Covid-19 ဖြစ်ပွားမှုကြောင့် ဒေသခံတောင်သူများ ရောင်းချရန် အခက်အခဲဖြစ်ပေါ် လျက်ရှိသည့် ရာသီသီးနှံများအား တပ်မတော်က ဆက်လက်ဝယ်ယူ

နေပြည်တော်၊ အောက်တိုဘာ-၃၀

   

ကမ္ဘာ့ကပ်ရောဂါ Covid-19 ရောဂါ ဖြစ်ပွားမှုကြောင့် သွားလာမှုများ ရပ်ဆိုင်းပြီး သီးနှံများ ဝယ်ယူသူနည်းပါးပြီး ဒေသခံတောင်သူများ အနေဖြင့် ရောင်းချရန် အခက်အခဲများဖြင့် သီးနှံများ ပျက်ဆီးဆုံးရှုံးနိုင်သည့် အခြေအနေများ ဖြစ်ပေါ်နေသောကြောင့် နယ်မြေခံ တပ်မတော်သားများက စိုက်ခင်းများသို့ သွားရောက်၍ ရာသီသီးနှံများကို ဒေသခံတောင်သူများ ရောင်းချပေး နိုင်သည့်ဈေးနှုန်းဖြင့် ဝယ်ယူပေးလျက်ရှိသည်။

   

ထိုသို့ဝယ်ယူပေးလျက်ရှိရာ ယနေ့တွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ တောကျယ်လဲပြားကျေးရွာရှိ ဒေသခံ တောင်သူများ၏ စိုက်ခင်းများသို့ သွားရောက်၍ ဒေသခံတောင်သူများ ရောင်းချပေးနိုင်သည့် ဈေးနှုန်းဖြင့် ခရမ်းချဉ်သီး ၂၀၀၀ ပိဿာကို ထပ်မံဝယ်ယူပေးခဲ့သည်။

   

အလားတူ အနောက်တောင်တိုင်း စစ်ဌာနချုပ်အနေဖြင့် အောက်တိုဘာ ၂၈ ရက်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ တောကျယ်လဲပြားကျေးရွာရှိ ဒေသခံတောင်သူများထံမှ မှာယူ ဝယ်ယူခဲ့သည့် ဂေါ်ရခါးသီး ၁၅၄၀၀ လုံးတို့ကို ယနေ့တွင် တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှု အောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များသို့ တပ်မတော် သားမိသားစုဝင်များနှင့် အရပ်သား အစားခန့် ဝန်ထမ်းများ Covid-19 ရောဂါဖြစ်ပွားနေ သော ကာလအတွင်းစားရေး အဆင်ပြေစေရန်အတွက် ယနေ့တွင် သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဝေပေးသည်။

   

ထို့ပြင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့နယ်၊ မှော်ဘီကျေးရွာရှိ တောင်သူများထံမှ ဝယ်ယူခဲ့သည့် ခရမ်းချဉ်သီးများနှင့် တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် စားသောက်ကုန် ပစ္စည်းများကို မိတ္ထီလာမြို့၊ သီရိမင်္ဂလာရပ်ကွက်၊ ထီးသုံးဆင့်ဘုရားရှိ ယာဉ် ရပ်နားကွင်း၌ သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။