မော်ကွန်းအသစ် ထုဆစ်ခဲ့ပြီ အောင်စစ်သည်
ရုရှားဖက်ဒရေးရှင်းနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်မြင့်မားကြီးထွားလာသည့် နိုင်ငံကြီးဖြစ်ပါသည်။ ရုရှားပြည်သူများသည် မိမိတို့နိုင်ငံတော်ကို ခေတ်မီပြီး အင်အားကြီးသော နိုင်ငံတော်ဖြစ်ပေါ်လာရေးအတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ
H.E. Mr. Vladimir Vladimirovich Putin၏ ဦးဆောင်မှုအောက်တွင် အင်တိုက်အားတိုက် တည်ဆောက်နေပေသည်။ ဤမျှကြီးမားလှသော ကြိုးပမ်းအားထုတ်မှုအောက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ပညာရေးသည် အရေးပါသော အခန်းကဏ္ဍတစ်ရပ်အဖြစ် ပါဝင်ပြီး ခေတ်မီနိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းစဉ်တွင် အရေးပါသော အဆုံးအဖြတ်ပေးမည့် အခန်းကဏ္ဍတစ်ရပ်ဖြစ်နေပေသည်။ ပညာရေးသည် နိုင်ငံတော်၏မူဝါဒ တည်ဆောက်ရေးကို အကျိုးပြု ဖော်ဆောင်ပေးပြီး နိုင်ငံတော်၏ မူဝါဒတည်ဆောက်ရေးသည်လည်း ပညာရေးအပေါ် အမှီသဟဲပြုနေ၏။ ထိုသဘောတရားကြောင့်ပင် ရုရှားနိုင်ငံသည် ပညာဗဟိုပြုသည့် နည်းပညာနယ်ပယ်တွင် ကမ္ဘာ့ထိပ်တန်းအဆင့်သို့ ရောက်ရှိလာခြင်းဖြစ်၏။ ကမ္ဘာ့ပညာရေး ထိပ်တန်းအဆင့်ရှိ နိုင်ငံတစ်နိုင်ငံ၏ ချီးမြှင့်အပ်နှင်းသော ပညာဆိုင်ရာ ဘွဲ့တံဆိပ်ရရှိသူ တစ်ဦးအတွက်လည်း ဂုဏ်ရည်မြင့်မားမှု ဂုဏ်နှင့်ထိုက်တန်လှ၏။ အချို့အရာများမှာ သူတစ်ဦးတစ်ယောက် စွမ်းဆောင်မှုကို အကောင်းမြင်သည့် လူ့ပတ်ဝန်းကျင်တစ်ရပ်က ချီးကျူးထောပနာပြုကာ ၎င်းတို့ပညာရပ်နယ်ပယ်၌ လိုက်လျောညီသည့် ဘွဲ့တံဆိပ် တစ်မျိုးမျိုးအား စွမ်းဆောင်နိုင်သူအပေါ် ချီးမြှင့်ကြ၏။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌအား ပညာရေးထိပ်တန်းနိုင်ငံဖြစ်သော ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ရုရှားသိပ္ပံအကယ်ဒမီ၊ အရှေ့တိုင်းလေ့လာရေး အင်စတီကျုကနိုင်ငံအကြီးအကဲ၏ ရိုးသားဖြောင့်မတ်ပြီး မိမိနိုင်ငံရေရှည် အကျိုးစီးပွားအတွက် အမြော်အမြင်ကြီးစွာ စွမ်းစွမ်းတမံဆောင်ရွက်မှု၊ လူသားချင်း စာနာထောက်ထားမှု နယ်ပယ်အပါအဝင် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုများတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့မှုတို့ကြောင့် “ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့” ကို လက်ရောက် ချီးမြှင့်အပ်နှင်းခဲ့၏။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တစ်ဦးအတွက်သာမက နိုင်ငံတော်အတွက် ထိုက်တန်မှုရှိသည့် မင်္ဂလာသတင်း တစ်ရပ်ပင်ဖြစ်ပေသည်။
ပညာဆိုသည်မှာ လေ့လာဆည်းပူးခဲ့ရသည့် မြောက်မြားစွာသော အချက်အလက် များနှင့် အတွေ့အကြုံပေါ်မူတည်၍ လုပ်ငန်းဆောင်တာအမျိုးမျိုးကို နိုင်နင်းစွာ ထိန်းသိမ်း စီမံအုပ်ချုပ်နိုင်သော စွမ်းရည်ဖြစ်ပြီး မှားမှန်ကောင်းဆိုး ကြောင်းကျိုးဆက်စပ် စဉ်းစား ဆင်ခြင်ဝေဖန်ပိုင်းခြားတတ်သော အသိတရားပင်ဖြစ်သည်။ လက်ရှိကျွန်ုပ်တို့နိုင်ငံသည် စာပေတတ်မြောက်သူကား များ၏။ သို့သော် ပညာတတ်မြောက်သူကား ရှား၏။ အဘယ်ကြောင့်ဆိုသော် နိုင်ငံရေး အခြေအနေတစ်ခုအပေါ်တွင် စာပေတတ်မြောက်သူတို့သည် ပညာဆိုသည့် အပြစ်နှင့်အကျိုးကို ခွဲခြားနိုင်သည့် ဉာဏ်ကို မျက်ကွယ်ပြု လုပ်ဆောင်နေခြင်းများမှာ နိုင်ငံ့အတွက် အံ့အားသင့်ဖွယ် ဆုတ်ယုတ်မှုများပင်ဖြစ်၏။ ကျွန်ုပ်တို့နိုင်ငံနည်းတူ ရုရှားဖက်ဒရေးရှင်း နိုင်ငံသည်လည်း နိုင်ငံရေးအကျပ်အတည်း တွေ့ကြုံနေရပေသည်။ သို့ရာတွင် စာပေတတ်သည့် ပညာတတ်များပေါကြွယ်ဝ၍ နိုင်ငံဆုတ်ယုတ်မှု မရှိခြင်းသည် လေးနက်စွာ သင်ခန်းစာ ယူဖွယ်ပင်ဖြစ်၏။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ပညာရေးစနစ်သည် ကျွန်ုပ်တို့နိုင်ငံ၏ ပညာစနစ်နှင့် ကွဲပြားမှုရှိ၏။ မူကြိုပညာရေးသည် ရုရှားတွင် မသင်မနေရဖြစ်သော်လည်း အသက် ၆ နှစ်အောက် ကလေးအများအပြား မူကြိုကျောင်းတက်ကြသည်။ မူကြိုကျောင်းတွင် အခြေခံအားဖြင့် ကလေးများ၏ ကိုယ်လက်လှုပ်ရှားမှုနှင့် တီထွင်ဖန်တီးနိုင်မှုအပေါ် အာရုံစိုက်စေသည်။ မူကြိုကျောင်းပြီးသည့်နောက်တွင် အခြေခံပညာရေး စနစ်အား ဆက်လက်သင်ယူရသည်။ ကလေးများ၏ ဉာဏ်ရည်၊ စိတ်ပိုင်းဆိုင်ရာ၊ ကာယပိုင်းနှင့် ကိုယ်ကျင့်တရား ဖွံ့ဖြိုးတိုးတက်မှုအပေါ် အာရုံစိုက်စေ၏။ ရုရှားနိုင်ငံတွင် မူလတန်းပညာရေးကို အသက် ၆ နှစ်မှ ၁၀ နှစ်အတွင်း သတ်မှတ်ပြီး အသက် ၁၀ နှစ်မှ ၁၅ နှစ်အရွယ်ရှိ ကျောင်းသားများအတွက် အကြီးတန်း သို့မဟုတ် အလယ်တန်း ပညာရေးစနစ်ကို သင်ယူရ၏။ အသက် ၁၅ နှစ်အရွယ်တွင် အခြေခံပညာ အဆင့်အား အောင်မြင်ပြီးစီးပြီဖြစ်၏။ ရုရှားနိုင်ငံတွင် အသက် ၆ နှစ်မှ ၁၅ နှစ်အကြား ကလေးများသည် ကျောင်းတက်ရန် မဖြစ်မနေ လိုအပ်သည်။ အခြေခံပညာရေးသည် လူတိုင်းအတွက်အခမဲ့ဖြစ်သည်။ ကျောင်းသားတစ်ဦးသည် အဆင့်မြင့်ပညာရေးကို သင်ယူလိုပါက အထက်တန်းကျောင်းတွင် နောက်ထပ် ၂ နှစ်ပညာ ဆည်းပူးရမည်ဖြစ်သည်။ အခြေခံပညာအဆင့်ပြီးဆုံးပြီးနောက် နောက်ဆုံးစာမေးပွဲအား ပြုလုပ်သည်။
ကျောင်းသားများအား အခြေခံ အထွေထွေပညာရေး လက်မှတ်ချီးမြှင့်သည်။ အဆိုပါ လက်မှတ်၏ အကူအညီဖြင့် ကျောင်းသားသည် ဝင်ခွင့်ရနိုင်သည့် အသက်မွေးဝမ်းကျောင်း ပညာရေး သို့မဟုတ် တက္ကသိုလ်မဟုတ်သော အဆင့်ထိ(အဆင့်မြင့်ပညာရေး) တက်ရောက်ရသည်။ ၎င်းမှအောင်မြင်ပြီးပါက ဘွဲ့လွန်နှင့် အဆင့်မြင့်ပညာရပ်များအား တက်ရောက်သင်ယူနိုင်၏။ ထိုကဲ့သို့ ပညာရေးကို အလေးပေး ဆောင်ရွက်နေသော ရုရှားဖက်ဒရေးရှင်းနိုင်ငံသည် ၂၀၂၃ ခုနှစ် World Population Review ၏ သုံးသပ်ချက်အရ ပညာရေးသည် အဆင့် ၂၃ တွင်ရှိပါသည်။ ထိုကဲ့သို့ အဆင့်ရှိသော ရုရှားနိုင်ငံတွင် ၂၀၀၁ ခုနှစ်မှစတင်၍ လက်ရှိအချိန်ထိ ရုရှားနိုင်ငံရှိ တက္ကသိုလ် အသီးသီးတွင် မြန်မာနိုင်ငံမှ ပညာတော်သင် ကျောင်းသားများအနေဖြင့် မဟာဘွဲ့ ရရှိသူ ၆၀၀၀ ဦးကျော်၊ ပါရဂူဘွဲ့ရရှိသူ ၅၀၀ ဦးနီးပါး၊ D.Sc ဘွဲ့ရရှိသူ ၁၁ ဦး ရှိခဲ့ပြီဖြစ်သည်။
ယနေ့ရုရှားနိုင်ငံ၏ ကဏ္ဍပေါင်းစုံဖွံ့ဖြိုး တိုးတက်မှုအပေါ် သုံးသပ်ကြည့်မည် ဆိုလျှင် ကမ္ဘာ့ပညာရေး ကဏ္ဍတွင် ရုရှားနိုင်ငံရှိ တက္ကသိုလ်များသည် ကမ္ဘာ့ထိပ်တန်း အဆင့်ရှိသည်ကို မျက်ဝါးထင်ထင် သိနိုင်မည်ဖြစ်၏။ ထိုသို့ကဏ္ဍပေါင်းစုံဖွံ့ဖြိုး တိုးတက်မှုတွင် ရုရှားသမ္မတပူတင်၏ တိုက်ရိုက်ကွပ်ကဲမှုအောက်ရှိ ရုရှားသိပ္ပံ အကယ်ဒမီ၏ အခန်းကဏ္ဍသည် အလွန်တရာမှ အရေးပါသည်။ ရုရှားသိပ္ပံ အကယ်ဒမီသည် နိုင်ငံတော်အဆင့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ရုရှားတစ်နိုင်ငံလုံး၏ ဝိဇ္ဇာ၊ သိပ္ပံ၊ နည်းပညာ စသည့် ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒနှင့်သုတေသန လုပ်ငန်းများအား ကိုင်တွယ်ထိန်းချုပ်နေသော ရုရှားနိုင်ငံ၏ ပညာရေးဆိုင်ရာ တစ်ခုတည်းသော အဖွဲ့အစည်းတစ်ခုပင် ဖြစ်သည်။ အဆိုပါ အဖွဲ့အစည်းအောက်တွင် နိုင်ငံတော်၏ မူဝါဒအတွက် အရေးပါသည့် သင်ကြားရေးနှင့် သုတေသနဆိုင်ရာကိစ္စရပ်များအား လုပ်ဆောင်နေသော အဖွဲ့အစည်း များစွာပါရှိပြီး ၎င်းတို့အထဲတွင် အရှေ့တိုင်းလေ့လာရေး အင်စတီကျုသည်လည်း တစ်ခု အပါအဝင်ဖြစ်ပါသည်။
အရှေ့တိုင်းလေ့လာရေး အင်စတီကျု၏ သမိုင်းမှာ ရှည်လျားလှသည်။ အရှေ့တိုင်း လေ့လာရေး အင်စတီကျုအား ရုရှားဇာဘုရင် ပထမအလက်ဇန်းဒါးလက်ထက် ၁၈၁၈ ခုနှစ်ကတည်းက စိန့်ပီတာစဘတ်မြို့ သိပ္ပံပညာအကယ်ဒမီ လက်အောက်ရှိ အာရှပြတိုက်တစ်ခုအဖြစ် စတင်တည်ထောင်ခဲ့သည်။ ထိုပြတိုက်ကို အရှေ့တိုင်းစာမူများ သိမ်းဆည်းခြင်း၊ လာရောက်လေ့လာသည့် ဧည့်သည်များအတွက် ခင်းကျင်းပြသခြင်း၊ အရှေ့တိုင်းလေ့လာမှုများ အတွက် သိပ္ပံနှင့်စည်းရုံးရေး စင်တာအပြင် ပညာရေးဆိုင်ရာ သုတေသနအတွက် စာကြည့်တိုက် တစ်ခုအဖြစ် အသုံးပြုခဲ့သည်။ ၂၀ ရာစုအစ ပြတိုက် တည်ထောင်သည့် နှစ် ၁၀၀ ပြည့် နှစ်ပတ်လည်တွင် ပြတိုက်သည် အရှေ့တိုင်းဘာသာစကား ၄၅ မျိုးဖြင့် စာမူများစုစည်းထားသော အဓိက ဗဟိုချက်နေရာဖြစ်လာခဲ့သည်။ ၁၉၂၀ - ၁၉၃၀ ပြည့်နှစ်တွင် သိပ္ပံအကယ်ဒမီ၏ အရှေ့တိုင်းဌာနကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး ဆိုဗီယက်ပြည်ထောင်စု၏ သိပ္ပံအကယ်ဒမီအောက်ရှိ ပြတိုက်ကို အခြေခံ၍ အရှေ့တိုင်း လေ့လာရေး အင်စတီကျုကို ဖွဲ့စည်းခဲ့သည်။
ဆိုဗီယက်ပြည်ထောင်စု၏ ဦးဆောင်မှု အောက်တွင် နိုင်ငံရေးဆိုင်ရာများအပြင် အခြေခံသုတေသန လုပ်ငန်းများကိုပါ တာဝန်ပေးအပ်စေခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် ရုရှားသိပ္ပံ အကယ်ဒမီသည် အရှေ့တိုင်း လေ့လာရေး အင်စတီကျုကို ၎င်း၏ စိန့်ပီတာစဘတ်ဌာနခွဲမှ ခွဲထွက်ခဲ့ပြီး နောက်ပိုင်းတွင် Institute of Eastern Manuscripts အဖြစ် သီးခြားရပ်တည်ခဲ့ပါသည်။ ၂၀၁၃ ခုနှစ်တွင် ရုရှားအစိုးရသည် အရှေ့တိုင်းလေ့လာရေး အင်စတီကျု၏ ထိန်းချုပ်မှုကို အခြားသော သိပ္ပံအကယ်ဒမီပညာရပ်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနှင့် အတူ အစိုးရအေဂျင်စီ Federal Agency for Scientific Organizations (FASO)သို့ လွှဲပြောင်းပေးခဲ့ပါသည်။
ယခုအခါ ရုရှားသိပ္ပံ အကယ်ဒမီ၏ အရှေ့တိုင်းလေ့လာရေး အင်စတီကျုသည် အရှေ့တိုင်းယဉ်ကျေးမှုနှင့် သမိုင်းကြောင်းများ၊ စီးပွားရေးနှင့်နိုင်ငံရေး၊ အာရှနှင့် မြောက်အာဖရိကနိုင်ငံများ၏ ဘာသာစကားများနှင့် စာပေများကို လေ့လာသည့် သုတေသနစင်တာအဖြစ် တိုးတက်ဖြစ်ထွန်း လာခဲ့ပါသည်။ အင်စတီကျုမှ မွေးထုတ် ပေးလိုက်သည့်သူများမှာလည်း စွမ်းဆောင်ရည်မြင့်မားသည့်အတွက် ၁၉၈၀ ပြည့်နှစ်တွင် Order of the Red Banner of Labourတံဆိပ် ချီးမြှင့်ခြင်း ခံခဲ့ရသည်ကို တွေ့ရှိရသည်။ ရုရှားသိပ္ပံအကယ်ဒမီ၏ အရှေ့တိုင်းလေ့လာရေး အင်စတီကျုတွင် ဌာနပေါင်း ၁၉ ခုဖြင့်ဖွဲ့စည်းထားပြီး သိပ္ပံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နိုင်ငံတကာ အစီအစဉ်များ၊ သုတေသန ပရောဂျက်များနှင့် ထုတ်ဝေခြင်း အစီအစဉ်များ၊ နိုင်ငံတကာ အရှေ့တိုင်းအသင်းများနှင့် စီးပွားရေး၊ ယဉ်ကျေးမှုနှင့် လူသားချင်းစာနာမှု ပူးပေါင်းဆောင်ရွက်ခြင်း စသည်ဖြင့် မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံအတွက်မူ လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း မြန်မာနိုင်ငံ၏ ဘာသာစကား၊ မြန်မာ့သမိုင်းနှင့် ယဉ်ကျေးမှုဓလေ့ ထုံးတမ်း အစဉ်အလာများကို လေ့လာခဲ့ကြ၏။
နိုင်ငံတစ်နိုင်ငံ၏ အကြောင်းအရာများကို သုတေသနပြုလေ့လာရာတွင် နိုင်ငံ့အကြီး အကဲများ၏ နိုင်ငံအပေါ်ထားရှိသည့် စိတ်ထားနှင့် ဦးဆောင်မှုအပေါ်လည်း လေ့လာကြသည်မှာ ပကတိအမှန်တရား ပင်ဖြစ်၏။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီသည် ယခင် NLD အစိုးရ၏ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ တွင် နိုင်ငံတော်အာဏာအား မဲမသမာမှု နည်းလမ်းဖြင့် အတင်းအဓမ္မရယူရန် ကြိုးပမ်းခဲ့သည်ကို တားဆီးနိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့် အညီ နိုင်ငံတော်ကို နိုင်ငံရေးအရ အရေးပေါ် အခြေအနေကြေညာပြီး ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံတော်တာဝန် ထမ်းဆောင်ချိန်တွင် ဒီမိုကရေစီကျင့်စဉ် နှင့်ဆန့်ကျင်ဘက် လက်နက်ကိုင်လမ်းစဉ်၊ အကြမ်းဖက်လမ်းစဉ်ကို လုပ်ဆောင်နေ သည့် အကြမ်းဖက်သမားများသည် အပြစ်မဲ့ပြည်သူများနှင့် စစ်ရေးပစ်မှတ်မဟုတ်သည့် နေရာများကို ရည်ရွယ်ချက်ရှိစွာ ပစ်မှတ် ထား တိုက်ခိုက်လာကြသည်။ တိုင်းပြည် တည်ငြိမ်ရေးနှင့် အစိုးရယန္တရား ရပ်ဆိုင်းသွားစေရန် နည်းမျိုးစုံဖြင့် ဆောင်ရွက်ခဲ့၏။ ပြည်ပမှ ရုပ်သံများ၊ သတင်းဌာနများစွာက အခကြေးငွေရယူ၍ ဝါဒမှိုင်းအမျိုးမျိုးဖြင့် ပြည်သူနှင့် အစိုးရ၊ တပ်မတော်အား ဝါဒဖြန့်အမုန်းတရား ရိုက်သွင်းကာ ရန်တိုက် သွေးခွဲခဲ့သည်။ နိုင်ငံတော်အကြီးအကဲနှင့် လက်အောက်ခံလုံခြုံရေး တပ်ဖွဲ့ဝင်များ၏ စိတ်ရှည်သည်းခံစွာ ဥပဒေနှင့်အညီဆောင် ရွက်မှုအပေါ် အခွင့်အရေးယူကာဆောင် ရွက်ခဲ့၏။ အဓမ္မသည် ဓမ္မကိုမယှဉ်နိုင်၊ ဓမ္မတရားသည် အချိန်တန်သည်နှင့် အမှန် တရားအဖြစ် ထွက်ပေါ်လာသည်။ တိုင်းပြည် ပျက်စီးအောင် လုပ်သူများက အချိန်ကြာ လာသည်နှင့်အမျှ ကျရှုံးပျက်သုဉ်းနေမည် သာဖြစ်ပါသည်။
ထိုကဲ့သို့ အခြေအနေများကြားတွင် နိုင်ငံတော်ကို ဦးဆောင်မှုပေးရသည်က မလွယ်ကူချေ။ ပြည်တွင်း၊ ပြည်ပ အတားအဆီး အနှောင့်အယှက်မျိုးစုံကြားတွင် နိုင်ငံတော် မယိမ်းမယိုင်စေရေး ထိန်းသိမ်းဖြတ်သန်းရသည့် နိုင်ငံ့ခေါင်းဆောင်တစ်ဦး၏ ဦးဆောင်ဖြတ်သန်းမှုသည် ထက်မြက်သော အတွေးအခေါ်နှင့် နက်ရှိုင်းသော နှလုံးသား ခံစားချက်တို့ဖြင့်သာ ဖြတ်သန်း နိုင်မည်ဖြစ်၏။ နိုင်ငံတော်အကြီးအကဲ၏ မြန်မာနိုင်ငံသား တိုင်းရင်းသားပြည်သူများ အပေါ် ငြိမ်းချမ်းရေးနှင့် စည်းလုံးညီညွတ် ရေး လက်တွဲပူးပေါင်း ဦးဆောင်ဆောင်ရွက်မှု၊ တရားမျှတမှုအား အခြေခံသည့် နိုင်ငံ ရေးလုပ်ငန်းစဉ် ဆောင်ရွက်မှုများအား ပွင့်လင်းမြင်သာ ဆောင်ရွက်နေမှုတို့အပေါ် ရုရှားသိပ္ပံအကယ်ဒမီ၊ အရှေ့တိုင်းလေ့လာရေး အင်စတီကျုအနေဖြင့် သုတေသနပြု လေ့လာမှတ်တမ်း တင်ထားခဲ့ပါသည်။ ထို့ပြင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း မြန်မာနိုင်ငံအစိုးရသည် နိုင်ငံရေးနှင့်စီးပွားရေး အကျပ်အတည်းအား တစ်ပြိုင်နက် ဖြေရှင်းခဲ့ရသည်မှာလည်း ကောင်းမြတ်သော မှတ်တမ်းတစ်ခုပင်ဖြစ်သည်။
မြန်မာနိုင်ငံသည် ၂၀၁၈ ခုနှစ်က စတင် ပြီး စီးပွားရေးဆိုင်ရာနှင့် ကုန်သွယ်မှုဆိုင်ရာ စီမံခန့်ခွဲမှု အားနည်းချက်များအပြင် ကိုဗစ်- ၁၉ ရောဂါ၏ ကန့်သတ်မှုများကြောင့် နိုင်ငံ့စီးပွားရေးသည် ကျဆင်းခဲ့ရသည်။
တိုင်းပြည်သည် နိုင်ငံခြားဝင်ငွေများ ရရှိခဲ့ခြင်းမရှိခဲ့ဘဲ ပြည်ပက သွင်းကုန်များကိုသာ တင်သွင်းခဲ့မှုများကြောင့် ကုန်သွယ်မှုလိုငွေ များစွာ ဖြစ်ပေါ်ခဲ့ရသည်။ ထို့ပြင် အချို့သော နိုင်ငံတော်အဆင့်နှင့် ပြည်ထောင်စု အဆင့် တာဝန်ရှိပုဂ္ဂိုလ်များ၏ အဂတိ လိုက်စားမှု ကိစ္စရပ်များသာမက မလျော်ကန်သည့် အာဏာသုံးဆောင်ရွက်မှုများကြောင့် တိုင်းပြည်၏ စီးပွားရေးသည် များစွာ ထိခိုက်နစ်နာ ဆုံးရှုံးခဲ့ရမှုများ ရှိခဲ့သည်။ ထိုသို့သော အခြေအနေအရပ်ရပ်ကြောင့် တိုင်းပြည်သည် တိုးတက်သင့်သလောက် မတိုးတက်ဘဲ ဒေသတွင်းနိုင်ငံများနှင့်ယှဉ်လျှင် နောက်ကျကျန်ရစ်ခဲ့ရသည်။
နိုင်ငံတော်အကြီးအကဲသည် တာဝန်ထမ်းဆောင်ခဲ့သည့် ကာလအတွင်း ပြည်ပချေးငွေ နှင့်ထောက်ပံ့ငွေများ ရရှိခဲ့မှု မရှိသော်လည်း နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးအား ရသမျှသော ခွန်အားဖြင့် ဆောင်ရွက်ခဲ့ရသည်။ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလမှ ၂၀၂၁ ခုနှစ် စက်တင် ဘာလတွင် စီးပွားရေး တိုးတက်မှုနှုန်း အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့ရာမှ ကြားကာလ ၆ လစီမံကိန်း အကောင် အထည်ဖော်မှုတွင် ၂ ဒသမ ၄ ရာခိုင်နှုန်း၊ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ၃ ဒသမ ၄ ရာခိုင်နှုန်းအထိ ပြန်လည်တိုးတက်လာခဲ့သည်။ နိုင်ငံအကြီးအကဲတစ်ဦး၏ စီးပွား ရေးအခြေခံ သဘောတရားများအပေါ် သိရှိနားလည်သည်သာမက အဆင့်ဆင့် ဖြတ်သန်းခဲ့ရသော ဘဝအတွေ့အကြုံမှရရှိ ခဲ့သည့် အတွေးအခေါ်အသိများက နိုင်ငံ တစ်နိုင်ငံ ယိမ်းယိုင်နေသော အခြေအနေမှ အကောင်းဆုံး ရုန်းထွက်နိုင်ခြင်း၏ သာဓကပင်ဖြစ်သည်။ ယနေ့ နိုင်ငံတော်အကြီး အကဲ၏ လုပ်ဆောင်ချက်များသည် မိမိ စိတ်ခံစားချက်အပေါ် ဦးစားပေးလုပ်ဆောင် နေခြင်းမဟုတ်ဘဲ နိုင်ငံတော်အတွက် အကောင်းဆုံးဖြစ်မည့် လမ်းကြောင်းကို ရေရှည်မြော်မြင်မှု၊ ဆင်ခြင်တုံတရား လက်ကိုင်ထား၍ သတိတရားဖြင့် တည်ဆောက်နေခြင်းဖြစ်သည်ကို တွေ့ရသည်။ ဆင်ခြင်စဉ်းစားနိုင်စွမ်းမရှိသူအတွက် စိတ်ခံစားမှုသည် အဓိကဖြစ်သောကြောင့် လုပ်ချင်ရာကို လုပ်တတ်သည့်သဘောရှိ၏။
လုပ်သင့်သည်ကိုမလုပ်ကိုင်ဘဲ လျစ်လျူရှု၏။ သုတေသနပြုသူတို့သည် ထိုမျှသော အခြေခံအချက်အပေါ်က စိစစ်ကြည့်ရှုသုံးသပ်လေ့လာ၏။ ရုရှားသိပ္ပံအကယ်ဒမီ အနေဖြင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် ရေးအပေါ်တွင်လည်း သုတေသနပြု၍ စိစစ်သုံးသပ် အကဲဖြတ်ခဲ့ကြသည်။
ကိုဗစ်-၁၉ ရောဂါကာလအတွင်း ရောဂါကြိုတင်ကာကွယ်ရေး၊ ကုသရေးလုပ်ငန်း စဉ်များနှင့် ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်း များတွင် မိမိရင်ဝယ်သားကဲ့သို့ သဘောထား ကာ အယုတ်၊ အလတ်၊ အမြတ်၊ ရန်သူ၊ မိတ်ဆွေမရွေး လူသားချင်းစာနာ ထောက်ထားမှုများစွာကိုလည်း စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည်။ နိုင်ငံတော်အကြီးအကဲသည် ရုရှားဖက်ဒရေးရှင်း နိုင်ငံနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရာတွင် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ရေရှည်အကျိုးစီးပွား အတွက် မှတ်ကျောက်တင်ထူးခြားသည့် စွမ်းဆောင်မှုများဖြင့်သာ အလေးပေးဆောင် ရွက်ခဲ့၏။ နိုင်ငံ့ခေါင်းဆောင် တစ်ယောက် အနေနှင့် ကမ္ဘာ့အင်အားချိန်ခွင်လျှာ မျှတရေးအတွက် အမြော်အမြင်ရှိရှိ Óဏ်ပညာ ပြည့်ဝစွာဖြင့် ရုရှားခေါင်းဆောင်နှင့်အတူ အတူတကွပူးပေါင်းဆောင်ရွက်နေသည်မှာ မြန်မာ့နိုင်ငံရေးသမိုင်း၏ မော်ကွန်းတင်မည့် စွမ်းဆောင်ရည်များပင်ဖြစ်၏။ ထို့ကြောင့် မြန်မာ့နိုင်ငံရေးသမိုင်းအား စဉ်ဆက်မပြတ် သုတေသနပြုလေ့လာနေပြီး ရုရှားသိပ္ပံ အကယ်ဒမီ၊ အရှေ့တိုင်းလေ့လာရေး အင် စတီကျု၏ ပညာရေးကောင်စီက မငြင်းပယ်နိုင်လောက်အောင် တညီတညွတ်တည်း မဲခွဲဆုံးဖြတ်ခဲ့ပြီး “ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့” အား ပေးအပ်ခဲ့ရသည်။
အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်း ဘုရားတို့၏ နိုင်ငံတော်ကြီး စည်းလုံး ညီညွတ်ပြီး သာယာဝပြောလာအောင် စောင့်ရှောက်ခဲ့သည့် ရှေးမြန်မာမင်းတို့၏ စွမ်းဆောင်မှုများအား ယနေ့ နောင်လာ နောက်သားများက အစဉ်အမြဲကျေးဇူးတင် ဦးခိုက်နေလျက်ရှိပါသည်။ ယနေ့ နိုင်ငံတော်အကြီးအကဲ၏ စွမ်းဆောင်မှုများ အားလည်း ပြည်ပအင်အားကြီးနိုင်ငံက အသိအမှတ်ပြုသကဲ့သို့ နောင်ဝယ် ငယ်သား များကလည်း အသိအမှတ်ပြုလေးစား အားကျနေမည်သာဖြစ်ပါသည်။
အချုပ်အားဖြင့်ဆိုသော် “အကောင်းမြင် စိတ်မရှိသူက အခွင့်အရေးကို အခက်အခဲ ဟုသာမြင်မိဖြစ်၏။ အပြုသဘောစိတ်ဓာတ် ရှိသူက အခက်အခဲကို အခွင့်အရေးဟုသာ မြင်မိဖြစ်၏။” နိုင်ငံတော်အကြီးအကဲသည် နိုင်ငံတော်နှင့် နိုင်ငံသားတို့အတွက် ကြုံတွေ့ လာသော အခက်အခဲအခြေအနေအရပ်ရပ် အပေါ် နာယကဂုဏ်ခြောက်ပါးဖြင့်သာ ဦးဆောင်ဦးရွက်ပြု ဆောင်ရွက်ခဲ့သည်မှာ သမိုင်းသက်သေတည်နေပြီဖြစ်၏။ ကမ္ဘာ့ ထိပ်တန်းနေရာတွင် ရပ်တည်လျက်ရှိပြီး စွမ်းရည်ထက်မြက်သူများကိုသာ မွေးထုတ် ပေးလျက်ရှိသည့် ရုရှားသိပ္ပံအကယ်ဒမီ၊ အရှေ့တိုင်းလေ့လာရေးအင်စတီကျုမှ ပေးအပ်သည့် လက်ခံရယူရန်ခက်ခဲသည့် “ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့”ကို လက်ခံ ရရှိခဲ့သည့် နိုင်ငံတော်အကြီးအကဲ၏ စွမ်းဆောင်ချက်များအပေါ် ထိုက်တန်စွာ အသိအမှတ်ပြု လေးစားဂုဏ်ယူမိပါတော့၏။ ။
မောင်မျိုးအောင်(ပန်းဧရာ)