အယ်ဒီတာ့အာဘော်
(၂၀၂၃ ခုနှစ်၊ ဧပြီ ၃ ရက်)
မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု(၇)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကိုမတ် ၂၃ ရက်က နေပြည်တော် ရှိ M-Gallery ဟိုတယ်၌ ကျင်းပခဲ့သည်။ နှစ်ပတ်လည်နေ့ အခမ်းအနားကို ဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံတွင် ဆောင်ရွက်ခဲ့သည့် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်းများ၏ အောင်မြင်မှုပြပွဲနှင့် ဧည့်ခံပွဲအခမ်းအနား ကျင်းပခြင်းဖြစ်သည်။ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ဝန်ကြီးဌာန ၁၇ ခုက ပူးပေါင်းဆောင်ရွက်မှုဧရိယာ ၃၄ ခု၌ အကောင် အထည်ဖော်ခဲ့သည့် စီမံကိန်း ၉၂ ခုမှရလဒ်များ ပြသထားသည်။
မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှုမှရရှိသည့် အကျိုးကျေးဇူးများမှာ ပြည်သူလူထုအတွက်များစွာ အထောက်အကူဖြစ်စေသည်။ မြန်မာပြည်သူများအတွက် အထူးရန်ပုံငွေစီမံကိန်းများမှတစ်ဆင့် အလုပ်အကိုင်အခွင့်အလမ်း၊ နည်းပညာသစ်များကို တိုးတက် ရရှိစေသည်။ မဲခေါင်-လန်ချန်းဒေသတွင်း ငြိမ်းချမ်းမှုထိန်းသိမ်းရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်မှုမူဝါဒများမှာ လွန်စွာအရေးပါလှသည်။ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် မြန်မာနိုင်ငံ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သည့် (၁၇)ကြိမ်မြောက် အာဆီယံ-တရုတ်ထိပ်သီးအစည်းအဝေး၌ ထိုင်းနိုင်ငံက မဲခေါင် ဒေသတွင်းနိုင်ငံများအကြား ဖွံ့ဖြိုးတိုးတက်မှုကွာဟချက်ကို လျှော့ချရန်နှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်မှုရရှိရန်အတွက် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်ရန်လိုအပ်ကြောင်း ကနဦးဆွေးနွေးမှုအပေါ် တရုတ်နိုင်ငံကကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့်ဗီယက်နမ်နိုင်ငံတို့ပါဝင်သည့် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်တစ်ရပ်ထူထောင်ရန် အဆိုပြုခဲ့ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်ကို နိုင်ငံရေးနှင့်လုံခြုံရေးမဏ္ဍိုင်၊ စီးပွားရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး မဏ္ဍိုင်နှင့်လူမှုရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်းအပြန်အလှန် ထိတွေ့ဆက်ဆံရေးမဏ္ဍိုင် စသည့်မဏ္ဍိုင်သုံးရပ်ဖြင့် ဆောင်ရွက် ခြင်းဖြစ်သည်။ ပထမအကြိမ်မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးကို ၂၀၁၆ ခုနှစ် မတ် ၂၃ ရက်တွင် တရုတ်နိုင်ငံ ဆန်းယမြို့၌ ကျင်းပခဲ့သည်။ ဆန်းယကြေညာစာတမ်းကို ထုတ်ပြန်ကြေညာကာ မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုကို တရားဝင်စတင်ခဲ့သည်။ လက်ရှိတွင် မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့သည် မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှု၏ ပူးတွဲဥက္ကဋ္ဌများအဖြစ် ပူးတွဲထမ်းဆောင်လျက်ရှိကြောင်း သိရှိရသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် မဲခေါင်နိုင်ငံများအနေဖြင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု အထောက်အကူ ပြုမည့်စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်အောက်တွင် အထူးရန်ပုံငွေကို ၂၀၁၇ ခုနှစ်တွင် ထူထောင်ပေးအပ်ခဲ့ပြီး နှစ်စဉ်မဲခေါင်နိုင်ငံများသို့ နိုင်ငံအလိုက် စီမံကိန်းများ ခွင့်ပြုပေးခဲ့သည်။ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် စီမံကိန်းအခြေပြု ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်တစ်ခုဖြစ်ပြီး ဒေသတွင်းမှီတင်းနေထိုင်သော ပြည်သူ များအတွက် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် လက်တွေ့အကျိုးကျေးဇူးရရှိရေးတို့ကို ဦးတည်ကာ အရှိန်အဟုန်ဖြင့် ဆောင်ရွက် လျက်ရှိသည်။
မြန်မာနိုင်ငံအနေဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ပညာရေး၊ ကျန်းမာရေး၊ လူ့စွမ်းအားအရင်းအမြစ်၊ သိပ္ပံနှင့်နည်းပညာ၊ ယဉ်ကျေးမှု၊ စိုက်ပျိုးရေး၊ ရေအရင်းအမြစ်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ သစ်တော၊ နယ်စပ်ကုန်သွယ်ရေး၊ ခရီးသွားလာရေး၊ ဘဏ္ဍာရေးနှင့် သမားရိုးကျ မဟုတ်သော လုံခြုံရေးကဏ္ဍ စသည့်ကျယ်ပြန့်လှသည့် နယ်ပယ်ပေါင်းစုံတွင် စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည်။ ဆောင်ရွက်ပြီးစီးခဲ့သော စီမံကိန်းများမှလည်း သိသာထင်ရှားသော အကျိုးရလဒ်များ ရရှိကြောင်းကို မတ် ၂၃ ရက်က ကျင်းပသည့် (၇)နှစ်မြောက် နှစ်ပတ်လည်နေ့တွင် တွေ့မြင်ကြရပြီဖြစ်သည်။
မြန်မာနိုင်ငံသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ တက်ကြွသော အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ်လည်းကောင်း၊ လက်ရှိပူးတွဲ ဥက္ကဋ္ဌအနေဖြင့်လည်းကောင်း မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု မူဘောင်အောက်တွင် အဖွဲ့ဝင်နိုင်ငံများနှင့် အပြန်အလှန် နားလည်မှု၊ လေးစားမှုနှင့်မဲခေါင်-လန်ချန်းမိသားစု စိတ်ဓာတ်ကိုအခြေခံကာ ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများအကြား ပြည်သူ အချင်းချင်း အပြန်အလှန်ဆက်ဆံမှုမြှင့်တင်ရေး၊ အဖွဲ့ဝင်နိုင်ငံများ၏ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးတို့ကိုလည်း ဆောင်ရွက်လျက်ရှိသည်။
ကမ္ဘာ့နိုင်ငံများအကြား ဆက်သွယ်ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်ရာတွင် နိုင်ငံများ၏ တည်နေရာနှင့် ရေနှင့်ကုန်းမြေ နယ်နိမိတ် ထိစပ်မှုတို့သည် အရေးပါလှသည်။ ဆက်စပ်တည်ရှိသော ဒေသတွင်းနိုင်ငံများသည် ပိုမိုနီးစပ်သောလူနေမှုဘဝနှင့် ယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ ကိုးကွယ်ယုံကြည်မှုများ၊ သဘာဝပတ်ဝန်းကျင် အရင်းအမြစ်နှင့် ဂေဟစနစ်များကို မျှဝေသုံးစွဲလျက်ရှိရာ ပိုမိုရင်းနှီးသော အိမ်နီးချင်း ဆက်ဆံရေးထူထောင်ခြင်းဖြင့် ကောင်းမွန်သည့်ဆက်နွှယ်မှုကို တည်ဆောက်ရန်ဖြစ်သည်။ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုကြောင့် ဒေသတွင်းနိုင်ငံများ ပိုမိုစည်းလုံးညီညွတ်ပြီး ပိုမိုဖွံ့ဖြိုးတိုးတက်ပါစေကြောင်း ရေးသားလိုက် ရပေသည်။ ။