အမျိုးသားရေးအကျိုးစီးပွား ဘက်စုံတိုးတက်ရေး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ ၂၀၂၃ ခုနှစ် မတ်လ ၂ ရက် တောင်သူလယ်သမားနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် မိမိတို့နိုင်ငံသည် သဘာဝမြေသယံဇာတ၊ ရေသယံဇာတပေါကြွယ်ဝလျက်ရှိပြီး စိုက်ပျိုးမွေးမြူရေးအတွက် ပြောင်းလဲ ဖြစ်ပေါ်လာသော ရာသီဥတု အခြေအနေအပေါ်မူတည်၍ လိုက်လျောညီထွေသော နည်းပညာများနှင့် ပေါင်းစပ်စိုက်ပျိုးမှုများ ပြုလုပ်ကာ၊ တောင်သူလယ်သမားတို့၏ပေါင်းစည်းအင်အားဖြင့်၊ လယ်ယာကဏ္ဍအပါအဝင် နိုင်ငံတော်၏ အမျိုးသားရေး အကျိုးစီးပွားဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့်တင်၍ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါသည် ဟူ၍ဖော်ပြထားပါသည်။
မြန်မာနိုင်ငံတွင် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ဒေသတစ်ခု ထုတ်ကုန်တစ်မျိုး (One Region OneProduct)နှင့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များနှင့်ဆက်စပ်နေသော အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ(MSME) အောင်မြင်အောင်မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာခြင်းဖြင့် ပါဝင်ဆောင်ရွက်လျက်ရှိသော တောင်သူများ၊ လယ်ယာလုပ်သားများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ သီးနှံတန်ဖိုးကွင်းဆက်တစ်လျှောက် ပါဝင်ပတ်သက် ကြသူများအားလုံး အကျိုးကျေးဇူးကို မျှတစွာ ခံစားကြရမည်ဖြစ်သကဲ့သို့ နိုင်ငံစီးပွားရေးကိုလည်း များစွာအထောက်အကူပြုမည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဒေသတွင်းစားရေရိက္ခာဖူလုံရေးသာမက ပြည်ပပို့ကုန်တိုးမြှင့် တင်ပို့ရန်နှင့် နိုင်ငံစီးပွားရေးဖွံ့ဖြိုး တိုးတက်လာစေရန် လယ်ယာမြေများကို အခြားနည်းဖြင့် သုံးစွဲခြင်းများ မရှိစေရေးနှင့် စိုက်ဧကတိုးချဲ့ရေးကိုဆောင်ရွက်နိုင်ရန် လမ်းညွှန်မှုပြုလျက်ရှိသည်။ မြန်မာနိုင်ငံ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်မှာ ကျေးလက်ဒေသနေပြည်သူများဖြစ်သည့်အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။ ကျေးလက်နှင့်မြို့ပြဖွံ့ဖြိုးတိုးတက်မှု ကွာခြားခြင်း မရှိစေရေးမှာ ကျေးလက်စီးပွားရေးလုပ်ငန်းများ တိုးတက်ရန် လိုအပ်ပေသည်။
စိုက်ပျိုးရေးကဏ္ဍတွင် တစ်ဧကအထွက်နှုန်းတိုးတက်ရေး အလေးပေးဆောင်ရွက်ကြရမည်ဖြစ်သည်။ သီးနှံတစ်ဧက အထွက်နှုန်း တိုးတက်ရေးဆောင်ရွက်ရာတွင် အဓိကအချက်များဖြစ်သည့် မျိုးကောင်းမျိုးသန့်ရရှိရေး၊ သွင်းအားစုများ ဈေးနှုန်းသက်သာစွာ ဝယ်ယူရရှိရေးအတွက် အစိုးရ၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များနှင့် တောင်သူလယ်သမားများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ ရာသီဥတုပြောင်းလဲလာမှုကြောင့် ရေအရင်းအမြစ်များ လျော့ပါးလာမှုကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် တောင်သူလယ်သမားဦးကြီးများ စိုက်ပျိုးရေရရှိရေးကို နည်းမျိုးစုံဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်။
ကမ္ဘာပေါ်တွင် ရာသီဥတုပြောင်းလဲမှု၊ နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် နိုင်ငံအများစု၏ စားရေရိက္ခာ ဖူလုံမှုအပေါ် စိန်ခေါ်မှုများစွာပေါ်ပေါက်လျက်ရှိရာ နိုင်ငံတိုင်းကလည်း စားရေရိက္ခာဖူလုံရေးအတွက် မူဝါဒမျိုးစုံချမှတ်ကျင့်သုံးနေကြသည်။ ထိုအခြေအနေတွင် ကောက်ပဲသီးနှံ၊ ဆန်စပါးတို့ကို အဓိကထုတ်လုပ်သည့် မြန်မာနိုင်ငံအတွက်အခွင့်အလမ်းကောင်းဖြစ်သည်။ ယင်းကိုအသုံးချ၍ ဆန်စပါးကဏ္ဍပိုမိုမြှင့်တင်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ့စီးပွားမြင့်မားလာခြင်းနှင့်အတူ တောင်သူလယ်သမားများဘဝလည်း တိုးတက်လာမည် ဖြစ်သည်။
နိုင်ငံတော်၏ အခြေခံစီးပွားရေးကဏ္ဍကြီးဖြစ်သော စိုက်ပျိုးမွေးမြူရေး ကဏ္ဍမှစားရေရိက္ခာဖူလုံရေးနှင့် အာဟာရပြည့်ဝစွာ စားသုံးနိုင်ရေး၊ အစားအစာ ဘေးကင်းလုံခြုံရေးတို့ကိုအဓိကထား၍ ဖော်ဆောင်ပေးရာတွင် တောင်သူလယ်သမားကြီးများနှင့် ၎င်းင်းတို့မိသားစုများ၏စွမ်းအားသည် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ နိုင်ငံတော်အနေဖြင့် ယင်းကဲ့သို့စွမ်းအားရှင်များ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေးကိုပါ တစ်ပါတည်းဆောင်ရွက်ပေးလျက်ရှိသည်။
နိုင်ငံ၏စီးပွားရေး အခြေအနေကောင်းများ ဖန်တီးနိုင်မှသာလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် တောင်သူလယ်သမားများ၏ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ပြီး တစ်ဦးချင်းဝင်ငွေတိုးတက်စေရန်နှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝနှင့် နိုင်ငံတော်၏ စီးပွားရေးအခြအနေကို ပြန်လည်မြှင့်တင်နိုင်ရန် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ပဲတီစိမ်းနှင့်နွေစပါးစီမံကိန်းကို ရေးဆွဲဆောင်ရွက်လျက်ရှိသည်။ ၂၀၂၂-၂၀၂၃ ခုနှစ်၌ နွေစပါးသီးနှံဧက ၈၅၀၀၀၀ နှင့်ပဲတီစိမ်းသီးနှံဧက ၅၀၀၀၀၀ စိုက်ပျိုးထုတ်လုပ်ခြင်းတွင် ကျပ်ဘီလီယံ ၂၃၀ အား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ သုံးစွဲဆောင်ရွက်လျက်ရှိသည်။ စားရေရိက္ခာဖူလုံရေးနှင့် ပြည်ပသို့ပိုမိုတင်ပို့နိုင်ရေးအတွက် သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေ၍ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း(၂၀၁၈-၂၀၃၀) ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အမျိုးသားရေးအကျိုးစီးပွား ဘက်စုံတိုးတက်လာမည် ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။ ။