ဇင်းကျိုက်ဘူတာမှ ပုဇွန်တောင်ဘူတာသို့ ထွက်ခွာလာသည့် မြန်မာ့မီးရထား ကျောက်ရထားကို NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးတိုက်ခိုက်
နေပြည်တော်၊ ဧပြီ - ၅
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားအနေဖြင့် နိုင်ငံတစ်ဝန်း ပြည်သူ အများ၏ ခရီးသွားလာမှု၊ ကုန်စည်ပို့ဆောင်မှုများ အဆင်ပြေစေရေး၊ ပြည်တွင်း ထုတ်ကုန်များနှင့် နယ်စပ်ဒေသမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများ အဆင်ပြေချောမွေ့စွာ စီးဆင်းနိုင်ရေး စသည့် ရည်မှန်းချက် တာဝန်များ ချမှတ်၍ ရထားကွန်ယက်ကြီးတစ်ခုလုံးတွင် အမြန်လူစီးရထားခရီးစဉ် (၁၈)စင်း၊ စာပို့ရထားခရီးစဉ် (၁၂)စင်း၊ လူစီးကုန်တင် ရထားခရီးစဉ်(၈)စင်းတို့နှင့် ရန်ကုန်မြို့ပတ် နှင့်ဆင်ခြေဖုံးရထားခရီးစဉ် (၃၀)စင်း၊ စုစုပေါင်း ရထားခရီးစဉ် (၆၈)စင်းတို့နှင့် ကုန်ရထား ခရီးစဉ်များကို နေ့စဉ်စီစဉ်ပြေးဆွဲလျက်ရှိသကဲ့သို့ ရထားလမ်းပိုင်းများ ကြံ့ခိုင်ရေးနှင့်အဆင့်မြှင့်တင် နိုင်ရေးတို့အတွက် ကျောက်ရထားများ၊ အင်ဂျင်နီယာ ရထားခရီးစဉ်များဖြင့်လည်း သယ်ယူပို့ဆောင် ပေးလျှက်ရှိပါသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင် ပဲခူး-မော်လမြိုင်လမ်းပိုင်းရှိ မွန်ပြည်နယ်၊ ဇင်းကျိုက်ဘူတာမှ ဌာန၏ လမ်းခင်းကျောက်များ သယ်ယူ၍ ဧပြီ ၄ ရက် နံနက်ပိုင်းတွင် ဇင်းကျိုက်မှ ထွက်ခွာလာသည့် ရထားအမှတ်(၆၈၄)အစုန် ကျောက်ရထားသည် သထုံမြို့နယ်၊ ရင်းငြိမ်ဘူတာ နှင့်သထုံဘူတာအကြား မိုင်တိုင်အမှတ်၊ ၁၃၉/၂-၁ သို့ မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်တွင် ဖြတ်သန်းစဉ် PDF အမည်ခံ အကြမ်းဖက်သမားများက ထောင်ထားသည့် မိုင်းပေါက်ကွဲခဲ့ရာ မိုင်းပေါက်ကွဲမှုကြောင့် စက်ခေါင်းရှေ့ မိုင်းကာတွဲ WBXHV 14375 ၏ အောက်တည့်တည့်မှ ပေါက်ကွဲမှုဖြစ်ပွား၍ အရှေ့ဘက်သံလမ်း ၁ ပေခွဲခန့် ပြတ်ထွက်ခဲ့ပြီး အနောက်ဘက်သံလမ်း ၁ ပေခွဲခန့် ဗိုက်သားကွဲ၊ ကွန်ကရစ်ဇလီဖား ၁ တုံး ပျက်စီးခဲ့ကြောင်း မြန်မာ့မီးရထားမှ သိရှိရသည်။
အကြမ်းဖက်သမားများသည် သံလမ်း နှစ်ဖက်စလုံး ပြတ်ထွက်၍ ရထားတိမ်းမှောက်ပြီး ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့စေရန် ရည်ရွယ်ချက်ဖြင့် မိုင်းထောင်ခဲ့ခြင်း ဖြစ်သော်လည်း အရှေ့ဘက်သံလမ်းတစ်ဖက်သာ ၁ ပေခွဲခန့် ပြတ်ထွက်ပြီး အခြားတစ်ဖက်မှာ သံလမ်းဗိုက်သားကွဲမှုသာ ဖြစ်ပေါ်ခဲ့သဖြင့် ရထားထိခိုက် ပျက်စီးမှုမရှိဘဲ ဆက်လက်ထွက်ခွာနိုင်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ကျောက်ရထားမှာ သထုံဘူတာသို့ မွန်းလွဲ ၁၂ နာရီ ၁၈ မိနစ်တွင် ရောက်ရှိခဲ့ပြီး ရထားလမ်း အနည်းငယ်ပျက်စီးမှုအားလည်း လမ်းပိုင်းပြုပြင်မှုများ ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၅၀ မိနစ် မှစ၍ ရထားများ ပုံမှန်ပြန်လည် ပြေးဆွဲပေးနေပြီဖြစ်ကြောင်း သိရှိရသည်။
PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့မှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထား၏ ရန်ကုန်-ပဲခူး-မော်လမြိုင် လမ်းပိုင်းအတွင်း ရထားလမ်းများ၊ တံတားများအား ရည်ရွယ်ချက်ရှိရှိဖြင့် တံတားမိုင်းခွဲခံရမှု(၆)ကြိမ်၊ သံလမ်းမိုင်းခွဲခံရမှု (၄)ကြိမ်၊ လက်လုပ်မိုင်းပေါက်ကွဲ/တွေ့ရှိမှု (၆)ကြိမ် စုစုပေါင်း (၁၆)ကြိမ်နှင့် ဘူတာ/ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်စီးခြင်း (၁)ကြိမ်တို့ကို ကျူးလွန်ခဲ့ကြောင်းနှင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှစ၍ ယခုအချိန်ထိ မြန်မာ့မီးရထားလမ်း ကွန်ယက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာ နယ်မြေအတွင်း ဗုံးထောင်၊ မိုင်းခွဲဖျက်စီးခြင်း (၁၁၀)ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်စီးခြင်း (၃၇)ကြိမ်၊ ဘူတာများအား မီးရှို့ဖျက်စီးခြင်း (၁၁)ကြိမ်တို့ကို ကျူးလွန်ခဲ့ကြပြီးဖြစ်ကြောင်း သိရှိရသည်။
ယခုကဲ့သို့ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့ရှိ အများပြည်သူ ခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှု အဆင်ပြေချောမွေ့စေရေးအတွက် အဓိကအားထားနေရ သည့် ပဲခူး-မော်လမြိုင် ရထားလမ်းပိုင်းတွင် လူစီးရထားများ၊ ကုန်ရထားခရီးစဉ်များ ပြေးဆွဲမှု နှောင့်နှေးကြန့်ကြာစေရေး၊ ခရီးသွားပြည်သူများနှင့် ကုန်စည်များ ထိခိုက်ဆုံးရှုံးမှု ဖြစ်ပေါ်စေရေး အတွက်သာမက ပြည်သူလူထုအတွက် ရထားလမ်းစနစ်ပိုမိုကြံ့ခိုင် တောင့်တင်းလာအောင် စီစဉ် ဆောင်ရွက်နေသည့် ဌာနပိုင်လမ်းခင်းကျောက် သယ်ဆောင်သည့် ရထားခရီးစဉ်များကိုပါ ယုတ်မာ ရက်စက်စွာ အကြိမ်ကြိမ် မိုင်းထောင်ဖောက်ခွဲဖျက်စီးမှု ကျူးလွန်နေကြသည့် PDF အမည်ခံ အကြမ်းဖက်သမားများအား ဒေသခံပြည်သူတစ်ရပ်လုံးမှ စက်ဆုပ်ရွံရှာပြီး ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက် ရှုတ်ချလျက်ရှိကြောင်း မြန်မာ့မီးရထားမှ သတင်းရရှိသည်။