တိုင်းပြည်အတွက်တပ်မတော်
မြန်မာ့သမိုင်းဖြစ်ရပ်မှန်များကို ပြန်ပြောင်းလေ့လာကြည့်ပါလျှင် ယနေ့တိုင် ဂုဏ်ယူလေးစားဖွယ် ကောင်းသော ဘုရင်မင်းမြတ်များ ပေါ်ထွန်းခဲ့သလို စိတ်ဘဝင်မရွှင်စရာ အားနည်းသောဘုရင်များလည်း ရှိခဲ့ကြောင်း လေ့လာတွေ့ရှိရပေမည်။ လူသားတိုင်းသည် မိမိတို့နေထိုင်ရာပတ်ဝန်းကျင် သို့မဟုတ် နိုင်ငံကို အစဉ်အမြဲတည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်မှုရှိနေသည်ကိုသာ လိုလားကြသည်။ ထိုသို့ဖွံ့ဖြိုးတိုးတက်အောင် အုပ်ချုပ်နိုင်သော ခေါင်းဆောင်ကောင်းများကိုမျှော်လင့်ကြသည်။ အတိတ်သမိုင်းတွင် အနော်ရထာ၊ ကျန်စစ်သား၊ ဘုရင့်နောင်အလောင်းဘုရား၊ ဆင်ဖြူရှင်တို့ကဲ့သို့ ခေါင်းဆောင်ကောင်းများရှိခဲ့သည့်အတွက် မြန်မာတို့ဂုဏ်ယူဖွယ်ဖြစ်ခဲ့သည်။
အချုပ်အခြာအာဏာကင်းမဲ့သောနိုင်ငံ၊ သူတစ်ပါးတိုက်ရိုက်အုပ်ချုပ်ခြင်းကို လက်ခံနေရသောနိုင်ငံတွင် နေထိုင်ခဲ့ကြရသော လူသားတို့စိတ်တွင် ပျော်ရွှင်လန်းဆန်းမှု ရှိမည်မဟုတ်ပေ။ ကိုယ်ပိုင်အချုပ်အခြာ အာဏာနှင့် သခင်မျိုးဟေ့-ဒို့ဗမာဟူသော ကြွေးကြော်သံကို လှိုင်လှိုင်သုံးကာနေရမည့် ကာလကို မျှော်မှန်းခဲ့ကြသည်။
တိုင်းရင်းသားအပေါင်းတို့က ရရာလက်နက်စွဲကိုင်ကာ တိုက်ပွဲဝင်ခဲ့ကြသော်လည်း လွတ်လပ်ရေးကို ပြန်လည်ရယူရန် ခက်ခဲခဲ့သည်။ အဖြေရှာသော် ခေတ်မီတပ်မတော်တစ်ရပ်မရှိခြင်းကြောင့်၊ မဖွဲ့စည်းနိုင်သောကြောင့်ဟူသော တိတိကျကျ အဖြေထွက်လာသည်။
ထို့ကြောင့် မြန်မာနိုင်ငံကြီး သူ့ကျွန်အဖြစ်မှ လွတ်မြောက်နိုင်ရေးအတွက် သခင်အောင်ဆန်း ဦးဆောင်သော လူငယ် ၃၀ ဦးက တပ်မတော်ဖွဲ့ရန်ကြိုးပမ်းခဲ့ကြသည်။ ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် ထိုသခင်လူငယ်ရဲဘော်သုံးကျိပ်တို့သည် အသီးသီးကိုယ်စီကိုယ်စီ ဗိုလ်ဘွဲ့ခံယူကြကာ ဗမာ့လွတ်လပ်ရေးတပ်မတော်(BIA) စတင်ဖွဲ့စည်းခဲ့ကြသည်။ ဤသည်မှာ လက်ရှိမြန်မာ့တပ်မတော် ပထမဆုံး ပေါ်ပေါက်လာခြင်းအကြောင်းဖြစ်သည်။ တပ်မတော်သည် ခေတ်စနစ်အမျိုးမျိုးတွင် နာမည်အမျိုးမျိုး ပြောင်းလဲခဲ့ရသည်။ မည်သည့်အခြေအနေနှင့် ကြုံသည်ဖြစ်စေ တပ်မတော်သားတို့သည် စည်းလုံးညီညွတ် ကျစ်လျစ်ခိုင်မာမှုဖြင့် နိုင်ငံ့လွတ်လပ်ရေးအတွက် အစဉ်တစိုက် ကြိုးပမ်းခဲ့ကြသည်။
မြန်မာနိုင်ငံသည် လွတ်လပ်သော နိုင်ငံအဖြစ်သို့ ရောက်ရှိချိန်တွင် ပြည်တွင်းသောင်းကျန်းမှုများနှင့် ရင်ဆိုင်ရပြန်သည်။ ပြည်တွင်းသောင်းကျန်းမှု ပေါ်ပေါက်ခဲ့ရခြင်း အကြောင်းရင်းကို ဆန်းစစ်လေ့လာလျှင် နယ်ချဲ့တို့၏ သွေးထိုးလှုံ့ဆော်နှောင့်ယှက်မှုသည် အဓိကအခန်းကဏ္ဍမှပါဝင်ခဲ့သည်။ ပြည်တွင်းသောင်းကျန်းမှုကို ချေမှုန်းနေစဉ်မှာပင် ပြည်ပကျူးကျော်မှုနှင့် ကြုံရပြန်သည်။ အဆိုပါပြည်ပကျူးကျော်မှုကိုလည်း တပ်မတော်သည် ဇွဲ၊ လုံ့လ၊ ဝီရိယကြီးမားစွာဖြင့် တိုက်ခိုက်ခဲ့ရပြန်သည်။ ပြည်တွင်းလက်နက်ကိုင် အဖွဲ့အစည်းများ ရှိနေခြင်းသည် ပြည်သူလူထု၏ လူမှုစီးပွားဘဝမြင့်မားရေးတွင် ကြီးမားသော အတားအဆီးတစ်ခု ဖြစ်နေသည်။
တပ်မတော်သည်ပြည်သူ့အတွက်သာဖြစ်ပေရာ ပြည်သူလူထု၏ လူမှုဘဝအေးချမ်းစွာ နေထိုင်နိုင်ရေး၊ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး၊ ကျန်းကျန်းမာမာ ရှိစေရေးတို့ကို အထူးအလေးထား ဆောင်ရွက်လျက်ရှိသည်။ တပ်မတော်သည် ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေးတာဝန်၊ ပြည်သူ့အကျိုးပြု လုပ်ငန်းတာဝန်များကို ထမ်းဆောင်လျက်ရှိရာ ထိုလုပ်ငန်းတာဝန်အားလုံးမှာ ပြည်သူလူထု၏ ကောင်းကျိုးစီးပွား ဖြစ်ထွန်းရေးအတွက်သာ ဖြစ်သည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေးစနစ်တွေ မည်သို့ပင်ပြောင်းလဲစေကာမူ တပ်မတော်သည် အမျိုးသားနိုင်ငံရေး တာဝန်ဖြစ်သော ဒို့တာဝန် အရေးသုံးပါးကို ထာဝစဉ်ဦးထိပ်ထားကာ ကျင့်သုံးနေမည်ဖြစ်သည်။
မည်သည့်နိုင်ငံရေးစနစ်ကို လျှောက်လှမ်းသည်ဖြစ်စေ နိုင်ငံတည်ငြိမ်အေးချမ်းမှုရှိမှသာ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မည်ဖြစ်သည်။
နိုင်ငံတော်ကိုဘက်ပေါင်းစုံကာကွယ်နိုင်ရန်မှာ တပ်မတော်သည် Standard Army ဖြစ်နေရမည်။ တပ်မတော်သားအားလုံးက ခေတ်မီစစ်လက်နက်ပစ္စည်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ် အသုံးပြုနိုင်ရေးအတွက် အမြဲတမ်းလေ့ကျင့်နေရမည်ဖြစ်သည်။ တပ်မတော်သားတစ်ဦးချင်းက အရည်အချင်း ကိုယ်စီရှိနေမှသာ နိုင်ငံအတွက် အားကိုးအားထားပြုနိုင်သော တပ်မတော်တစ်ရပ်ဖြစ်လာပေလိမ့်မည်။ မြန်မာ့တပ်မတော်၏ မွန်မြတ်သော အစဉ်အလာကောင်းများနှင့် အမျိုးသားနိုင်ငံရေး တာဝန်ထမ်းဆောင်မှုများကို ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားကြရမည်ဖြစ်သည်။
တပ်မတော်သို့ဝင်ရောက်လာကြသူတိုင်းမှာ မိမိတို့၏ကိုယ်ပိုင်ဆန္ဒဖြင့် ဝင်ရောက်လာကြသူများဖြစ်ပေရာ မိမိတို့ဆန္ဒနှင့်အညီ မိမိတို့၏ဘဝတိုးတက်မြင့်မားရေးကို ကြိုးစားကြရမည်ဖြစ်သည်။ စစ်စည်းကမ်းဆိုသည်မှာ တပ်မတော်၏အဓိကကျောရိုးမဏ္ဍိုင်ဖြစ်သောကြောင့် စစ်ဘက်နယ် ဘက်စည်းကမ်းများကို တိတိကျကျ လိုက်နာပြီး မိမိကိုယ်တိုင်နှင့်တပ်မတော်ဂုဏ်သိက္ခာကို မြင့်တင်နိုင်သူများ ဖြစ်အောင် ကြိုးစားကြရမည်ဖြစ်သည်။ ထိုသို့ကြိုးစားသူများကိုတပ်မတော်တွင် အနာဂတ်၏ ခေါင်းဆောင်များအဖြစ် မွေးထုတ်လျက်ရှိသည်။ ယခုအခါ တပ်မတော်(ကြည်း) ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၂၆)သည် သင်တန်းပြီးမြောက်၍ ပြန်တမ်းဝင်အရာရှိအဖြစ် နိုင်ငံ့တာဝန်၊ တပ်မတော်တာဝန်များကို ထမ်းဆောင်ကြရမည်ဖြစ်ပေရာ အနာဂတ်၏ ခေါင်းဆောင်များအဖြစ် ကြိုဆိုပါကြောင်း ရေးသားလိုက်ရပေသည်။ ။