ဆိုးလ်ရှားပြီးနောက် လူစားဝင်ပြီး ဟက်ထရစ်သွင်းနိုင်သည့်ကစားသမား ရက်ရှ်ဖို့ဒ်ဖြစ်လာ မာရှယ်ကို ပယ်နယ်တီ ပေးကန်ခဲ့၍ အသင်းခေါင်းဆောင် ဖြစ်လာနိုင်သူဟု ဟားဂရိဗ်ချီးကျူး

မန်ယူအသင်းသည် အောက်တိုဘာ ၂၈ ရက် ည ချန်ပီယံလိဂ်အုပ်စု ဒုတိယပွဲတွင် လိုက်ပဇစ်ကို ငါးဂိုးပြတ် အနိုင်ရခဲ့ရာ ပွဲချိန် ၆၃ မိနစ်တွင် တိုက်စစ်မှူး ဂရင်းဝုဒ်နေရာ၌ လူစားဝင်ကစားပြီး ဟက်ထရစ် သွင်းနိုင်ခဲ့သော ရက်ရှ်ဖို့ဒ်သည် မန်ယူ အသင်းသမိုင်းတွင်   လက်ရှိနည်းပြဆိုးလ်ရှား တစ်ဦးတည်းသာ တင်ထားသော လူစားဝင်ပြီးမှ  ဟက်ထရစ် သွင်းနိုင်သည့်စံချိန်ကို  လိုက်မီခဲ့ပြီး မန်ယူကစားသမားဘဝတွင် ပထမဆုံး ဟက်ထရစ်ဂိုးလည်း ရရှိသွားခဲ့သည်။

ထိုပွဲတွင် ပွဲချိန် ၂၁ မိနစ်ကတည်းက ဂရင်းဝုဒ် က မန်ယူအတွက်  ဦးဆောင်ဂိုးသွင်းပေးခဲ့သော် လည်း လိုက်ပဇစ်အသင်းသည်  မန်ယူဘက်သို့  ထိုးဖောက်မှုများနှင့် ဂိုးသွင်းခွင့်များစွာ ဖန်တီးနိုင်ခဲ့သည်။ သို့သော် ရက်ရှ်ဖို့ဒ် လူစားဝင်လာပြီး နောက် ပွဲချိန် ၇၄ မိနစ်၊ ၇၈ မိနစ်နှင့် ၉၂ မိနစ် တို့တွင် အကောင်းဆုံး အဆုံးသတ်မှုများဖြင့် ဟက် ထရစ်သွင်းနိုင်ခဲ့ပြီး ပွဲချိန် ၈၇ မိနစ်တွင် မန်ယူ ရရှိသော ပယ်နယ်တီပြစ်ဒဏ်ဘောကို မာရှယ်က ကန်သွင်းခဲ့ကာ ရက်ရှ်ဖို့ဒ်သည် ထိုပယ်နယ်တီကို တောင်းကန်ခဲ့လျှင် ထိုကတည်းက ဟက်ထရစ် သေချာမည်ဖြစ်သကဲ့သို့ လေးဂိုးအထိ သွင်းနိုင် ဖွယ်ရှိခဲ့သည်။

ရက်ရှ်ဖို့ဒ်က  အသင်းအတွက်   ပထမဆုံး ဟက်ထရစ်သွင်းနိုင်၍ ပျော်ရွှင်ရကြောင်း တွစ်တာ တွင်  အပြုံးတွေ ရပ်တန့်လို့ မရဘူး။ ဟက်ထရစ်ရဖို့ အချိန်အကြာကြီး စောင့်ခဲ့ရတာ။  ဒီအတွေ့အကြုံကို  ပရိသတ်တွေနဲ့အတူ  ခံစားချင်စိတ် ဖြစ်မိတယ်။ နည်းပြက လူစားဝင်ခိုင်းကတည်းက  တစ်ဖက်ခံစစ်မှာ  နေရာလွတ်တွေရှိလို့  တိုက်စစ်အရှိန်မြှင့်ဖို့ မှာလိုက်တယ်။ တစ်ဖက်အသင်းကို  ထိုးဖောက်တိုင်း  ဂိုးရလုနီးပါး အနေအထားတွေ ဖြစ်ခဲ့ပါတယ် ဟု ရေးတင်ခဲ့သည်။

မန်ယူနည်းပြဆိုးလ်ရှားသည် ၁၉၉၉ ခုနှစ်က နော်တင်ဟမ်ဖောရက်စ်အား ၈ ဂိုး-၁  ဂိုးဖြင့်နိုင် သည့်ပွဲတွင် လူစားဝင်ပြီး မန်ယူအတွက် ဟက်ထရစ် သွင်းခဲ့ခြင်းကို ယခုမှ ရက်ရှ်ဖို့ဒ်က လိုက်မီခဲ့သည့်စံချိန်ဖြစ်သည်။

ထိုပွဲကို အားကစားရုပ်သံများမှ သုံးသပ်တင်ဆက်ကြသော မန်ယူကစားသမားဟောင်းများကလည်း  ရက်ရှ်ဖို့ဒ်ကို  ချီးကျူးခဲ့ကြပြီး  အိုဝင်ဟားဂရိဗ်က ဟက်ထရစ်ရနိုင်မည့် အနေအထားတွင် မာရှယ်ကို ပယ်နယ်တီ ပေးကန်ခဲ့သည့် စိတ်ဓာတ်မှာ အသင်းခေါင်းဆောင်ဖြစ်လာမည့် စိတ်ဓာတ်မျိုးဟု ချီးကျူးပြောဆိုခဲ့သည်။

Ref:Dailymail