဆေးဝါးကို မျှမှီဝဲခြင်းမရှိဘဲ နေထိုင်နိုင်ခြင်းကိုသာ ဆိုလိုသည်။

ထိုသို့မည်သည့် ဆေးဝါးကိုမျှမသုံးစွဲဘဲ ကျန်းမာခြင်းကိုသာ လိုလားမည်ဆိုပါက ကိုယ်လက်လှုပ်ရှားခြင်း၊ စားသောက်မှု ပုံစံမျှတအောင် စားသုံးခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းခြင်း၊ နေထိုင်မှုပုံစံပြောင်းလဲခြင်းတို့ကိုသာ ပြုလုပ်ကြရမည်ဖြစ်သည်။

ကိုယ်လက်လှုပ်ရှားကစားခြင်းသည် ဗလငါးတန်ကို ဖွံ့ဖြိုးစေသည်ဟုဆိုကြသည်။ အဘယ်ကြောင့်ဆိုသော် ကိုယ်လက်လှုပ်ရှား နေသူသည် ကျန်းမာခြင်းရလဒ်ကို   ပိုင်ဆိုင်ထားသောကြောင့်ဖြစ်သည်။

ထို့ကြောင့် ကျန်းမာခြင်းသည် ဗလငါးတန်ကိုဖွံ့ဖြိုးစေသည်ဟု အဆိုပြုလျှင်အမှန်တရားပင်ဖြစ်ပေသည်။ ကျန်းမာလျှင် အလုပ်လုပ် နိုင်မည်။ အလုပ်လုပ်နိုင်လျှင်ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ ဖွံ့ဖြိုးမည်။ လူမှုရေးနယ်ပယ်တွင် ပေါင်းသင်းဆက်ဆံရေး ကျယ်ပြန့်၍ မိတ္တဗလ၊ ဘောဂဗလ ဖွံ့ဖြိုးလာမည်။

ထို့ကြောင့်ကိုယ်လက်လှုပ်ရှားပေးခြင်းဖြင့် ကျန်းမာရေးကိုမြှင့်တင်ကြပြီး ဗလငါးတန်ဖွံ့ဖြိုးရန် လူကြီး၊လူငယ်၊ ကျား၊ မ မရွေး ကြိုးစားကြရပေမည်။

 ကျန်းမာခြင်းနှင့်သိပ္ပံနည်းကျမှု

ခေတ်မီဖွံ့ဖြိုး တိုးတက်လာသည်နှင့်အမျှ လူသားတို့အတွက် ကျန်းမာရေးသည်ပို၍ပင် အရေးကြီးသည်။ ခေတ်မီနည်းပညာများဖြင့် ထုပ်ပိုးထားသော အစားအစာများကို လူအများစုကပိုမို၍ နှစ်သက်လာကြသည်။ ခေတ်နှင့်အပြိုင် လှုပ်ရှားရုန်းကန်ကြရသည့်အခါ အချိန်ကိုချွေတာမှုနှင့်အတူ ဓာတုပစ္စည်းများပါဝင်သော အဆင်သင့်ထုပ်ပိုးထားသည့် စားသောက်ဖွယ်ရာများကို အလွယ်တကူ ဝယ်ယူစားသောက်ကြတော့သည်။ လူသားတို့ဟူသည်ကား သွေးသားဖြင့်တည်ဆောက်ထားကြသော်လည်း တည်ဆောက်ထား သော သွေးသားအမျိုးအစား မတူညီကြခြင်းကြောင့် ခေတ်မီစားသောက်ဖွယ်ရာများသည် တချို့သောသူများနှင့် ဓာတ်မတည့်ခြင်း များ ဖြစ်တတ်ပေသည်။

ထို့ကြောင့် ကျန်းမာရေးအန္တရာယ်ကို  ကြိုတင်ကာကွယ်ရန်အတွက် ခန္ဓာကိုယ်ခုခံအားစနစ်ကောင်းမွန်ရန် ကျန်းမာရေးဆိုင်ရာ အသိပညာပေးများကိုလေ့ လာမှတ်သားပြီး နေ့စဉ်ပုံမှန်ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ကြရမည်ဖြစ်သည်။ တိုင်းပြည်တစ်ပြည်   ဖွံ့ဖြိုးတိုးတက်မှုသည် ထိုတိုင်းပြည်ရှိ လူ့စွမ်းအားအရင်းအမြစ်ဖြစ်သော ပြည်သူများ ကျန်းမာသန်စွမ်းမှုနှင့် တိုက်ရိုက်ဆက်နွှယ် နေပေသည်။ ကျန်းမာမှ အလုပ်လုပ်နိုင်မည်။ အလုပ်လုပ်နိုင်မှဝင်ငွေတိုးပွားမည်။ ဝင်ငွေတိုးပွားမှစားဝတ်နေရေးပြေလည်ပြီး ခေတ်နှင့်အညီ ခေတ်မီစွာနေထိုင်နိုင်ပေသည်။ ရူပဗေဒနည်းအရဆိုရလျှင် "action and reaction" လုပ်ဆောင်မှုနှင့် တုံ့ပြန်မှုတို့ ညီမျှခြင်း သဘောဖြစ်သည်။ ဘောဂဗေဒနည်းဖြင့် တွက်လျှင် ကျန်းမာမှအလုပ်လုပ်နိုင်မည်။ အလုပ်လုပ်နိုင်မှ ဝင်ငွေရရှိပြီး အသုံးစရိတ်ကို ပြန်လည်ချေပနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ဘောဂဗေဒနည်းအားဖြင့်လည်း ကျန်းမာရေးသည် အရေးပါပေသည်။ ဇီဝဗေဒနည်းအရ  ကြည့်လျှင်နေ့စဉ်လှုပ်ရှားနေမှသာ ဇီဝကမ္မဖြစ်စဉ်များသည် လည်ပတ်မှုရှိပြီး ဆဲလ်အဟောင်း များကြေပျက်၍   ဆဲလ်အသစ်များအစားထိုးလျက်အမြဲတမ်းရွှင်လန်းတက်ကြွ  နုပျိုနေပေလိမ့်မည်။

ထို့ကြောင့် ကျန်းမာရေးသည် သိပ္ပံနည်းကျသော လက်တွေ့သဘာဝဖြစ်သောကြောင့် သိပ္ပံပညာထွန်းကားလာသည့်ခေတ်တွင် ကျန်းမာရေးအသိပညာ ဗဟုသုတများပိုမိုလေ့လာ၍ ကျန်းမာအောင်နေထိုင်ကြရမည်ဖြစ်သည်။

ကျန်းမာခြင်းနှင့်လူမှုရေးနယ်ပယ်

လူဆိုသည်မှာ တစ်ဦးတစ်ယောက်တည်း ခွဲထွက်နေထိုင်ကြရသည် မဟုတ်ချေ။ တစ်ဦးနှင့်တစ်ဦး ပေါင်းသင်းဆက်ဆံ၍ သော်လည်း ကောင်း၊ မိသားစုဖြင့်သော်လည်းကောင်း၊ အဖွဲ့အစည်းဖြင့်သော်လည်းကောင်း၊  မိမိ၏နီးစပ်ရာ ပတ်ဝန်းကျင်နှင့်သော်လည်းကောင်း  အတူတကွယှဉ်တွဲနေထိုင်ကြရသည်။ ထိုသို့ယှဉ်တွဲနေထိုင်ကြရာတွင် တစ်ဦးတစ်ယောက် ကျန်းမာရေးချို့တဲ့သည်ဆိုပါက ထိုသူနှင့် ဆက်နွှယ်နေသောသူများလည်း စိတ်ချမ်းသာရမည်မဟုတ်။ ပူပင်သောကများနှင့် ရင်ဆိုင်ကြရပေလိမ့်မည်။ မိသားစုတစ်စုအတွင်း မကျန်းမာသူတစ်ဦးရှိနေပါက ထိုမိသားစုသည်လည်း စိတ်ချမ်းမြေ့မှု အပြည့်အဝရရှိမည်မဟုတ်ပေ။ မကျန်းမာသူအား ပြုစုရသူ သီးသန့်ထားရှိရခြင်းကြောင့် လူ့စွမ်းအားအရင်းအမြစ်၊ အချိန်၊ ငွေကြေးစသည်တို့ ဆုံးရှုံးနစ်နာရပြန်သည်။

ကျန်းမာရေးဝန်ဆောင်မှုအတွက်လည်း အပိုဝင်ငွေရှာဖွေကြရသည်။ မိမိ၏ကျန်းမာရေးကို ဂရုစိုက်မှုအားနည်းလျှင် တခြားသူများ အတွက်ပါ မနိုင်ဝန်တစ်ခုဖြစ်စေသည်ကို သိရှိနားလည်ကြရပေမည်။ အဖွဲ့အစည်းတစ်ခုအတွင်းတွင်လည်း မကျန်းမာသူရှိပါက အဖွဲ့အစည်းလိုက်လှုပ်ရှားမှုများသည် နှောင့်နှေးကြန့်ကြာမှုများ ရှိလာပေမည်။   မကျန်းမာသူအတွက် အင်အားစု၊ အချိန်စသည်ဖြင့်  မျှဝေလုပ်ဆောင်ကြရသောကြောင့် မကျန်းမာသောမိမိကြောင့် တစ်ပါးသူတို့၏ အခွင့်အရေးများကိုပါ အသင့်အတင့် ထိခိုက်စေ သည်ကို သတိပြုကြရမည်။ လူသားတိုင်းတွင်  ကျန်းမာသောခန္ဓာကိုယ်ကို  ပိုင်ဆိုင်ထားမှသာလျှင်စိတ်သွားတိုင်း ကိုယ်ပါ၍လိုရာ ဆန္ဒဟူသမျှကို စိတ်တိုင်းကျ ဆောင်ရွက်နိုင်ပေလိမ့်မည်။ မကျန်းမာခြင်းသည် မိမိကိုယ်တိုင်သာမက မိမိနှင့်ဆက်နွှယ်နေသော တစ်ပါးသူများကိုလည်း ပျော်ရွှင်မှုအပြည့်အဝမရရှိနိုင်ပေ။ စိတ်ချမ်းမြေ့ပျော်ရွှင်ဖွယ်သော လူ့ဘောင်လောက တစ်ခုတည်ဆောက် ရန်အတွက် ကျန်းမာခြင်းသည် အဓိကကျသော အခန်းကဏ္ဍမှပါဝင်နေသည်ကို လူသားတိုင်းသိရှိနားလည်ရန် လိုအပ်ပေသည်။ ထို့ကြောင့် လူ့လောက နယ်ပယ်အသီးသီးတွင် ကျန်းမာကြံ့ခိုင်သောလူသားအဖြစ်ဖြင့် လူ့ပတ်ဝန်းကျင်ကို စွမ်းရည်မြှင့်တင်ကြရန် ကြိုးစားကြရပေမည်။

ကျန်းမာရေးအတွက်ဆောင်ရန်၊ ရှောင်ရန်များ

ယခု ခေတ်မီတိုးတက်နေသော အချိန်ကာလတွင် ဆေးဝါးကောင်းများ ပေါ်ထွန်းနေပြီဖြစ်၍ မည်သည့်ရောဂါမဆို ပျောက်ကင်း လုနီးပါးကုသနိုင်ကြပြီ ဖြစ်သည်။ သို့သော်လည်း ကုသခြင်းထက်ကာကွယ်ခြင်းသည် ပို၍ကောင်းမွန်သည် ဟူသော ကျန်းမာရေး ပညာရှင်များ၏ အဆိုအမိန့်ကိုလည်း အလေးထားကြရမည်ဖြစ်သည်။ လူတိုင်းကျန်းမာရန်အတွက် စားသောက်နေထိုင်မှု ဂရုပြုကြ ရမည်။ ကျန်းမာကြံ့ခိုင်ရန်အတွက် ဆေးလိပ်များ၊ မူးယစ်ဆေးဝါးများကိုရှောင်ရှားကြရမည်။ စိတ်ညစ်ညမ်းမှုဖြစ်စေမည့် ဒုစရိုက်များ ကိုလည်း ရှောင်ကြဉ်ရပေမည်။ ကျန်းမာခြင်းနှင့်ပြည့်စုံစွာနေထိုင်ရေးတွင် အစားအသောက်၊အနေအထိုင်၊ အဝတ်အစားမှစ၍ အစစအရာရာကို ဂရုတစိုက်ပြုမူ နေထိုင်သင့်သည်။ အသားငါးနှင့် ဟင်းသီးဟင်းရွက်များကိုလည်း မျှတစွာစားသုံးပေးရမည်။ သင့်တင့်မျှတစွာစားသုံးခြင်းသည် ဆေးဝါးမှီဝဲရန်မလိုအပ်ဘဲ ကျန်းမာခြင်းကိုရရှိစေသည်။ အဝတ်အစားဝတ်ဆင်ရာတွင်လည်း ရာသီဥတုနှင့်အညီ အပူ၊ အအေးမျှတအောင် ဝတ်ဆင်ခြင်းသည် ကျန်းမာရေးကို များစွာအထောက်အကူပြုသည်။

ကျန်းမာရေးအတွက်  အစားအသောက်သည်အရေးကြီးသကဲ့သို့  အိပ်စက်အနားယူခြင်းသည်လည်း အရေးပါလှသည်။ လူတစ်ဦး သည်နေ့စဉ်ပုံမှန် ၇ နာရီခွဲမှ   ၈   နာရီခွဲအထိ  အိပ်စက်အနားယူခြင်းအတွက်   အချိန်ပေးကြရသည်။ အနည်းဆုံး ၇ နာရီကြာမျှ အိပ်စက် အနားယူရန်အချိန်ပေးမှသာလျှင် ကျန်းမာခြင်းရလဒ်ကိုရရှိနိုင်ပေမည်။ အိပ်စက်အနားယူချိန်မမှန်ခြင်းသည် ကိုယ်ခံအားကို ကျဆင်းစေရုံသာမက စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်များကိုလည်း ဖြစ်ပေါ်စေနိုင်သောကြောင့် အထူးဂရုပြုရန်လိုအပ်သည်။ ပျင်းရိခြင်းကိုပယ်ဖျောက်၍ တစ်နေ့လျှင် နာရီဝက်ခန့်မျှကိုယ်လက်လှုပ်ရှားမှုကိုလည်း ပြုလုပ်ကြရပေမည်။ သို့မှသာ ကိုယ်ခန္ဓာ ပေါ့ပါး၍ စိတ်ကြည်လင်လန်းဆန်းမှုကို ရရှိစေမည်ဖြစ်သည်။

ကိုယ်ကျန်းမာမှ စိတ်ချမ်းသာမည်

ကိုယ်နှင့်စိတ်ကြံ့ခိုင်မှုသည် အပြန်အလှန် ဆက်နွှယ်နေသည်။ စိတ်ဓာတ်မည်မျှပင်ကြံ့ခိုင်စေကာမူကျန်းမာရေးညံ့နေပါက ဝေဒနာကို တွန်းလှန်နိုင်မှုမရှိဘဲ စိတ်ဓာတ်ကျဆင်းလာမည်မှာ အမှန်ပင်ဖြစ်သည်။ ကိုယ်ခန္ဓာကျန်းမာနေပါမှ မည်သည့်အရာကိုမဆို  စိတ်နောက် ကိုယ်ပါစွမ်းဆောင်မှုရှိမည်။

မည်သို့သော အခက်အခဲနှင့်ကြုံစေကာမူ ကျန်းမာနေသူတစ်ဦးသည် စိတ်ဓာတ်ပိုင်းဆိုင်ရာ ပျော့ညံ့သွားမည်မဟုတ်ပေ။ ထို့ကြောင့် ကိုယ်ခန္ဓာကျန်းမာမှုသည် စိတ်ဓာတ်ရေးရာကြံ့ခိုင်မှုအတွက် ခွန်အားတစ်ရပ်လည်း ဖြစ်ပေသည်။ ပညာအရည်အချင်း ပြည့်စုံနေသော သူတစ်ယောက်သည် ကျန်းမာခြင်းသုခမရှိပါက စွမ်းဆောင်ရည်ရှိသမျှကို ထုတ်ဖော်ပြသ စွမ်းဆောင်နိုင်မည် မဟုတ်ပေ။ ချမ်းသာကြွယ်ဝသောသူတစ်ယောက်သည် ကျန်းမာခြင်းသုခမရှိပါက မည်မျှပင်ကြွယ်ဝ ချမ်းသာစေကာမူ ဝေဒနာဟူ သောသောကဖြင့်  စိတ်ချမ်းမြေ့နိုင်မည်မဟုတ်ပေ။   ချမ်းသာခြင်းအစစ်အမှန်သည်ကားကျန်းမာခြင်းပင်ဖြစ်သည်။ ထို့ကြောင့်ပင် တစ်ဦးနှင့်တစ်ဦး  သတိတရနှုတ်ခွန်းဆက်ကြသည့်အခါ “ကျန်းမာအောင်နေပါ” ဟူ၍ပြောလေ့ရှိကြခြင်း ဖြစ်သည်။ ဆုတောင်း စကားများ၌လည်း “ကိုယ်ကျန်းမာ၍စိတ်ချမ်းသာကြပါစေ” ဟုသာဖော်ညွှန်းကြခြင်း ဖြစ်သည်။ လူသားတိုင်း စိတ်ချမ်းသာခြင်း အပြည့်အဝရရှိရန် ကျန်းမာရေးကို အထူးဂရုပြုကြစေလိုကြောင်း    တိုက်တွန်းရေးသားလိုက်ရပေူသည်။    ။

နုခန့်ယဉ်(ရစ်ကန်ကြီး)