အယ်ဒီတာ့အာဘော်
(၂၀၂၃ ခုနှစ်၊ ဧပြီ ၆ ရက်)
ပြည်သူ့အတွက် မြဝတီရုပ်မြင်သံကြား
မြဝတီရုပ်မြင်သံကြားကို ၁၉၉၅ ခုနှစ် မတ် ၂၇ ရက် နှစ် (၅၀) ပြည့် ရွှေရတုတပ်မတော်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယခု ၂၀၂၃ ခုနှစ် မတ် ၂၇ ရက်တွင် (၇၈) နှစ်မြောက် တပ်မတော်နေ့နှင့်အတူ မြဝတီရုပ်မြင်သံကြား၏ မီဒီယာသက်တမ်းသည်လည်း (၂၈) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ ပြန်ကြားပေးရန်၊ ပညာပေးရန်၊ ဖျော်ဖြေပေးရန်၊ စည်းရုံးရန်ဟူသော ရည်ရွယ်ချက်များဖြင့် နိုင်ငံတော်၊ ပြည်သူလူထုနှင့် တပ်မတော်အတွက် တာဝန်ကျေပွန်သော မြဝတီရုပ်မြင်သံကြားအဖြစ် အစဉ်ဆက်လက် ကြိုးပမ်းရပ်တည် လျက်ရှိသည်။
၂၁ ရာစုနှစ် ကမ္ဘာပြုမှုဖြစ်စဉ်များမှ သတင်းမီဒီယာသည် အရေးပါသော အခန်းကဏ္ဍတွင်ရှိနေခြင်းကြောင့် စဉ်ဆက်မပြတ် ပြောင်းလဲ တိုးတက်နေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးရာအဖြာဖြာတို့ကို သတင်းမီဒီယာတို့က မျက်ခြည်မပြတ်စောင့်ကြည့်လေ့လာ အကဲဖြတ်နေကြရမည် ဖြစ်သည်။ ဤသို့ မျက်ခြည်မပြတ် စောင့်ကြည့်လေ့လာအကဲဖြတ်ရာတွင် မီဒီယာသည် ဥပဒေပြုရေး အဖွဲ့ဝင်မဟုတ်သကဲ့သို့ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအဖွဲ့မဟုတ်ဘဲ အခြေအနေမှန်ကို တိကျခိုင်လုံသော အထောက်အထား၊ အကိုးအကားနှင့်တကွ အများပြည်သူ သိရှိကြစေရန်တင်ပြခြင်းနှင့် လမ်းကြောင်းမှန်ကိုရွေးချယ်၍ တရားနည်းလမ်းတကျ လျှောက်လှမ်းကြရန် တိုက်တွန်းခြင်းတို့သည် သတင်းမီဒီယာ၏ အဓိကတာဝန်ဖြစ်သည်။ မြဝတီရုပ်မြင်သံကြားသည် သတင်းမီဒီယာ တာဝန်ကို သမာသမတ်ကျသောနည်းလမ်းဖြင့် ထမ်းဆောင်လျက်ရှိသည်။ သတင်းများကို တိတိကျကျမှန်မှန်အချိန်နှင့် တစ်ပြေးညီ ထုတ်လွှင့်လျက်ရှိသည်။ သတင်းမီဒီယာတို့သည် သတင်းဆက်သွယ်ရေးနည်းပညာ အလျင်အမြန်ထွန်းကားလာသော ယနေ့ခေတ် တွင် သတင်းထူး၊ သတင်းဦးရရှိမှုနှင့် ဖြန့်ဝေနိုင်ရေးကို အပြိုင်အဆိုင် ကြိုးစားနေကြသည်။
စဉ်ဆက်မပြတ်ပြောင်းလဲတိုးတက်နေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးရာအဖြာဖြာတို့ကို ပြည်သူတို့ သိသင့်သည်။ အထူးသဖြင့် နိုင်ငံတကာသတင်းများအား သတင်းထူး၊ သတင်းဦးရရှိရန် သတင်းအချက်အလက် စုဆောင်းရာတွင် ဘာသာစကား တတ်ကျွမ်း နားလည်မှုရှိရမည်ဖြစ်သည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့တွင် နယ်ပယ်အလိုက် ဘာသာရပ်ဆိုင်ရာဝေါဟာရများမှာ ထူးခြားသော အဓိပ္ပာယ်များရှိကြသည်။ ဝေါဟာရတစ်လုံးသည် စာလုံးပေါင်းတူသည်ဖြစ်စေ၊ အသံတူသည်ဖြစ်စေ ဘာသာရပ် အလိုက် အဓိပ္ပာယ်ကွဲပြားသွားသည်။ မြဝတီရုပ်မြင်သံကြားတွင် ဘာသာစကားကျွမ်းကျင်သူများက နိုင်ငံတကာသတင်းများကို ဘက်လိုက်မှုကင်းစွာ ဖော်ပြပေးလျက်ရှိသည်။
မြဝတီရုပ်မြင်သံကြား၏ (၂၈) နှစ်မြောက် နှစ်ပတ်လည်အခမ်းအနား၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မိန့်ခွန်းပြောကြားရာတွင် “ယနေ့ ၂၁ ရာစုတွင် သတင်းစီးဆင်းမှုနှုန်းသည် မြန်ဆန်သောကြောင့် အချိန်နှင့်အမျှ ပြောင်းလဲဖြစ်ထွန်းမှုနောက်ကို မီဒီယာအားကောင်းကောင်းနှင့် လိုက်ပါနိုင် စွမ်းရှိရန် လိုအပ်ကြောင်း၊ အချို့သတင်း မီဒီယာများသည် တိကျမှု၊ ဘက်မလိုက်မှု၊ မျှတမှု စသည့် မီဒီယာကျင့်ဝတ်များကို လိုက်နာမှုမရှိ၊ ကျင့်ဝတ်နှင့်မညီညွတ်စွာ သတင်းများဖော်ပြနေသည်ကို တွေ့ရပါကြောင်း၊ တပ်မတော်၏ပုံရိပ်နှင့် ပြည်သူ့ဆက်ဆံရေးကို ထိခိုက်ကျဆင်းအောင် ပုံဖော်ဆောင်ရွက်နေကြသည်ကိုလည်း တွေ့ရပါကြောင်း၊ မဟုတ်မမှန်စွပ်စွဲ ပြောဆိုမှုများအပေါ် နိုင်ငံပိုင် မီဒီယာများ၊ တပ်မတော်မီဒီယာများက သတင်းမှန်များနှင့် တုံ့ပြန်လုပ်ဆောင် ရမည်ဖြစ်သကဲ့သို့ သမာသမတ်ကျသည့် ပြည်တွင်း၊ ပြည်ပ မီဒီယာများ၏ “အား” ကိုလည်း ရယူနိုင်ရန် ကြိုးစား ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း” ဟူ၍ ထည့်သွင်းပြောကြားခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၁၂) ရပ် ချမှတ်ကာနိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေးကို အားသွန်ခွန်စိုက်လုပ်ဆောင်လျက်ရှိသည်။ မြဝတီရုပ်မြင်သံကြားအနေဖြင့် နိုင်ငံတော် အစိုးရနှင့်တပ်မတော်၏ ဆောင်ရွက်ချက်များကို ပြည်သူများ တိကျမှန်ကန်စွာသိရှိအောင် ပေါင်းကူးတံတားသဖွယ် ဆောင်ရွက်ပေး လျက်ရှိသည်။
ရုပ်မြင်သံကြားဆိုသည်မှာ သုတ၊ ရသဖြစ်ဖွယ် သတင်းအချက်အလက်များ၊ အကြောင်းအရာများကိုရုပ်ရော၊ အသံရောဖြင့်ပါ ထုတ်လွှင့်ပြသနေခြင်းဖြစ်ပြီး ကြည့်ရှုသူပရိသတ်များ၏ စိတ်ကိုဖမ်းစားနိုင်စွမ်းရှိသည့် မီဒီယာပလက်ဖောင်းတစ်ခုဖြစ်သည်။ နောင်တစ်ချိန်တွင် နိုင်ငံတာဝန်ထမ်းဆောင်ကြမည့်၊ နိုင်ငံတော်ကို ထုဆစ်ပုံဖော်ကြမည့်၊ လက်ဆင့်ကမ်းတာဝန်ယူကြမည့် လူငယ် လူရွယ်များ လမ်းမှားမရောက်စေရန်၊ ပညာတတ်သားကောင်းရတနာများ ဖြစ်လာစေရန် ခေတ်နှင့်လျော်ညီသည့် ထုတ်လွှင့်မှု ပုံစံများဖြင့် ထုတ်လွှင့်ရမည်ဖြစ်သကဲ့သို့ လူမှုရေးဦးတည်ချက် ၄ ရပ်ထဲတွင်ပါသည့် “တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားရေးစိတ်ဓာတ်ကို အခြေခံသည့်ကိုးကွယ်ယုံကြည်မှု၊ ယဉ်ကျေးမှု၊ အမျိုးသားရေး စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး” ဆိုသည့် အချက်နှင့်အညီ ထုတ်လွှင့် ပြသနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။