လူကုန်ကူးမှုပပျောက်ရေး ဝိုင်းဝန်းဆောင်ရွက်ပေး

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဧပြီ ၁ ရက်)

လူကုန်ကူးမှုပပျောက်ရေး ဝိုင်းဝန်းဆောင်ရွက်ပေး

 မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ စတုတ္ထ(၅)နှစ်စီမံကိန်းကာလမှာ ၂၀၂၂ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိဖြစ်သည်။ မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ (၅)နှစ်စီမံကိန်းအကောင်အထည်ဖော်ရေး လုပ်ငန်းအဖွဲ့အစည်းအဝေးကို မတ် ၂၈ ရက် က မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ရဲချုပ်ရုံးအစည်းအဝေး ခန်းမ(၁)၌ကျင်းပခဲ့သည်။ စီမံချက်ပါ လုပ်ငန်းစဉ်များနှင့် လုပ်ငန်း ဆောင်ရွက်ချက်များကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်၊ တွေ့ကြုံရသည့် အခက်အခဲများနှင့် စိန်ခေါ်မှုများကို ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်မည့်အခွင့်အလမ်းများကို အကြံပြုဆွေးနွေးကြရန် ရည်ရွယ်၍ အစည်းအဝေး ကျင်းပခြင်းဖြစ် ကြောင်းသိရှိရသည်။

လူကုန်ကူးမှုတားဆီးကာကွယ်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်  ထိရောက်စွာအကောင်  အထည်ဖော်နိုင်ရန်လိုအပ်သည်။ လူကုန်ကူးမှုခံရသူများတွင် တူညီသောအချက်မှာ သတင်းအမှားများဖြင့် လိမ်လည်လှည့်ဖြားခံရခြင်းသည် အဓိကအချက် တစ်ရပ်ဖြစ်ကြောင်း သိရှိနိုင်သည်။ ပြောင်းလဲတိုးတက်နေသော အင်တာနက်နည်းပညာများကို အသုံးပြု၍ လူကုန်ကူးသူများက လူသစ်စုဆောင်းမှုများ ပြုလုပ်လာကြသည်။ အလုပ်အကိုင်အခွင့်အလမ်းများ၊ မက်မောဖွယ်ငွေကြေးများဖြင့် ဆွဲဆောင်စည်းရုံးကာ လူကုန်ကူးမှုကို ကျူးလွန်နေကြသည်။ နိုင်ငံခြားသားများအနေဖြင့် ကွန်ပျူတာ၊ နည်းပညာနှင့် ဆက်စပ်သည့် အလုပ်လုပ်ကိုင်ရန် အွန်လိုင်းမှတစ်ဆင့် လစာကောင်းသည့် အလုပ်ရမည်ဟု ပြောဆိုစည်းရုံး၍ လိမ်လည်ခေါ်ဆောင်မှုများကို ပြည်သူများအနေဖြင့် လုံးဝယုံကြည်မှုမရှိရန် လိုအပ်သည်။

 စဉ်းစားတွေးခေါ်ဉာဏ်နည်းပါးသူတို့မှာ  လိမ်လည်လှည့်ဖြားသူတို့၏ ဖြားယောင်းမှုကွန်ရက်တွင်  အားကိုးတကြီးဖြင့် လိုက်ပါသွား တတ်ကြရာမှ လူကုန်ကူးခံကြရခြင်း ဖြစ်သည်။ လူကုန်ကူးမှုဆိုသည်မှာ ပုဂ္ဂိုလ်တစ်ဦးဦးသည် အခြားပုဂ္ဂိုလ်တစ်ဦးဦးကို ထိုသူ၏ သဘောတူညီချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ခေါင်းပုံဖြတ်မှုပြုရန်အလို့ငှာ ခြိမ်းခြောက်ခြင်း၊ အင်အားသုံးခြင်း သို့မဟုတ် အခြားနည်းဖြင့်အနိုင်အထက် ပြုခြင်း၊ သွေးဆောင်ခေါ်ယူခြင်း၊ လိမ်လည်ခြင်း၊ လှည့်ဖြားခြင်း၊ လုပ်ပိုင်ခွင့် သို့မဟုတ် အခွင့် အာဏာကို အလွဲသုံးစားပြုခြင်း၊ ဘဝရပ်တည်ရန်ခက်ခဲနေသော အခြေအနေကို အခွင့်ကောင်းယူ၍ အလွဲသုံးစားပြုခြင်း၊ ထိုသူအပေါ် ချုပ်ကိုင်နိုင်သူ သို့မဟုတ် တစ်နည်းနည်းလွှမ်းမိုးနိုင်သူ၏သဘောတူညီချက်ရရှိရန် ငွေကြေး၊ ပစ္စည်း သို့မဟုတ် အခြားအကျိုးအမြတ် တစ်စုံတစ်ရာကိုပေးခြင်း သို့မဟုတ် လက်ခံရယူခြင်းတို့ကို အသုံးပြု၍ လည်းကောင်း၊ အထက်ပါနည်းလမ်းများနှင့် အကျုံးဝင် သက်ဆိုင်ခြင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ  ကလေးသူငယ်အား ခေါင်းပုံဖြတ်မှုတစ်ခုခု ပြုလုပ်ရာတွင်လည်းကောင်း သိမ်းသွင်း စုဆောင်းခြင်း၊ သယ်ယူ ပို့ဆောင်ခြင်း၊ လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ငှားရမ်းခြင်း၊ ငှားယူခြင်း၊ ခိုလှုံခွင့်ပေးခြင်း သို့မဟုတ် လက်ခံခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ခြင်း ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေကို ၂၀၂၂ ခုနှစ် ဇွန် ၁၆ ရက်တွင် ပြဋ္ဌာန်းခဲ့သည်။ ထိုဥပဒေ၏ ရည်ရွယ်ချက်တွင် လူကုန်ကူးမှုများအား အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ထိရောက်စွာ တားဆီးနှိမ်နင်းရန်၊ လူကုန်ကူးခံရသူအားလုံးကို ကာကွယ်စောင့်ရှောက်ရန်၊ အထူးသဖြင့် လူကုန်ကူးခံရသူ အမျိုးသမီးနှင့် ကလေး သူငယ်များအား အလေးဂရုပြု၍ကာကွယ်ရန်နှင့် အကူအညီပေးရန်၊ လူကုန်ကူးမှုကျူးလွန်သူများအား ထိရောက်မြန်ဆန်စွာ စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိုက်သင့်သော ပြစ်ဒဏ်များချမှတ်ခြင်းဖြင့် လူကုန်ကူးမှုများ လျော့နည်းပပျောက်စေရန်၊ လူကုန်ကူးခံရသူများကို ကယ်ဆယ်ရေး၊ ပြန်လည်လက်ခံရေး၊ ကာကွယ်စောင့်ရှောက်ရေး၊ အကူအညီပေးရေး၊ ပြန်လည် ထူထောင်ရေးနှင့် ၎င်းတို့အား လူမှုအသိုင်းအဝိုင်းအတွင်းသို့ ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက် နိုင်ရန်၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးနှင့် စပ်လျဉ်း၍ နိုင်ငံတော်ကလက်ခံထားသော အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းများ၊ ပရိုတိုကောလ်များ၊ ဒေသတွင်းနိုင်ငံများ၊ ဒေသခွဲတွင်းနိုင်ငံများနှင့် ချုပ်ဆိုထားသည့်စာချုပ်များ၊ နှစ်နိုင်ငံသဘောတူ စာချုပ်များနှင့် အညီ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့်လည်းကောင်း၊ အဖွဲ့ဝင်နိုင်ငံများနှင့်လည်းကောင်း ဆက်သွယ်ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေကိုပြဋ္ဌာန်းခြင်းဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် မြန်မာနိုင်ငံအတွင်း အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး(MSME)လုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်နေသည့်အတွက် မိမိနိုင်ငံတွင် အလုပ်အကိုင် အခွင့်အလမ်း များလည်း ပေါများလာနေပြီဖြစ်သည်။ ပြည်သူများအနေဖြင့် ပြည်ပသို့သွားရောက် အလုပ်လုပ်ကြမည့်အစား မိမိနိုင်ငံအတွင်း နေထိုင်လုပ်ကိုင်ခြင်းက  လုံခြုံစိတ်ချမှုရှိမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းများကို (၅)နှစ် စီမံကိန်း များဖြင့် တိုက်ဖျက်ဆောင်ရွက်လျက်ရှိသည်။ ပြည်သူများအနေဖြင့် ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်အရေးယူရာတွင် ပူးပေါင်း ပါဝင်သတင်းပေးကူညီခြင်းကို အမျိုးသားရေး အသိစိတ်ဓာတ်ဖြင့် ပါဝင်ကြရန်လိုပေသည်။ ပြည်ပသို့ အလုပ်အကိုင်သွား ရောက်လုပ် ဆောင်မည်ဆိုပါက နိုင်ငံအချင်းချင်း ချိတ်ဆက်ထားသည့် တရားဝင်လမ်းကြောင်းမှ သွားရောက်ကြရန်ဖြစ်သည်။ သို့မှသာ လူကုန်ကူးခံရခြင်း အန္တရာယ်မှကင်းဝေးမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။