မြန်မာ့လက်ရွေးစင် ယူ-၂၂ အမျိုးသား ဘောလုံးအသင်း နည်းပြချုပ်ပိုပေါ့ကို သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် အကြိုသဘော တူညီမှုရရှိထားပြီး နှစ်ကုန်ပိုင်းတွင် စာချုပ် ချုပ်ဆိုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းကပြောသည်။
ပိုပေါ့သည် ၂၀၁၉ ခုနှစ် ဇန်နဝါရီလက မြန်မာ ယူ-၂၂ အသင်းကို နှစ်နှစ်စာချုပ်ဖြင့် စတင်ကိုင်တွယ်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။
ပိုပေါ့ကို စာချုပ်သက်တမ်းတိုးဖို့ အတွက် နှုတ်အားဖြင့် နှစ်ဖက်အကြို သဘောတူညီမှု ရရှိထားပြီးပါပြီ။ နည်းစနစ် ကော်မတီကိုတင်ပြပြီးတာနဲ့ သက်တမ်းတိုး စာချုပ်ချုပ်ဆိုဖို့ ဆက်လက်ဆောင်ရွက်မှာပါ။ နှစ်ကုန်ပိုင်းလောက်မှာ တရားဝင်စာချုပ်ချုပ်ဆိုမှာပါ။ စာချုပ်သက်တမ်းကိုတော့ တရားဝင်ချုပ်ဆိုပြီးရင် သတင်း ထုတ်ပြန်ပေးပါမယ်}} ဟု ဦးကိုကိုသိန်းက ပြောသည်။
ပိုပေါ့လက်ထက်တွင် မြန်မာ ယူ-၂၂ အသင်းသည် အဓိကနိုင်ငံတကာပြိုင်ပွဲ သုံးခုအဖြစ် ၂၀၁၉ အာဆီယံ ယူ-၂၂ ပြိုင်ပွဲ၊ အာရှ ယူ-၂၃ ခြေစစ်ပွဲနှင့် ၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
မြန်မာ ယူ-၂၂ အသင်းသည် အာဆီယံ နှင့် အာရှခြေစစ်ပွဲတို့တွင် ရလဒ်ပိုင်း ကောင်းမွန်ခြင်းမရှိသော်လည်း ၂၀၁၉ ဆီးဂိမ်းတွင် အသင်းလိုက်ကစားပုံတိုးတက် ခဲ့ပြီး ကြေးတံဆိပ်ဆု ရရှိခဲ့ကြောင်း သိရသည်။
ကိုရဲ