အစားအသောက်ဖူလုံဘေးကင်းဖို့ MSME များကို အားပေးကူညီစို့
၂၀၂၂ ခုနှစ် အောက်တိုဘာလတွင်ကျင်းပခဲ့သော (မြန်မာ့ဆန်စပါးညီလာခံ - ၂၀၂၂) တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးဆိုသည့် အမျိုးသားရေးလုပ်ငန်းစဉ် (၂)ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့နိုင်ငံ၏လူဦးရေ ၇၀ ရာခိုင်နှုန်းခန့် သည် လယ်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေကြပြီး စိုက်ပျိုးမွေးမြူရေးကိုအခြေခံ၍ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက် အောင်ဆောင်ရွက်နေသော နိုင်ငံဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရကလည်း နိုင်ငံသူနိုင်ငံသားများအားလုံး စားရေရိက္ခာဖူလုံရေး၊ အာဟာရပြည့်ဝစွာရရှိရေး၊ အစားအစာဘေးကင်း လုံခြုံမှုရှိစေရေးတို့ကို ဦးစားပေးဆောင်ရွက် ပေးလျက်ရှိပါကြောင်း” လမ်းညွှန် မှာကြားခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်အပေါ်၌ ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့် စိုက်ခင်းမှသည် စားသုံးသည်အထိ အစားအသောက်ကွင်းဆက် တစ်လျှောက် အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေး (Food Safety) အတွက် အဓိကပါဝင် ဆောင်ရွက်လျက်ရှိရာ အသင့်ထုပ်ပိုးထားသော အစားအသောက်များနှင့် ပတ်သက်၍ ပြည်ပမှတင်သွင်းလာသော အစားအသောက်များအားလုံးသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် သွင်းကုန်ထောက်ခံချက်၊ သွင်းကုန်ကျန်းမာရေး ထောက်ခံချက်များ မဖြစ်မနေ လျှောက်ထား ရမည်ဖြစ်သည်။ ပြည်တွင်း အစားအသောက်လုပ်ငန်းများအနေဖြင့် မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် (၅၂၄/၂၀၂၁) ဖြင့် သတ်မှတ်ခဲ့သည့် ထိန်းချုပ်အစားအသောက်များဖြစ်သော အမှတ်တံဆိပ်ပါ ဘူးသွင်းသောက်ရေသန့်နှင့် အမှတ်တံဆိပ်ပါစားသုံးဆီတို့မှာ အမျိုးသားအစားအသောက် ဥပဒေအရ အစား အသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်ရရှိပြီးမှသာ ထုတ်လုပ်ခွင့်ရရှိမည်ဖြစ်သည်။ ပြည်တွင်းအစားအသောက်လုပ်ငန်းများအား ဈေးကွက် မတင်မီစိစစ်ခြင်းအတွက် ထုတ်လုပ်မှုလုပ်ငန်းစဉ်များ စိစစ်ခြင်း၊ ထုတ်ကုန်အရည်အသွေး စစ်ဆေးခြင်း၊ သတ်မှတ်ချက် များနှင့် ကိုက်ညီမှုရှိပါက ထောက်ခံချက်များထုတ်ပေးခြင်း၊ ဈေးကွက်တင်ပြီးနောက် စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းသည့် အစားအသောက်များ ရရှိနိုင်မှုအတွက် ပြည်တွင်း/သွင်းကုန်အစားအသောက်များအား ဈေးကွက် ထောက်လှမ်း စစ်ဆေးခြင်းနှင့် အရေးယူဆောင်ရွက်ခြင်းများလုပ်ဆောင်လျက်ရှိသည်။
ဈေးကွက်မတင်မီ စိစစ်ရာတွင် အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အရည်အသွေးကိုက်ညီမှုဆိုင်ရာ အကဲဖြတ် ခြင်း (Conformity assessment) လုပ်ဆောင်ရာ၌ ထုတ်လုပ်မှုနည်းစဉ် စိစစ်ခြင်းနှင့် ထုတ်ကုန်စိစစ်ခြင်းများအား ဆောင်ရွက် လျက်ရှိသည်။ နိုင်ငံတကာမှ လက်ခံကျင့်သုံးလျက်ရှိသော ကိုဒက်စံချိန်စံညွှန်းကော်မရှင်ပါ စံချိန်စံညွှန်းများအရ ထုတ်လုပ်မှု နည်းစဉ်များ စိစစ်ရာ၌ အစားအသောက်လုပ်ငန်းနှင့် သက်ဆိုင်သည့် မြေနေရာ၊ ပတ်ဝန်းကျင်၊ အဆောက်အအုံဒီဇိုင်း၊ လုပ်ငန်း ဥပစာနှင့် ထုတ်လုပ်မှုအခန်းများ၊ အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းမှုအတွက် စီမံထားရှိမှုများ၊ လုပ်ငန်းအား ပြုပြင် ထိန်းသိမ်းမှုနှင့် သန့်ရှင်းရေးဆောင်ရွက်ထားရှိမှုများ၊ အစားအသောက်ကိုင်တွယ်သူများ၏ တစ်ကိုယ်ရေသန့်ရှင်းမှုနှင့် ကျန်းမာရေး ဆိုင်ရာ အချက်အလက်များ၊ အစားအသောက်သယ်ယူပို့ဆောင်မှုများ၊ စားသောက်ကုန်အမှတ်တံဆိပ်များ၊ အချက် အလက်များနှင့် စားသုံးသူအား အသိပညာပေးရန် ဆောင်ရွက်ထားရှိမှုများ၊ ဝန်ထမ်းများအား အစားအသောက်သန့်ရှင်းရေးဆိုင်ရာ အခြေခံသင်တန်း များနှင့် လေ့ကျင့်ရေးအစီအစဉ်များ ပံ့ပိုးပေးမှု ရှိ/မရှိ စသည့် အချက်များအား အခြေခံစိစစ်လျက်ရှိသည်။
ယင်းသို့စိစစ်ရာတွင် ၂၀၂၂ ခုနှစ် ဇွန်လမှစ၍ ပြည်တွင်းအစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်များကို E-submission system ဖြင့် www.fda.gov.mm တွင် လျှောက်ထားနိုင်ခြင်းအားဖြင့် လုပ်ငန်းရှင်များ၏ လူကိုယ်တိုင် လာရောက် လျှောက်ထားခြင်း ကို လျှော့ချနိုင်ခြင်း၊ လျှောက်ထားချိန်၌ လျှောက်ထားမှုလမ်းညွှန် (Applicants user guide) ကို သေချာစွာဖတ်ရှု၍ လိုအပ်ချက် များကို သေချာသိရှိပြီး လျင်မြန်စွာလျှောက်ထားနိုင်ခြင်း၊ လိုအပ်ချက်များ အကြောင်းပြန်ကြားရာ၌ Online မှတစ်ဆင့် အကြောင်း ပြန်ကြားခြင်းဖြစ်၍ ရုံးလုပ်ငန်းအား အချိန်တိုအတွင်း ဆောင်ရွက်နိုင်ခြင်း၊ စာရွက်အသုံးပြုမှု လျှော့ချနိုင်ခြင်းနှင့် လုပ်ငန်းရှင်/ လျှောက်ထား သူများထံသို့ အချိန်နှင့်တစ်ပြေးညီ အကြောင်းကြားနိုင်ခြင်းကြောင့် မလိုလား အပ်သော ကြန့်ကြာမှုများ လျှော့ချနိုင်ခြင်း၊ စိစစ်ခများပေးသွင်းရာတွင်လည်း Online စနစ်ဖြင့် အချိန်မရွေး၊ နေရာမရွေး ပေးသွင်းနိုင်ခြင်းကြောင့် အချိန်ကုန် လူပန်းအခြေအနေများ လျှော့ချနိုင်ခြင်း၊ စက်ရုံ/အလုပ်ရုံစစ်ဆေးရာတွင်လည်း မည်သည့် စနစ်ကို အခြေခံစစ်ဆေးမည်ကိုသိရှိရ၍ လုပ်ငန်းများမှ မိမိလုပ်ငန်းနှင့်ကိုက်ညီသည့် ထုတ်လုပ်မှုနည်းစဉ်တစ်လျှောက် အလေ့ အကျင့်ကောင်းများ ကျင့်သုံးနိုင်ခြင်းနှင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်သည်။
ထုတ်လုပ်မှုနည်းစဉ်များသတ်မှတ်ချက်နှင့် ကိုက်ညီပါက ထုတ်ကုန်စစ်ဆေးခြင်းအတွက် နမူနာကောက်ယူခြင်း ဆောင်ရွက်သည်။ ထိုသို့ဆောင်ရွက်ရာတွင်လည်း သင့်တင့်မျှတသော ဓာတ်ခွဲစိစစ်ခနှုန်းထားများအား Online စနစ်ဖြင့် အချိန်မရွေး၊ နေရာမရွေး ပေးသွင်းနိုင်ပြီး မလိုလားအပ်သည့် ကြန့်ကြာမှုများအား လျှော့ချနိုင်ခဲ့သောကြောင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနသို့ အစားအသောက် ထုတ်လုပ်ခြင်းထောက်ခံချက်လျှောက်ထားခြင်းအား ယခင်ကထက် ပိုမိုလျင်မြန်စွာ ဆောင်ရွက်ပေး နိုင်လျက်ရှိသည်။
“အစားအသောက် ထုတ်ကုန်များနှင့် ပတ်သက်၍ FDA စည်းကမ်း၊ ခွင့်ပြုချက်များရရှိရန် သတ်မှတ်အရည်အသွေးများ ပြည့်မီရန် လိုကြောင်း၊ မိမိထုတ်လုပ်သည့် စားသောက်ကုန်များ၏ အရည်အသွေးမပြည့်မီမှုများကြောင့် စားသုံးသူများ ဘေးအန္တရာယ်ဖြစ်ပွားမှု မရှိစေရေး လိုအပ်သည့်စစ်ဆေးမှုများကို စနစ်တကျဖြင့်ခံယူပြီးမှသာ ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးကြရမည်ဖြစ်ကြောင်း၊ ကုန်ပစ္စည်း ထုတ်လုပ်သည့်ရက်၊ ကုန်ဆုံးရက်များကိုလည်း စနစ်တကျရိုက်နှိပ်ပေးထားရန် လိုကြောင်း” နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ (၇-၃-၂၀၂၃) ရက်နေ့တွင် ရှမ်းပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးပွဲ၌ မှာကြားထားသကဲ့သို့ပင် အရည်အသွေးပြည့်မီသည့် စားသောက်ကုန်များ ရရှိစေရန်သည် ထုတ်လုပ်သူများအပေါ်တွင် အဓိကမူတည်နေသဖြင့် ထုတ်လုပ် သူများအနေဖြင့် မိမိတို့ထုတ်ကုန်အလိုက် ထုတ်လုပ်မှုနည်းစဉ်များ တစ်လျှောက်ရှိသင့်သည့် အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် (Food Safety Management System) များ စနစ်တကျချမှတ်၍ စီမံထုတ်လုပ်ဆောင်ရွက်ရန် အရေးကြီးသည်။
စားသောက်ကုန်များ၏ အမှတ်တံဆိပ်များတွင် ဖော်ပြရမည့်အချက်များကိုလည်း မြန်မာနိုင်ငံ အစားအသောက်နှင့်ဆေးဝါး အာဏာပိုင်အဖွဲ့မှ ထုတ်ပြန်ထားသော “အသင့်ထုပ်ပိုးထားသော အစားအသောက်များ အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာ အမိန့် ကြော်ငြာစာအမှတ် (၈/၂၀၂၂)” နှင့်အညီ လိုက်နာဖော်ပြရမည်ဖြစ်သည်။ ယင်းအမိန့်ကြော်ငြာစာပါ အခန်း(၃) အပိုဒ် (၅)အရ အစားအသောက်၏ အမှတ်တံဆိပ်ပေါ်တွင် အစားအသောက်အမျိုးအမည်၊ ပါဝင်ပစ္စည်းစာရင်း၊ အသားတင်ပမာဏ၊ အရေအတွက် နှင့် အရည်စစ်အလေးချိန်၊ အမည်နှင့်လိပ်စာ၊ ထုတ်လုပ်သည့် နိုင်ငံ၊ မျိုးတူစု အထောက်အထား၊ ရက်စွဲအမှတ်အသားနှင့် သုံးစွဲရန် အညွှန်းစသည့် အချက် (၈) ချက်အား မဖြစ်မနေဖော်ပြရမည်ဖြစ်သည်။
စားသုံးသူပြည်သူများအနေဖြင့် အာဟာရပြည့်ဝစွာရရှိရေးအတွက် စားသောက်ကုန်ရှိ အမှတ်တံဆိပ်ပေါ်တွင်ပါဝင်သည့် အာဟာရ တန်ဖိုးဇယား (Nutrition Facts Table) ကို ကြည့်ရှုရုံဖြင့် အာဟာရတန်ဖိုး တွက်ချက်ပြီး ရွေးချယ်ဝယ်ယူ စားသောက်နိုင်ရန် ရည်ရွယ်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန အမျိုးသားအာဟာရဌာနခွဲနှင့်ပူးပေါင်းကာ “အသင့်ထုပ်ပိုးထားသော အစားအသောက်များ အာဟာရတန်ဖိုး ဖော်ပြခြင်းဆိုင်ရာ လမ်းညွှန်ချက်” ထုတ်ပြန်နိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ဦးတည်ချက် (၁၂) ရပ်အနက် စီးပွားရေးဦးတည်ချက်ပါ “သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်မြှင့် တင်နိုင်ရေး ဒေသထွက်ကုန်ကြမ်းများကိုအခြေခံသည့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်း (MSME) များကို ရေရှည်အာမခံချက်ရှိအောင် အားပေးကူညီပြီး နိုင်ငံတော်၏ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေး” အတွက် ၂၀၂၂ ခုနှစ် ဧပြီလတွင် ထုတ်ပြန်ခဲ့ပြီးဖြစ်သည့် “အမျိုးသားအဆင့် အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးမူဝါဒ (National Food Safety Policy)” နှင့်အညီ ကျန်းမာရေး ဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် အစိုးရအဖွဲ့အစည်းများအချင်းချင်း လိုက်လျောညီထွေဖြစ်ပြီး တစ်သမတ် တည်းထိရောက်သော နည်းနာကျ စည်းမျဉ်းစည်းကမ်းများဖြင့် ထိန်းကျောင်းကွပ်ကဲနိုင်ရေးရှေးရှု၍ သက်ဆိုင်ရာအစိုးရဌာနများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိသည်။
၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂ ရက်တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ဦးဆောင်၍ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရှိ အစား အသောက်ဓာတ်ခွဲခန်းများ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရှိ Commodity Testing and Quality Management (CTQM) ဓာတ်ခွဲခန်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက် လျက်ရှိသော ပြင်ပဓာတ်ခွဲခန်း ဖြစ်သည့် Myanmar Inspection and Testing Services Ltd (MITS) ဓာတ်ခွဲခန်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနရှိ အစားအသောက်စစ်ဆေးသည့် ဓာတ်ခွဲခန်းများ၊ မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်ကြီးများအသင်း (UMFCCI) ရှိ Food Industries Development Supporting Laboratory (FIDSL) ဓာတ်ခွဲခန်းများ နှင့် မြန်မာနိုင်ငံ အစားအသောက် ဓာတ်ခွဲခန်းကွန်ရက် (Myanmar Food Laboratory Network) တွင် ပါဝင်သည့် ဓာတ်ခွဲခန်းများတွင် စားသုံးဆီ အရည်အသွေး စစ်ဆေးတိုင်းတာမှုများ တစ်ပြေးညီ ကျင့်သုံးနိုင်စေရန်ရည်ရွယ်၍ “စားသုံးဆီ အရည်အသွေး စစ်ဆေးမှုဆိုင်ရာ သင်တန်း” အား နှစ်ပတ်တိုင်ပို့ချပေးခဲ့ပြီး ယခုကဲ့သို့ အစားအသောက်အရည်အသွေး စစ်ဆေးမှုဆိုင်ရာသင်တန်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်သွားနိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိသည်။ ထို့ပြင် မြန်မာနိုင်ငံ အစားအသောက်ဓာတ်ခွဲခန်းကွန်ရက်မှ အသိအမှတ်ပြု ထားသော အစားအသောက် စစ်ဆေးသည့် ဓာတ်ခွဲခန်းများမှ စစ်ဆေးချက်များကိုလည်း အစားအသောက် ထုတ်လုပ်ခြင်း ထောက်ခံချက်ထုတ်ပေးရာ၌ လက်ခံအသိအမှတ် ပြုသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီး ဌာနအောက်ရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် စက်မှုဝန်ကြီးဌာနတို့နှင့်ပူးပေါင်း၍ အသေးစား၊ အငယ်စား၊ အလတ်စား စားသောက်ကုန်လုပ်ငန်းများကို (MSME) များအား အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက် လျှောက်ထားမှု ဆိုင်ရာ သိကောင်းစရာများမျှဝေခြင်း၊ အစားအသောက်အရည်အသွေး စစ်ဆေးမှုဆိုင်ရာ အသိပညာပေးခြင်း၊ အစားအသောက်ထုတ်လုပ် သည့် ထုတ်လုပ်မှုလုပ်ငန်းစဉ် တစ်လျှောက် အစားအသောက်ဘေးအန္တရာယ်ဖြစ်မှု စာမျက်နှာ အနည်းဆုံးဖြစ်စေရန် လိုအပ်သည့် ထုတ်လုပ်မှုကျင့်စဉ်များ လိုက်နာဆောင်ရွက်နိုင်စေရန်အတွက်လည်း သင်တန်းများ ပို့ချလျက်ရှိသည်။
ထို့ပြင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ပြုလုပ်သည့် အသိပညာပေးသင်တန်းများ၌ အစားအသောက်တွင် သုံးစွဲခွင့်မပြုသည့် ဓာတုတာရှည်ခံဆေးများ (ဥပမာ- ပဲပြား/အမဲသွေးများတွင် ကြာရှည်ခံစေရန် မှားယွင်းအသုံးပြုသည့် ဖော်မလင်)၊ သတ်မှတ်ပမာဏအတွင်းသာ သုံးစွဲခွင့်ပြုသည့် ဓာတုတာရှည်ခံဆေးများ (ဥပမာ- ဆိုဒီယမ်ဘန်ဇိုရိတ်)၊ အစားအသောက်တွင် သုံးစွဲခွင့်ပြုသည့် သဘာဝဆိုးဆေးများ ဥပမာ- အနီရောင်မုန်လာဥနီမှရသည့် အရောင် (Carotene)၊ အဝါရောင် နနွင်းမှရသည့် အရောင် (Turmeric) နှင့် သုံးစွဲခွင့်ပြုသည့် ဓာတုဆိုးဆေးများ၊ အနီရောင် ပေါ်စီဖိုးအာ (Ponceau 4R)၊ အဝါရောင် (Sunset Yellow)၊ သုံးစွဲခွင့်မပြုသည့် ဓာတုဆိုးဆေးများ ဥပမာ - လက်ဖက်နှင့်ငါးပိတွင် အရောင်လှစေရန် မှားယွင်း အသုံးပြုလေ့ရှိသည့် အဝတ် အထည်ဆိုးဆေးများဖြစ်သော အော်ရာမင်အို (Auramine O)၊ ရိုဒါမင်ဘီ (Rhodamine B) စသည့် အစားအသောက်တွင် သုံးစွဲရန် မသင့်သည့် ဓာတုဆေးများ/ဆိုးဆေးများ၊ သုံးစွဲသင့်သည့် နည်းလမ်းများနှင့် အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ စသည်တို့ကိုလည်း သင်ကြားပို့ချပေးလျက်ရှိသည်။
(၁၅-၁-၂၀၂၃) ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME) လုပ်ငန်းရှင်များအား တွေ့ဆုံပွဲနှင့် (၁၆-၁-၂၀၂၃) ရက်တွင်လဟယ်မြို့၌ ပြုလုပ်သည့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ဖွံ့ဖြိုး တိုးတက်ရေး အစည်းအဝေးပွဲတို့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှာကြားချက်အပေါ် ညွှန်ကြားရေးမှူး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဟုမ္မလင်း ခရိုင်၊ လဟယ်ခရိုင်၊ ခန္တီးခရိုင်၊ မုံရွာခရိုင်အတွင်းရှိ ကုသရေးဦးစီးဌာနမှ တာဝန်ခံများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများမှ တာဝန်ခံများ၊ အစားအသောက်လုပ်ငန်းရှင် ၆၂ ဦးတို့အား Zoom ဖြင့်(၁၃-၂-၂၀၂၃) ရက်မှစ၍ (၁၅-၂-၂၀၂၃) ရက်အထိ သင်တန်းပို့ချခဲ့ပြီး ဆက်လက်၍ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများနှင့် ပူးပေါင်း၍ အသေးစား၊ အငယ်စား၊ အလတ်စား စားသောက်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ထုတ်လုပ်သည့် အစားအသောက်များ အရည်အသွေးပြည့်မီစေရေးနှင့် အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် သင်တန်းများ စဉ်ဆက်မပြတ်ပို့ချနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
အသေးစား၊ အငယ်စား၊ အလတ်စား စားသောက်ကုန်လုပ်ငန်းများသည် ဒေသတွင်းထွက်ကုန်များကို အခြေခံထုတ်လုပ်ခြင်းဖြစ်၍ ဒေသထွက် အစားအသောက်များအား တန်ဖိုးမြှင့်စားသောက်ကုန်များအဖြစ် ထုတ်လုပ်နိုင်သည့်အပြင် ဘေးအန္တရာယ်ကင်းပြီး အရည်အသွေးစိတ်ချရသော စားသောက်ကုန်များထုတ်လုပ် လာနိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနမှ ပို့ချလျက်ရှိသည့် သင်တန်းများအား တက်ရောက်လေ့လာခြင်း၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၏ official webpage www.fda.gov.mm တွင် ဝင်ရောက်လေ့လာ၍ ချမှတ်ထားသော ဥပဒေ၊ နည်းဥပဒေများ၊ လမ်းညွှန်ချက်များ၊ အမိန့်ကြော်ငြာစာများအား လက်တွေ့လိုက်နာကျင့်သုံးခြင်းဖြင့် ဘေးအန္တရာယ်ကင်းပြီး အရည်အသွေး စိတ်ချရသော စားသောက်ကုန်များအား ထုတ်လုပ်လာနိုင်မည်ဖြစ်သည်။ သို့ဖြစ်ပါက မြန်မာနိုင်ငံအတွင်း အစားအသောက်ဖူလုံ၍ ဘေးကင်းသည့် အစားအသောက်များ ရရှိနိုင်သည့်အတွက် ပြည်သူလူထုအနေဖြင့် သက်ရှည်ကျန်းမာမည့်အပြင် ကုန်ထုတ်လုပ်သူ များအနေဖြင့် ပြည်တွင်းဈေးကွက်သာမက နိုင်ငံတကာဈေးကွက်သို့ အရည်အသွေးမီသော စားသောက်ကုန်များအား တင်ပို့ရောင်းချ နိုင်ကာ ကုန်ထုတ်လုပ်သူများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံ့စီးပွားရေး အရှိန်အဟုန်မြှင့် တိုးတက် လာစေရန် အထောက် အကူပြုမည်ဖြစ်ပါသဖြင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအား ဆက်လက် အားပေးကူညီသွားပါစို့ဟု တိုက်တွန်းလျက်-----။ ။
ဒေါက်တာဝင်းလဲ့ဖြူ