ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ငွေကျပ်သိန်း ၉၀၀၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water ဒသမ ၄ ကီလို ဖမ်းဆီးရမိ
နေပြည်တော် ဧပြီ ၂
မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်ကာလမတိုင်မီ လူငယ်များအား စိတ်ပြောင်းဆေးဝါး Happy Water များ ရောင်းချလျက်ရှိကြောင်းသတင်းအရ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်လ ၃၁ ရက်နေ့ ည ၈ နာရီခွဲအချိန် တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်တွင် သတင်းရရှိထားသူ စိုင်းဦးမောင် ဆိုင်ကယ်ဖြင့်ရောက်ရှိလာ၍ ရှာဖွေခဲ့ရာ ၎င်းထံမှ COLLAGEN စာတန်းပါ ပလတ်စတစ်အိတ်များဖြင့်ထည့်လျက် စိတ်ပြောင်းဆေးဝါး Happy Water ၂ ကီလိုနှင့် Royal-D စာတန်းပါ ပလတ်စတစ်အိတ်များဖြင့်ထည့်လျက် စိတ်ပြောင်းဆေးဝါး Happy Water ၆ ဒသမ ၄ ကီလို၊ စုစုပေါင်း ငွေကျပ်သိန်း ၉၀၀၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water ၈ ဒသမ ၄ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိစိတ်ပြောင်းဆေးဝါး Happy water များကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာလေမြို့မှ တာချီလိတ်မြို့သို့ သယ်ဆောင်လာပြီး တာချီလိတ်မြို့ပေါ်တွင် မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်ကာလ၌ လူငယ်များအား ဖြန့်ဖြူးရောင်းချမည်ဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် အလားတူ လူငယ်များအား အန္တရာယ်ဖြစ်စေမည့် စိတ်ပြောင်းဆေးဝါးများရောင်းချမှုကို ကြိုတင်ကာကွယ်သည့်အနေဖြင့် ယခုထက်ပိုမိုထိရောက်စွာ တားဆီးနှိမ်နင်းလျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသတင်းရရှိသည်။