အောင်လအန်ဆန်ပွဲအပါအဝင် ချန်ပီယံကာကွယ်ပွဲလေးပွဲတွင် အလဲထိုးနိုင်ပွဲများနိုင်ကြောင်း One Championship စီအီးအို သုံးသပ်

အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ   ကာကွယ်ပွဲအပါအဝင် ချန်ပီယံကာကွယ်ပွဲလေးပွဲတွင်  အလဲထိုး နိုင်ပွဲများနိုင်ကြောင်း  One Championship စီအီးအိုချာထရီက ပြောသည်။

Inside  The  Matrix  အမည်ဖြင့် ကျင်းပမည့် ယင်းပြိုင်ပွဲကို အောက်တိုဘာ  ၃၀ ရက်တွင် စင်ကာပူနိုင်ငံရှိ နေရှင်နယ် မိုးလုံလေလုံ အားကစားရုံ၌      မြန်မာ စံတော်ချိန် ည ၇ နာရီခွဲတွင် ကျင်းပမည် ဖြစ်ပြီး ယင်းပြိုင်ပွဲတွင် အောင်လအန်ဆန်၏  ပွဲစဉ်အပါအဝင်  ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲ လေးပွဲနှင့် စိန်ခေါ်ပွဲနှစ်ပွဲ ပါဝင်မည်ဖြစ်သည်။

အောင်လရဲ့ မစ်ဒယ်ဝိတ်တန်းချန်ပီယံ ကာကွယ်ပွဲအပါအဝင် ချန်ပီယံကာကွယ်ပွဲ လေးပွဲပါဝင်တဲ့   ပွဲစဉ်တွေ  မကြာခင်မှာ ပရိသတ်ရှေ့မှောက်   ရောက်လာပါတော့မယ်။   ဒီပွဲစဉ်လေးပွဲစလုံးက  အမှတ်နဲ့ ဆုံးဖြတ်ရတဲ့အထိ မရောက်နိုင်ဘဲ အလဲထိုးပွဲစဉ်အဖြစ်   ပြီးဖို့များမယ်လို့ ခန့်မှန်းမိပါတယ် ဟု  ချာထရီက  လူမှုကွန်ရက် စာမျက်နှာ၌ ရေးသားဖော်ပြသည်။

အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ချန်ပီယံကာကွယ်ပွဲအဖြစ်  နယ်သာလန်နိုင်ငံသား ဒီရစ်ဒါနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး လိုက်ဝိတ်တန်း ချန်ပီယံကာကွယ်ပွဲအဖြစ် စင်ကာပူနိုင်ငံသား      ခရစ္စတီယန်လီနှင့် အီတလီ နိုင်ငံသား လက်ပီကပ်စ်၊ ဖယ်လ်သာဝိတ်တန်း  ချန်ပီယံကာကွယ်ပွဲအဖြစ် ဗီယက်နမ်နိုင်ငံသား   မာတင်ငုရင်နှင့် ဗီယက်နမ်ဖိုက်တာ  ထန်လီတို့  ယှဉ်ပြိုင်မည် ဖြစ်သည်။

ထို့ပြင်  အမျိုးသမီးစတောဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲအဖြစ်   တရုတ် နိုင်ငံသူ ရှောင်ဂျန်နမ်းနှင့် စင်ကာပူနိုင်ငံသူ တီဖနီတီရိုတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။

ကျန်တွဲဆိုင်းများတွင်     အမျိုးသား လိုက်ဝိတ်တန်း စိန်ခေါ်ပွဲအဖြစ် ဖိလစ်ပိုင် ဖိုက်တာ  ဖိုလာရန်နှင့်  သြစတြေးလျ ဖိုက်တာ အန်တိုနီယို၊ အမျိုးသမီး အက်တန်ဝိတ်တန်း စိန်ခေါ်ပွဲအဖြစ် အိန္ဒိယနိုင်ငံသူ ရီတူဖိုဂတ်နှင့်   ကမ္ဘောဒီးယား နိုင်ငံသူ ဆရီပိုဗ်တို့ ယှဉ်ပြိုင်မည် ဖြစ်သည်။  

ကိုရဲ