ကန့်ဘလူမြို့နယ်၊ မိုးကောင်းကျေးရွာနှင့် တန့်ဆည်မြို့နယ်၊ ကျွန်းလည်ကျေးရွာ တို့အား ဆက်သွယ်သည့် ပြည်ငြိမ်းချမ်းသာမူးမြစ်ကူးတံတားဖွင့်ပွဲနှင့် ကန့်ဘလူ ခရိုင် တရားရုံးနှင့် မြို့နယ်တရားရုံးဖွင့်ပွဲများပြုလုပ်

ကန့်ဘလူမြို့နယ်၊ မိုးကောင်းကျေးရွာနှင့် တန့်ဆည်မြို့နယ်၊ ကျွန်းလည်ကျေးရွာ တို့အား ဆက်သွယ်သည့် ပြည်ငြိမ်းချမ်းသာမူးမြစ်ကူးတံတားဖွင့်ပွဲနှင့် ကန့်ဘလူ ခရိုင် တရားရုံးနှင့် မြို့နယ်တရားရုံးဖွင့်ပွဲများပြုလုပ်

နေပြည်တော်၊ မတ် - ၃၁

  စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ ညောင်ပင်ကြီး ကျေးရွာအုပ်စု၊ မိုးကောင်းကျေးရွာနှင့် ရေဦးခရိုင်၊ တန့်ဆည်မြို့နယ်၊ ကျွန်းလည် ကျေးရွာတို့အား ဆက်သွယ်သည့် ပြည်ငြိမ်းချမ်းသာ မူးမြစ်ကူးတံတားဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါမူးမြစ်ကူးတံတားမုဒ်ဦးရှေ့၌ ပြုလုပ်ရာ စစ်ကိုင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများတက်ရောက်ကြသည်။

      ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အဖွင့်အမှာစကား ပြောကြားပြီး ကန့်ဘလူမြို့နယ်၊ မြေထူးကျေးရွာအုပ်စု၊ မှော်တော်ကျေးရွာ သာသနာ့အလင်းရောင်ကျောင်းတိုက် ဆရာတော်က ကျေးဇူးတင်စကားမိန့်ကြား သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ပြည်ငြိမ်းချမ်းသာ မူးမြစ်ကူးတံတားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တံတား အား လိုက်လံကြည့်ရှုကြသည်။

      အဆိုပါ တံတားမှာ  တံတားအရှည် ၁၅၀၀ ပေနှင့် အကျယ် ၂၀ ပေရှိပြီး စုစုပေါင်းကုန်ကျငွေကျပ်သိန်းပေါင်း ၁၅၀၀ ဖြစ်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငွေကျပ်သိန်း ၅၀၀ နှင့် ပြည်သူလူထုမှ လှူဒါန်းငွေကျပ်သိန်း ၁၀၀၀ ဖြင့် အကုန်အကျခံတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

      ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ ကန့်ဘလူခရိုင်တရားရုံးနှင့် မြို့နယ် တရားရုံးဖွင့်ပွဲသို့ သွားရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊  တိုင်းမှူးနှှင့်  တာဝန်ရှိသူများသည်    ကဗ္ဗည်း မော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးပြီး အဆာက်အဦအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြသည်။

   ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အဆိုပါအစည်းအဝေးခန်းမ၌ အမှာစကားပြောကြားပြီး တာဝန်ရှိသူတစ်ဦးက ရုံးအဆောက်အဦနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် ရွှေပင်အောင်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦး က အဆောက်အဦနှင့် သက်ဆိုင်သော စာရွက်/စာတမ်းများကို တိုင်းဒေသကြီး တရားရေးဦးစီးမှူးထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။