အောက်တိုဘာ ၂၈ ရက်ညက အီတလီမြေ တူရင်မြို့၌ ချန်ပီယံလိဂ်အုပ်စု ပွဲစဉ်အဖြစ် ဂျူဗင်တပ်စ်အသင်းနှင့် ဘာစီလိုနာ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ထိုပွဲတွင် ပရိသတ်အားလုံးသည် ဂျူဗင်တပ်စ်တိုက်စစ်မှူး စီရော်နယ်ဒိုနှင့် ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီတို့ကို ပြန်လည်ရင်ဆိုင် တွေ့ဆုံစေလိုသော်လည်း စီရော်နယ်ဒိုသည် COVID-19 ရောဂါ ကူးစက်ခံရပြီး ရောဂါလက္ခဏာ မပြသော်လည်း အချိန်မီရောဂါ မပျောက်သဖြင့် ပါဝင်ခွင့်မရဘဲ ဘာစီလိုနာ အသင်းက မက်ဆီ၏ ခြေစွမ်းပြမှုဖြင့် နှစ်ဂိုးပြတ်အနိုင်ရခဲ့သည်။
ထိုပွဲ၌ မက်ဆီသည် ပွဲချိန် ၁၄ မိနစ်တွင် ဒမ်ဘီလီသွင်းသော ဂိုးကိုဖန်တီးပေးနိုင်ခဲ့ပြီး ပွဲပြီးခါနီးရရှိသောပယ်နယ်တီမှ ကိုယ်တိုင်တစ်ဂိုး ကန်သွင်းယူ နိုင်ခဲ့သည်။ စီရော်နယ်ဒို ရီးယဲလ်မှပြောင်းသွားပြီးနောက် မက်ဆီနှင့် ပထမဆုံး အကြိမ် ပြန်လည်ရင်ဆိုင်ခွင့်ရသည့်ပွဲ၌ ဂျူဗင်တပ်စ်အသင်းသည် ကံဆိုးစွာ စီရော်နယ်ဒိုကို အသုံးမပြုနိုင်ဘဲ အဓိကကစားသမားများ ဖြစ်သော ချီရယ်လီနီနှင့် ဒီလစ်ဂ်တို့ကိုလည်း အသုံးမပြုနိုင်သည့်အပြင် ဂျူဗင်တပ်စ်အတွက် တိုက်စစ်မှူး မိုရာတာသွင်းယူသည့် သုံးဂိုးစလုံးကိုလည်း လူကျွံဘောအဖြစ် သတ်မှတ်ခဲ့၍ ခံပြင်းစရာ ဖြစ်ခဲ့ရသည်။
ဘာစီလိုနာအသင်းသည် ပွဲအပြီး၌ ပရိသတ်တွေအနေနဲ့ တကယ့်အစစ် ထာဝရအကောင်းဆုံးဘောလုံးသမား Greatest Of All Time (GOAT) ကို ဒီပွဲမှာမြင်ခဲ့ကြရလို့ ဂုဏ်ယူမိတယ် ဟု စီရော်နယ်ဒို ခံပြင်းစရာဖြစ်စေရန် အသင်းတွစ်တာ၌ ရေးတင်ခဲ့သည်။
Ref:Mirror