မိုင်းယန်းမြို့နယ်၊ မိုင်းပေါက်မြို့၊ မိုင်းပေါက်-မိုင်းဖျန်ဒေသများရှိ ဒေသခံ တိုင်းရင်းသားပြည်သူများအား “ပန်းခင်း’’ စီမံချက်အဆင့်(၂) အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်

မိုင်းယန်းမြို့နယ်၊ မိုင်းပေါက်မြို့၊ မိုင်းပေါက်-မိုင်းဖျန်ဒေသများရှိ ဒေသခံ တိုင်းရင်းသားပြည်သူများအား “ပန်းခင်း’’ စီမံချက်အဆင့်() အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်

နေပြည်တော်၊ ဧပြီ - ၈

          ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းမြို့နယ်၊ မိုင်းပေါက်မြို့၊ မိုင်းပေါက်-မိုင်းဖျန်ဒေသများရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား “ပန်းခင်း’’ စီမံချက် အဆင့်-၂ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကို ဧပြီ ၇ ရက် နံနက်ပိုင်းတွင် မိုင်းပေါက်မြို့ ခန်းမ၌ ပြုလုပ်ရာ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ UWSA "ဝ" အဖွဲ့မှ တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက် ကြသည်။

          ဦးစွာ တိုင်းမှူးက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ရခြင်းနှင့် ပတ်သက်၍    အဖွင့်အမှာစကားပြောကြားပြီး UWSA "ဝ" အဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဦးလျှောက်မီလျှံက ကျေးဇူးတင်စကားပြောကြားသည်။      ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အသီးသီးပေးအပ်ရာ ဒေသခံတိုင်းရင်းသားပြည်သူများက လက်ခံ ရယူကြပြီး ကွင်းဆင်းဆောင်ရွက်ပြီးစီးခဲ့သည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများအား လူဝင်မှုကြီးကြပ်ရေး ပြည်သူ့အင်အား ဝန်ကြီးဌာန ၊ မိုင်းယန်းခရိုင်၊ ခရိုင်ဦးစီးမှူးက မိုင်းပေါက်မြို့ရှိ တာဝန်ရှိသူတစ်ဦးထံ ပေးအပ်သည်။

          ဆက်လက်၍ ဌာနဆိုင်ရာတာဝန်ရှိသူများက မိုင်းပေါက်မြို့အတွင်းရှိ ဒေသ ၆ ခု တွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပြီးစီးမှု အခြေအနေများအား အသီးသီး ရှင်းလင်းတင်ပြကြသည်။

          မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၊ မိုင်းပေါက်မြို့ မိုင်းပေါက်-မိုင်းဖျန် ဒေသအတွင်းရှိ ဒေသခံတိုင်းရင်းသား ပြည်သူများအား အိမ်ထောင်စု ၉၇၂၂ စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား   ၂၇၈၉၇ ကတ်အား ထုတ်ပေးနိုင်ခဲ့ကြောင်း သတင်း ရရှိသည်။