ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်သည့် စာအောင် သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် လူပုဂ္ဂိုလ်တို့အား လှူဒါန်း မည့် စူဠဘွဲ့နှင်း သဘင်အခမ်းအနားကျင်းပ
နေပြည်တော်၊ ဧပြီ - ၆
၂၀၂၂ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင်တော် မူကြသော စာအောင်သံဃာတော်များနှင့် သီလရှင်များအား ဆက်ကပ်လှူဒါန်းမည့် စူဠဘွဲ့နှင်း သဘင်အခမ်းအနားကို ယနေ့နေ့လယ်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ သာသနာ့ဗိမာန်တော်ကြီး၌ ပြုလုပ်ရာ ပုသိမ်မြို့၊ နိဂြောဓာရုံညောင်ပင်သာ ပရိယတ္တိ စာသင်တိုက် ဆရာတော် နိုင်ငံတော် ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိဿုတ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပုသိမ်မြို့၊ နိဂြောဓာရုံညောင်ပင်သာ ပရိယတ္တိစာသင်တိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားသရစ္ဇျာယ်တော်မူသည့် ပရိတ်တရား တော်များကို နာယူကြသည်။
ထို့နောက် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက စာအောင် သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင် ၉၆ ပါး၊ လူပုဂ္ဂိလ် ၁ ဦးတို့ကို သာသနာ ဓဇဓမ္မာ စရိယဘွဲ့၊ ဝိဒူဘွဲ့လက်မှတ်၊ အောင်လက်မှတ်နှင့် လှူဖွယ်ဝတ္တုပစ္စည်းများ အသီးသီး ဆက်ကပ်လှူဒါန်းကြပြီး တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မရမ်းချို ကျောင်းတိုက်၏ ဦးစီးပဓာနနာယက ဆရာတော် အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တသောဘိတထံမှ အနုမောဒနာတရား နာယူကြကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သတင်းရရှိသည်။