ဆေးဖက်ဝင်အပင်များနှင့် အဓိကပျောက်ကင်းနိုင်သောရောဂါများ
ပြည်ပန်းညို
မျိုးရင်း- Caesalpiniaceae (စိန်ပန်းမျိုးရင်း)
ရုက္ခဗေဒအမည် - Cassia glauca Lam
အဓိကဆေးဖက်ဝင်ပုံ
ချောင်းဆိုး၊ အသံဝင်၊ အသံပျက်၊ လည်ချောင်းနာ၊ ဆီးပူ၊ ဆီးအောင့်ရောဂါ၊ ညောင်းကျရောဂါ၊ လေထိုးလေအောင့်ရောဂါ၊ လေလုံးရောဂါ၊ အဖျားရောဂါ၊ သွေးဝမ်းရောဂါနှင့် ဆီးချိုရောဂါများအတွက် အသုံးပြု
နိုင်သည်။
ပေါက်ရောက်သည့်ဒေသ
မြန်မာနိုင်ငံအနှံ့အပြား၌ သဘာဝအလျောက်ပေါက်ရောက်သည်။
ဆေးဖက်ဝင်အစိတ်အပိုင်း
အရွက်၊ အခေါက်၊ အမြစ်။
အပင်ပုံသဏ္ဌာန်
အပင်
အပင်ငယ်မျိုးဖြစ်ပြီး အမြင့် ၁၀ ပေကျော်ရှိသည်။
အကိုင်းအခက်များ၍ အစိမ်းရောင်တောက်ပြောင်သော အရောင်ရှိသည်။
အရွက်
ရွက်ပေါင်းဖြစ်ပြီး ရွက်လွှဲထွက်သည်။ ၅ လက်မမှ ၉ လက်အထိရှည်သည်။ ရွက်မြွှာများ ရွက်ဆိုင်ထွက်ပြီး ထိပ်ဝိုင်းသည်။ ရွက်ပြားချော၍ ရွက်နားညီသည်။ သေးငယ်သောရွက်စွယ်ပါရှိသည်။
အပွင့်
အပွင့်ကြီးသည်။ တောက်ပသောအဝါရောင်ရှိသည်။ ဝါဆိုနှင့် ဝါခေါင်လတို့တွင်ပွင့်သည်။
အသီး
သီးတောင့်ရှည်မျိုးဖြစ်၍ ၆ လက်မမှ ၈ လက်မအထိရှည်သည်။ ပြား၍ပါးလှပ်ပြီး ပြောင်ချောသည်။အစေ့ ၂၀ မှ ၃၀ အထိပါရှိသည်။ တော်သလင်းလမှ တန်ဆောင်မုန်းလအတွင်းသီးသည်။
ဆေးကျမ်းများအဆို မြန်မာဆေးကျမ်းများအဆိုအရ ပြည်ပန်းညိုသည် အေး၏။ အရသာဖန်ခါး၏။ ဆီးကိုများစေ၍ ညောင်းကျရောဂါကို ပျောက်ကင်းစေနိုင်၏။
ဂုဏ်နှင့်စွမ်းရည်
အရွက်ကိုကြိတ်၍ နို့ရည်၊ သကြားတို့နှင့်သောက်လျှင် ဆီးအောင့်ရောဂါ၊ ဆီးတွင်ပြည်ပါသောရောဂါတို့ကို ပျောက်ကင်းစေသည်။ အရွက်နှင့်အခေါက်ကို ဆီးချိုရောဂါနှင့် ဆီးတွင်ပြည်ပါသောရောဂါတို့အတွက် အသုံးပြုနိုင်သည်။
ဆေးဖက်ဝင်အသုံးပြုပုံ
ဆီးအောင့်ရောဂါ၊ ဆီးပူ၊ ညောင်းကျရောဂါများ ဖြစ်လျှင် အရွက်ကိုကြိတ်၍ ညှစ်ယူပြီး ရသောသတ္တုရည်ကို နို့ရည်၊ သကြားတို့နှင့်ရောသောက်လျှင်ဆီးအောင့်ရောဂါနှင့် ညောင်းကျရောဂါတို့ကို ပျောက်ကင်း စေနိုင်သည်။
ချောင်းဆိုးရက်ကြာပြီး အသံဝင်လျှင် ပြည်ပန်းညိုရွက်ကို ဟင်းချိုချက်သောက်ပါက အသံဝင်သက်သာစေနိုင်သည်။
အသံကောင်းလိုသူများသည် ပြည်ပန်းညိုရွက်ကို အခြောက်လှန်း၍ လက်ဖက်ခြောက်ကဲ့သို့ ရေနွေးတွင်ခတ်သောက်လျှင် အသံကောင်းစေနိုင်သည်။
အဖျားပြတ်ပြီးနောက် အစားအသောက်မစားချင်ဘဲ ခံတွင်းမလိုက်ဖြစ်နေလျှင် ပြည်ပန်းညိုရွက်ကို ပြုတ်ပြီး ပုစွန်ခြောက်နှင့်သုပ်စားပါက အစာစားချင် စိတ်ကိုဖြစ်ပေါ်လာစေနိုင်သည်။
ဆီးချိုရောဂါ၊ ညောင်းကျရောဂါများဖြစ်လျှင် ပြည်ပန်းညိုပင်၏အခေါက်ကိုပြုတ်၍ အကြမ်းပန်းကန် တစ်လုံးစာ နံနက်၊ ည သောက်သုံးပေးပါက ရောဂါများ သက်သာပျောက်ကင်းစေနိုင်သည်။
လေပူထရောဂါ၊ ဆီးပူရောဂါများဖြစ်ပါက ပြည်ပန်းညိုပင်၏အခေါက်ကို အခြောက်လှန်း၍ အမှုန့်ထောင်းပြီး ဆေးအဖြစ်စားသုံးပါက သက်သာပျောက်ကင်းစေနိုင်သည်။
ဝမ်းပျက်ရောဂါ၊ ဝမ်းကိုက်ရောဂါ၊ သွေးဝမ်းရောဂါများဖြစ်ပါက ပြည်ပန်းညိုရွက်ကို ဟင်းချိုချက်သောက်ပါက သက်သာပျောက်ကင်းစေနိုင်သည်။
အိပ်မပျော်သောရောဂါ၊ ရင်ပူ၊ နှလုံးပူရောဂါ၊ သည်းခြေပျက်ရောဂါများဖြစ်ပါက ပြည်ပန်းညို ရွက်ပြုတ်ရည်ကို ပျားရည် သို့မဟုတ် သကြားအနည်း ငယ်ရောစပ်ပြီး တိုက်ကျွေးပါက ရောဂါများသက်သာ ပျောက်ကင်းစေနိုင်သည်။
ပူပြင်းသောရာသီတွင် သောက်ရေအိုးငယ်ထဲ၌မန်ကျည်းဖျော်ရည်ကိုထည့်ပြီး အိုးအပြင်မှ ပြည်ပန်းညိုရွက်များ၊ အကိုင်းအခက်များကိုပတ်၍ ချည်ထားပေးလျှင် အေးမြသောမန်ကျည်းဖျော်ရည်ကို သောက်သုံးနိုင်သည်။
ပွေးကိုင်း
အင်္ဂလိပ်အမည် - Indian Senna
မျိုးရင်း- Caesalpiniaceae (စိန်ပန်းမျိုးရင်း)
ရုက္ခဗေဒအမည် - Cassia AngustifoliaVahl
အဓိကဆေးဖက်ဝင်ပုံ
ဝမ်းချုပ်ရောဂါ၊ အဖျဉ်းရောဂါ၊ ဒူလာရောဂါ၊
အဆစ်အမျက်ကိုက်ခဲသောရောဂါ၊ နူနာရောဂါများအတွက် အသုံးပြုနိုင်သည်။
ပေါက်ရောက်သည့်ဒေသ
မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသများ၌ စိုက်ပျိုးပေါက်ရောက်နိုင်သည်။ တစ်နှစ်လျှင် မိုးရေချိန်လက်မ ၄၀ ထက်ပိုသည့် အပူချိန် ၅၀ ဒီဂရီဖာရင်ဟိုက်မှ ၁၀၅ ဒီဂရီဖာရင်ဟိုက်ရှိသောဒေသများ၌ ဖြစ်ထွန်းနိုင်သည်။ စိုက်ပျိုးပင်အဖြစ်ပေါက်ရောက်သည်။
ဆေးဖက်ဝင်အစိတ်အပိုင်း
အရွက်၊ အရိုး၊ အမြစ်နှင့် အသီးခွံများကို ဆေးဖော်စပ်ရာတွင် အသုံးပြုသည်။
အပင်ပုံသဏ္ဌာန်
အပင်
အကိုင်းအခက်များသော ပင်ငယ်၊ ပင်ပျော့မျိုးဖြစ်သည်။ အမြင့် ၃ ပေခန့်ရှိ၍ နှစ်ရှည်ခံပင်ဖြစ်သည်။
အရွက်
ရွက်ပေါင်းဖြစ်ပြီး ရွက်လွှဲထွက်သည်။ ရွက်မြွှာများမှာ ငှက်တောင်ပုံသဏ္ဌာန်ရှိ၍ အရင်းသွယ်ပြီး ထိပ်ချွန်သည်။
မျက်နှာချင်းဆိုင်ထွက်၍ ငါးစုံမှ ရှစ်စုံအထိပါရှိသည်။ ရွက်ပြားချော၍ စိမ်းမှိုင်းသောအရောင်ရှိပြီး ရွက်နားညီသည်။
အပွင့်
အဝါရောင်ရှိပြီး ဝါဆိုနှင့်ဝါခေါင်လတို့တွင်ပွင့်သည်။
အသီး
သီးတောင့်ရှည်သည်။ ပြား၍အနည်းငယ်ကွေးပြီး ချောမွေ့သည်။ ချိုသောအရသာရှိသော်လည်း အော့အန်တတ်သည်။ သီတင်းကျွတ်လမှ နတ်တော်လအတွင်း သီးသည်။
ဆေးကျမ်းများအဆိုဆေးကျမ်းများအဆိုအရ ပွေးကိုင်းသည် ချုပ်ခြင်းကို ကင်းဝေးစေတတ်၏။ ဆာလောင်ခြင်းကို ဖြစ်စေတတ်၏။ အသက်ရှူရာတွင် အနံ့မကောင်းခြင်းကို ပျောက်စေတတ်၏။
ဂုဏ်နှင့်စွမ်းရည်
ပွေးကိုင်းသည် ချုပ်ခြင်း၊ ဝမ်းမီးနုံ့ခြင်း၊ အသည်းရောဂါ၊ ဝမ်းဗိုက်ရောဂါ၊ အဖျဉ်းရောဂါ၊ အစာမကြေခြင်း၊ ဝိသမအဖျား၊ ကိုယ်ရေဝါခြင်း၊ ကိုယ်ရေဖျော့ခြင်း စသည်တို့ကို ပျောက်ကင်းစေနိုင်သည်။
ဆေးဖက်ဝင်အသုံးပြုပုံ
ဆံပင်ဖြူလျှင် ပွေးကိုင်းရွက်ရည်ကို ကြိတ်မှန်ရွက်ရည်နှင့်ရော၍သောက်ပါက ဆံပင်ဖြူခြင်းကို သက်သာစေနိုင်သည်။
ဝမ်းချုပ်လျှင် ပွေးကိုင်းအရွက်ကို အခြောက်လှန်း၊ မီးဖြင့်လှော်ပြီး အမှုန့်ပြုလုပ်ပါ။ ထိုအမှုန့်ကို ဝမ်းနုတ်ဆေးဖော်စပ်ရာတွင် ထည့်သွင်းအသုံးပြုနိုင်သည်။
တန်ဆေးလွန်ဘေးဖြစ်သည်။ ပွေးကိုင်းများလျှင် ဝမ်းရစ်ပြီး ဗိုက်နာစေနိုင်သည်။ အသက်အရွယ်၊ အပိန်အဝကို ဆရာက ချင့်ချိန်ပေးသော အတိုင်းသာ သောက်သုံးသင့်သည်။
အဆိပ်သင့်ခြင်းဖြစ်လျှင် ပွေးကိုင်းအမှုန့်ကို ဒိန်ချဉ်ဖြင့်ရော၍တိုက်ကျွေးပါက အဆိပ်များပြယ်စေနိုင်သည်။
ရေဖျဉ်းရောဂါဖြစ်ပြီး ဝမ်းဗိုက်ပူနေလျှင် ပွေးကိုင်းအမှုန့်ကို ဆီးဖြူသီးပြုတ်ရည်နှင့် ရောတိုက်ပါက ဝမ်းသက်ပြီး ရေဖျဉ်းရောဂါကို ပျောက်ကင်းစေနိုင်သည်။
အစာမကြေ၊ လေအောင့်၊ လေခံရောဂါဖြစ်လျှင် ပွေးကိုင်းမှုန့်ကို ချင်းခြောက်မှုန့်နှင့်ရော၍ သောက်သုံးပါက သက်သာပျောက်ကင်းစေနိုင်သည်။
ရင်ဘတ်အောင့်လျှင် ပွေးကိုင်းကို သလဲသီးရည်နှင့်ရောစပ်သောက်သုံးပါက ရင်ဘတ်အောင့်ခြင်းကို ပျောက်ကင်းစေနိုင်သည်။
ကြာရှည်စွဲ၍ဖြစ်သော ခေါင်းကိုက်ရောဂါအတွက် ပွေးကိုင်းကို နွားကျင်ငယ်ရည်နှင့်စိမ်၍ သောက်သုံးပါက ပျောက်ကင်းစေနိုင်သည်။
သည်းခြေဖောက်ပြန်၍ ရူးသောရောဂါ၊ စိတ်မငြိမ်သောရောဂါဖြစ်လျှင် ပွေးကိုင်းမှုန့်ကို သကြားနှင့်ဆတူရော၍ တိုက်ကျွေးပါက သက်သာပျောက်ကင်းစေနိုင်ပါသည်။